Friday, December 25, 2015

သမ္မတအထက် ကြိုးဆွဲခြင်း

သမ္မတအထက် ကြိုးဆွဲခြင်း
Thursday, December 24, 2015

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရက်သမားထုကြီး တစ်ရပ်လုံး တစ်ခဲနက် အားပေးထောက်ခံကြသည့် သံချောင်းပါတီ တောင်ပြိုကမ်းပြို အနိုင်ရသွားသည်။ တစ်ကမ္ဘာလုံး မျက်စိလည်သွားသည့် ဇာတ်လမ်းက ဒီကစ၏။
လက်ရှိ အနိုင်ရပါတီကြီးပင်လျှင် သံချောင်းပါတီကို ဒီလောက်ထိ နိုင်လိမ့်မည်ဟု မထင်ထား။ နေရာအတော်များများ နိုင်ခြေရှိသော်လည်း သူတို့ဘက် မှလည်း ခြေကုပ် ယူထားနိုင်ဦးမည်ဟု ထင်ကြ၏။ ဒီလို လျှော့တွက်မိတာ သူတို့အမှား။ သံချောင်းပါတီသည် မဲဆွယ်ကာလ ကတည်းက ‘သံချောင်းဘေးမှာ အမှန်ခြစ်၊ ဘီယာတစ်ခွက်ငါးဆယ်ဖြစ်’ ဟူသည့် ဆောင်ပုဒ်ဖြင့် တောက်လျှောက် စည်းရုံးခဲ့သည်။
ပြိုင်ဘက်ပါတီတွေ ခေတ်ကို မျက်ခြည်ပြတ်သွားပုံရသည်။ မြန်မာနိုင်ငံက ယခင်ခေတ်တုန်းကလို မဟုတ်တော့။ အရက်၊ ဘီယာဈေးကွက်တွေ အားသိပ် ကောင်းလာသည်။ သမ္မတဦးသိန်းစိန်က အရက်အစား နွားနို့သောက်ကြပါဟု မှာကြားပြီးကတည်းက အရက်တွေ ရောင်းအား ပိုကောင်းလာသည်။ အရက်သမားတွေ အရွဲ့တိုက်ပြီး ပိုသောက်လာကြတာ ဖြစ်နိုင်သည်။
လူငယ်ထု၏ သောက်အားကလည်း မသေးလှ။ လူကြီးထု၏ သောက်အားကမူ ပိုတက်လာသည်။ ဒါ့အပြင် ယခင်က ဗိုင်းကောင်းကျောက်ဖိ စတိုင်ဖြင့် အရက်ဆိုင်ရှေ့မှပင် ဖြတ်လျှောက် မသွားရဲကြသည့် အမျိုးသမီးထုကိုလည်း ယခုအခါ အရက်၊ ဘီယာဆိုင် အတွင်း အမျိုးသားများနှင့် ရင်ပေါင်တန်း၍ ခွက်တိုက် မော့နေကြသည်ကို တွေ့ရမည်။
တစ်နိုင်ငံလုံး အရက်ဘက်သို့ ခြေဦး လှည့်နေသည်ကို ရိပ်မိသည့် သံချောင်းပါတီဥက္ကဋ္ဌကြီး ဦးသံချောင်းက ဒီအကွက်ကို နင်းတာဖြစ်သည်။ ပါတီဆောင်ပုဒ် ဖြစ်သည့် ‘ရဲရဲသောက်၊ ရဲရဲမှောက်’ စာသားကို ခိုက်သူတွေ ပါတီဝင်အဖြစ် အလုံးအရင်း ဝင်လာကြသည်။ လူတန်းစားမရွေး အချွန်နှင့် မမည် ... ဟူသည့် ပါတီ ရည်ရွက်ချက်ကလည်း မြန်မာလူထု သည်းခြေကြိုက် ဖြစ်သည်။ ပြီးတော့ ဘီယာဈေးတွေ တစ်ရှိန်ထိုးတက် နေတာကလည်း လူထုအသည်းနာဖွယ်ရာ။
သို့နှင့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲမှာ ကမ္ဘာ့အံ့ဖွယ်ရာအဖြစ် လုံးဝ ဝင်မပြိုင် သည့် သံချောင်းပါတီက ရလဒ် ၉၉ဒသမ၉ ရာခိုင်နှုန်းဖြင့် အပြတ်အသတ် အနိုင်ရရှိသွားတာ ဖြစ်၏။ ဖြစ်ပုံမှာ -
သံချောင်းပါတီ အနေနှင့် ယခုရွေးကောက်ပွဲကို ဝင်မပြိုင်ခဲ့သော်လည်း ပါတီကို ထောက်ခံအားပေးသည့် တစ်နိုင်ငံလုံးရှိ မဲဆန္ဒရှင် ပြည်သူအပေါင်းက မဲလက်မှတ် စာရွက်ပေါ်တွင် သံချောင်းပါတီဟု ကိုယ့်ဘာသာ အမည်ရေး၍ ဘေးမှာ အမှန်ခြစ်တံဆိပ်တုံး ထုခဲ့ကြတာ မို့ပင်။
တခြားပါတီတွေ မဲတစ်ပြားမှမရသည့်အတွက် ရွေးကောက်ပွဲက ဂုဏ်သိက္ခာမဲ့ဖွယ်ရာ ဖြစ်တော့မည်။ ဒါကြောင့် ရွေးကောက်ပွဲကော်မရှင်က အတန်တန် စဉ်းစားဆုံးဖြတ်ကာ ပြည်သူရွေးချယ်သည့် ပါတီက အနိုင်ရရှိကြောင်း ကြေညာ၍ သံချောင်းပါတီဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ထံ တိုင်းပြည်အာဏာ လက်ခံပေးပါရန် လာရောက် ကမ်းလှမ်းရတော့လေသည်။ ကော်မရှင် အမည်ကိုလည်း မဆိုင်းမတွပင် ရွေးသောက်ပွဲကော်မရှင်ဟု အမည်ပြောင်းလိုက်၏။ ဒါက ဖားတာဖြစ်သည်။
နာမည်ကျော် ပါတီကြီးနှစ်ခု အနိုင်ရလိုရငြား ဟိုဘက်ပြေးကပ် ဒီဘက်ပြေးကပ်ဖြင့် ဆိတ်လစိဘဝ ရောက်နေရရှာသူ ခရိုနီအပေါင်းလည်း ရလဒ်ကို အံ့အား သင့်နေချိန်ပင်မရဘဲ ဦးသံချောင်း၏ နေအိမ်သို့ ပုလင်းကြီးပုလင်းငယ် လက်ဆောင်အသွယ်သွယ် ယူဆောင်ကာ အပြေးအလွှား လာရောက် ဂါရဝပြုကြကုန်၏။
ညက ရေချိန်လွန်သွား၍ အရက်နာကျကာ အိပ်ရာမှနိုးလာသော ပါတီ အထွေထွေအတွင်းရေးမှူး လော်ဘီအုတ်ခဲ တစ်ယောက်လည်း မထင်မှတ်သည့် ရလဒ်ကို သိသိချင်း ဆရာသခင် ဦးသံချောင်းနေအိမ်တော် တိုက်အမှတ် ၅၃၊ ဝါးခယ်မလမ်း၊ စမ်းချောင်း မြို့နယ်သို့ ပုဆိုးအနိုင်နိုင် ဝတ်ကာ ကမန်းကတန်း ပြေးရလေ၏။
အိမ်တော်သို့ ရောက်သည့်အခါ ဧည့်ခန်းရှိ ခနော်ခနဲ့ သစ်သားထိုင်ခုံလေးပေါ် ခြေချိတ်ထိုင်ရင်း အကောင်းစား လူဝီစ် (၃၀) အရက်ပုလင်း ထောင်ကာ ဗယာကြော်နှင့် မြုံ့နေသည့် ဦးသံချောင်းကို တွေ့ရလေသည်။ သမ္မတလောင်း ဖြစ်တာမို့ အရင်လို “ဟေ့ သံချောင်း... ငါ့တစ်ခွက်ထည့်ကွာ” ဟု ပြောမရတော့သဖြင့် ဦးညွတ် အရိုအသေပြုကာ မီးဖိုခန်းထဲဝင်၍ သံချောင်းကတော် ဖတ်စ်လေဒီလောင်း ဒေါ်သက်ထားဆွေကို တောင်းပန်ခယပြီး ဝှက်ထားသည့် ဂရန်းရွိုင်ရယ် အမည်း လက်ကျန်နှစ်ပက်ကို တောင်းသောက်ရ၏။
နည်းနည်း အရှိန်ပြေသွားပြီမို့ ဧည့်ခန်းသို့ ပြန်ထွက်ပြီး စနည်းနာကြည့်ရာတွင် ဦးသံချောင်းရှေ့မှာ ကင်မရာအသီးသီး ထောင်၍ အင်တာဗျူးရန် ဝိုင်းရံ နေကြသော မြန်မာသတင်းထောက်များ၊ မျက်နှာဖြူ၊ မျက်နှာနီ၊ မျက်နှာမည်း သတင်းထောက်များကို အလုံးအရင်း တွေ့ရလေ၏။
မျက်နှာဖြူ သတင်းထောက်တစ်ဦးက ဘိုလိုမှုတ်၍ မေးမြန်းရာကို ဘာသာပြန်ကြည့်ရာတွင် -
“မစ္စတာသံချောင်းအနေနဲ့ ယခုလိုမမျှော်လင့်ဘဲ သမ္မတလောင်း ဖြစ်လာတဲ့အပေါ် ဘာများပြောကြား ချင်ပါသလဲ”
“အိုး... ရက်စ်... သပ်ရိုက်... ဘတ်သ်... ကျုပ်က မမျှော်လင့်ဘဲဖြစ်လာတာ မဟုတ်ဘူး။ ဒီလိုပဲ ကျုပ်ကို လာရောက် ကမ်းလှမ်းကြလိမ့်မယ် ဆိုတာ ကြိုတွက်ထားလို့ ငွေအကုန်ခံ ဝင်မပြိုင်ဘဲ အရက်ထိုင်သောက်ရင်း စောင့်နေတာဘာ့စ်”
“အိုး... အမေးဇင်း... မစ္စတာသံချောင်း။ ယူအာရ် ဝစ်စဒန်။ ကွန်ဂရက်ကျူလေးရှင်း။ ဒါနဲ့... သမ္မတဖြစ်လာရင်...”
“အိုး... နိုး... နိုး... ။ အိုင်က သမ္မတမလုပ်ဘူး”
သတင်းထောက်အားလုံး ဝေါခနဲ အံ့ဩသွားကြသံ -
“.... ဝေါ.... ခနဲ...”
“ဘာကြောင့် သမ္မတမလုပ်တာလဲ မစ္စတာသံချောင်း။ ပုဒ်မ ၅၉(စ) နဲ့ ငြိနေတဲ့အချက်များရှိ လို့လား”
“အိုး နိုးနိုး... ၅၉(စလုံး)ဆိုတာ ကျုပ်အတွက် ပမွှားပါ။ ကျုပ်က နိုင်ဂျန်ဂါးသူကို ယူထားတာ မဟုတ်ဘူး။ ကျုပ်က သာယာဝတီသူကို ယူထားတာပါ။ ကျုပ် အဖေနာမည်မခံဘဲ မွေးထားတဲ့ သားသမီးတွေလည်း နိုင်ဂျန်ဂါးမှာ တစ်ယောက်မှ မရှိဘူး။ ကျုပ်က ဆိုးကလဲဗား သန့်ရှင်းသံချောင်းပါ”
“အိုး... အမေးဇင်း ... ဒါဆို ဘာဖြစ်လို့”
“ခြေဥပုဒ်မ ၅၉(ဂ)ကို ပြင်ရမယ်။ ဒါမှ ကျုပ် သမ္မတဖြစ်နိုင်မယ်။ အဲဒီပုဒ်မက ကျုပ်ကို သမ္မတမဖြစ် အောင် တမင်တားဆီးထားတဲ့ အဟန့်အတား တစ်ခုပဲ။ အဲဒီပုဒ်မအရ အသက်လေးဆယ် ပြည့်ပြီးသူမှ သမ္မတ ဖြစ်ရမယ်ဆိုတော့ ကျုပ်က ၃၆ နှစ်ပဲ ရှိသေးတယ်လေ” ဦးသံချောင်း ခွက်မော့ရင်း ခပ်အေးအေး ပြန်ပြော၏။
ပြည်တွင်းပြည်ပ သတင်းထောက်အားလုံး၏ စိတ်ဝင်စားမှုတွေ မြင့်တက်ကုန်သည်။ ပြည်တွင်းက မီဒီယာတစ်ခုက ထမေး၏။
“ဒါဆို ပါတီဥက္ကဋ္ဌ ဦးသံချောင်းအနေနဲ့ ဘယ်သူ့ကို သမ္မတအဖြစ် တင်မြှောက်ဖို့ အစီအစဉ် ရှိပါသလဲ”
ဦးသံချောင်းက လက်ညှိုးလေးကို နှုတ်ခမ်းတွင် တေ့ကာ ရှူး... တိုးတိုး ဟူသည့်ဟန်ဖြင့် -
“ဒါကို အခုအချိန်မှာ ကျုပ် မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ သေချာတာတစ်ခုက အရက်သမားတွေ အားလုံး ထောက်ခံတဲ့ အရက်သမား သမ္မတစစ်စစ် ဖြစ်စေရမယ်ဆိုတာတော့ အာမခံပါတယ်” ဟု ဆိုကာ ဗယာကြော်တစ်တုံးကို ကောက်ဝါးလိုက်ပြန်၏။ ထို့နောက် ဆက်ပြောရာတွင် -
“ကျုပ် သမ္မတမလုပ်ရပေမယ့် သမ္မတရဲ့ အထက်မှာ ကျုပ်ရှိနေမှာပါ... ငှဲငှဲ” ဟူ၏။
သတင်းထောက်များအားလုံး မျက်စိထဲမှာ သမ္မတကို ကုပ်ခွစီးနေသည့် ဦးသံချောင်း၏ စပ်ဖြီးဖြီး မျက်နှာကြီးကို မြင်ယောင်လိုက်ကြ၏။ ပြည်ပ မျက်နှာမည်းသတင်းထောက် တစ်ဦးက -
“ဒါက နိုင်ငံတကာမှာ မရှိ...” ဟု စကားပင် မဆုံးသေး။ ဦးသံချောင်းက သောက်လက်စခွက်ကို ခုံပေါ်ဆောင့်ချကာ -
“နိုင်ငံတကာမှာ မရှိပေမယ့် ဒီနိုင်ငံမှာရှိတယ်။ ဒါကို ခင်ဗျားတို့ သဘောပေါက်။ ကျုပ်ကို ကြိုက်ရင် လာဗျူး။ မကြိုက်ရင် ထွက်သွား။ ဒါပဲ” ဟု ညောင်နာနာဖြင့် ကုန်းအော်လိုက်လေသည်။
သံချောင်းပါတီဥက္ကဋ္ဌကြီး၏ ပြင်းထန်သည့် ပါဝါအာဏာကို ကြောက်ရွံ့ကုန်ကြသည့် သတင်းထောက် အပေါင်း နောက်သို့ တွန့်ကုန်ကာ ဇဝေဇဝါ ငူငူငိုင်ငိုင် ဖြင့် အသာအယာ လစ်ထွက်ကြကုန်သည်။
သတင်းထောက်များ ပြန်နေစဉ် ရေချိန်လွန်နေ ပြီဖြစ်သည့် ဦးသံချောင်းက ဝမ်းခေါင်းသံကြီးဖြင့် အော်ပြောလိုက်သည်မှာ -
“သမ္မတအထက်မှာ ကျုပ်နေမယ်။ ဘယ်နိုင်ငံကို သွားသွား သမ္မတရဲ့ဘေးက ထိုင်ခုံမှာ ကျုပ်လည်း အတူထိုင်နေမယ်။ သမ္မတကို ကျုပ်ပဲကြိုးဆွဲမယ်။ ပရော်ပလမ်...” ဟူ၏။
သမ္မတအထက်မှာ နေမယ်ဟူသည့် ပြင်းထန်သည့် စကားလုံးကြောင့် နိုင်ငံအတွင်းရှိ သမ္မတဖြစ် ထိုက်သော ပညာရှင်ကြီးများ မှာလည်း ဦးသံချောင်းကို မြင်လျှင် တစ်ဆိုင်အကျော်ကပင် ရှောင်ကွင်းကုန်ကြသည်။ ပညာတတ် အရက်သမားကြီးများ ကလည်း “သံချောင်းနဲ့ အတူထိုင်လို့ မဖြစ်တော့ဘူး။ မူးလာရင်း အတင်းကြီး သမ္မတ တက်လုပ်ခိုင်းနေမှ ဒုက္ခ။ စဉ်းစားကြည့်လေ။ သူကြိုးကိုင်မယ့် သမ္မတဆိုတော့ ကျုပ်က ဘာဖြစ်သွားမလဲ” စသည်ဖြင့် အတင်းတုပ်ကာ ဆိုင်ပြောင်း သောက်ကြကုန်သည်။
မည်သို့ပင်ဆိုစေ.. ဦးသံချောင်းက မမှုရေးချ မမှု။ ပါတီအတွင်းရေးမှူးဖြစ်သူ အုတ်ခဲကိုပင် သမ္မတ လောင်းအကြောင်း ထုတ်မပြောပြ။ အုတ်ခဲမှာလည်း မီဒီယာက လာလာမေးသမျှကို “အနော်မတိဘူး... အဲ့နေ့က မူးနေတာ” ဟုသာ ပြန်ဖြေလွှတ်နေရသည်။
ထိုသို့ဖြင့်... လက်ရှိအာဏာရပါတီက အထုပ်သိမ်း အဝတ်အစားလဲကာ ခပ်ကုပ်ကုပ်လေး အိမ်ပြန် ကြကုန်သည်။ တိုင်းပြည်အာဏာကို တောင်ပြိုကမ်းပြို အနိုင်ရထားသည့် သံချောင်းပါတီ လက်ထဲသို့ ဆောင့်ကြီးအောင့်ကြီး ထိုးထည့်ပေးခဲ့လေသည်။ ပြည်တွင်းသာမက ကမ္ဘာက စောင့်ကြည့် လေ့လာနေကြရသည့် ဦးသံချောင်းပြောစကား ပဟေဠိ များမှာလည်း တဖြည်းဖြည်းနှင့် ရုပ်လုံးပေါ်လာခဲ့လေသည်။
ဦးသံချောင်းအကွက်က လှသည်။ ဘယ်လောက်မူးမူး ပြောခဲ့သည့် စကားအတိုင်း လုပ်သည်။ အားလုံး စောင့်ကြည့်နေကြသည့် သမ္မတနေရာကို သူနှင့် ဘီအီးအရက် သောက်ဖော်သောက်ဖက် ဖြစ်သူ အသက် ၆၀ ကျော်အရွယ် ဂိုဒေါင်စောင့် အဘိုးကြီး တစ်ဦးကို တင်မြှောက်လိုက်သည်။ “အသက်ကြီးမှ မသေခင်လေး အရက်ကောင်းကောင်း သောက်နိုင်အောင် ကြည့်ရှုပေးတာ” ဟုလည်း ဆိုသည်။
သမ္မတဖြစ်လာသည့် အဘိုးကြီးက နေပြည်တော် ရှိသမ္မတအိမ်တော်တွင် သွားရောက်နေထိုင်ရသည့် အခါ ဦးသံချောင်းနှင့် သူ၏ကတော် တို့လည်း လိုက်ပါ သွားသည်။ သမ္မတအိမ်တော်ရှိ အပေါ်ဆုံးအထပ်တွင် ဦးသံချောင်းတို့ နေထိုင်ပြီး သမ္မတဖြစ်သူက အောက်တစ်ထပ်တွင် နေထိုင်ရသည်။ ထိုအခါမှ သမ္မတအထက်တွင် သံချောင်းရှိနေမည် ဟူသည့် ပဟေဠိတစ်ရပ် ရှင်းလင်းသွားတော့သည်။
သမ္မတဖြစ်သူ နိုင်ငံရပ်ခြား အစည်းအဝေး ခရီးများ ထွက်ရတော့မည်ဆိုလျှင် ဦးသံချောင်းက ကြိုတင်စုံစမ်းသည်။ အရက်တိုက်မည့်ပွဲများ ဖြစ်ပါက သမ္မတနှင့်အတူ သူပါအတူလိုက်ကာ သမ္မတဘေးတွင် ထိုင်၍ အရက်ကောင်းများကို စိတ်ကြိုက်သောက်သည်။ နိုင်ငံ့အရေးကို ဝင်မစွက်။ အရက်သောက်ရမည့်အရေး ကိုသာ သူစွက်ဖက်သည်။
တစ်နေ့သော်... သမ္မတအိမ်တော်တွင် သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သည်။ ပြည်တွင်းပြည်ပ သတင်းထောက်များ တက်ရောက်လာကြသည်။ သတင်းထောက်တစ်ဦးက ယခုအချိန်ထိ မရှင်းမရှင်းဖြစ်နေသည့် မေးခွန်းတစ်ခုကို ထမေးသည်။
“ပါတီဥက္ကဋ္ဌဦးသံချောင်းက ပြောကြားခဲ့တာ ရှိပါတယ်။ သမ္မတကို သူပဲကြိုးဆွဲမယ် ဆိုတဲ့စကားပါ။ ဒီစကားရဲ့ အဓိပ္ပာယ်ကို သိလိုပါတယ်။ သမ္မတကြီး ဖြေကြားပေးပါ” ဟုဖြစ်သည်။
ညက ဦးသံချောင်းနှင့် အတူသောက်ရင်း ရေချိန်လွန်ကာ အရက်နာကျနေသည့် သမ္မတဖြစ်သူကြီး ခမျာ ရုတ်တရက် ဘာပြန်ဖြေရမှန်းမသိ။ အင်း... အဲ... နှင့် ဖြစ်နေသည်။
“ဒါက... ဒီလိုရှိပါတယ်... ဟိုနင်း... ခုနက ပြော ခဲ့သလိုပေါ့... ဟိုနင်းဖြစ်လာတာပါ... အဲ... ဟို”
ထိုစဉ် သမ္မတဖြစ်သူ၏ ခေါင်းထက်မှ ခေါင်းလောင်းလေးတစ်လုံး ဂလောင်ဂလောင်နှင့် မြည်လာ သည်။ တစ်နေရာရာကို ကြိုးနှင့် သွယ်တန်းထားသည့် ခေါင်းလောင်းလေးဖြစ်သည်။ သမ္မတမျက်နှာ ရုတ်ခြည်း ဝင်းလက်သွားပြီး သတင်းထောက်များကို ပြုံးပြကာ-
“စောနက မေးလိုက်တဲ့မေးခွန်းရဲ့ အဖြေကို အခု သိရတော့မှာပါ” ဟု ပြောလိုက်၏။
ခေါင်းလောင်းသံ ရပ်သွားသည်နှင့် သမ္မတကြီးက ခုံပေါ်ရှိအင်တာကွန်း စက်ကို ဖွင့်လိုက်သည့်အခါ...
“ဟေ့ ... သမ္မတကြီး”
“ခင်ဗျာ... အမိန့်ရှိပါ ဥက္ကဋ္ဌကြီး ဦးသံချောင်း။ ဘာလိုအပ်လို့ ကြိုးဆွဲလိုက်တာပါလဲခင်ဗျ”
“ကျုပ်အခန်းထဲမှာ ဘီယာကုန်ပြီ။ ဘီယာ သုံးလုံးလောက် လာပို့ခိုင်းလိုက်ပါဦး... ဂေ့... အေ့”
“အခုပဲ လုပ်လိုက်ပါ့မယ် ဥက္ကဋ္ဌကြီး... လေးစားပါတယ် ခင်ဗျ”
အပေါ်ထပ်တွင် နေထိုင်သော ပါတီဥက္ကဋ္ဌကြီး ဦးသံချောင်းအမိန့်ကို တလေးတစား နာခံနေသည့် သမ္မတကြီးကို မြင်လိုက်ရသူ သတင်းထောက်အပေါင်း၏ ရင်ထဲမှာ ကြိုးဆွဲခြင်း ဟူသည့် ပဟေဠိတစ်ရပ် ရှင်းလင်းသွားခဲ့လေပြီ။
လွန်တာရှိ ဝန္ဒာမိပါ အရပ်ကတို့...

(ပြန်ကြားရေးဝန်ကြီးလောင်း)
လော်ဘီအုတ်ခဲ
သံချောင်းပါတီ (TCP)
thevoicemyanmar.com

No comments: