Monday, December 21, 2015

ရန်ကုန်တွင် မော်တော်ယာဉ် လိမ်လည်မှု စံချိန်တင် -----------------------------------------------------------

ရန်ကုန်တွင် မော်တော်ယာဉ် လိမ်လည်မှု စံချိန်တင်
-----------------------------------------------------------

ရန်ကုန်၊ ဒီဇင်ဘာ ၂၀
ကိုယ်ပိုင်ယာဉ်နှင့် အငှားယာဉ်များကို ယာဉ်ပိုင်ရှင်များထံမှ လပေးစနစ်ဖြင့် စပေါ်တင် ငှားရမ်းခဲ့သူများယာဉ်များကို ပေါင်နှံခြင်း  ရောင်းချခြင်းများကြောင့် ယာဉ်ပိုင်ရှင်များက  တိုင်ကြားခဲ့ရာ ယခုနှစ်တွင် တိုင်ကြားမှုပေါင်း ၉၅ မှုအထိ စံချိန်တင်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

“တစ်လစာ စပေါ်တင်ပြီး ကားငှားခဲ့သူတွေက ယာဉ်ပိုင်ရှင်ထံ ကားပြန် မအပ်  တော့ဘဲ အပြင်မှာ ကားပေါင်စား တာ၊ ရောင်းစားတာတို့တွေ ဒီနှစ်ထဲမှာ ဆက်တိုက်ဖြစ်လာတယ်၊ အမှုဖွင့်ခံရသူ တချို့ဆို တစ်ယောက် တည်း ကားအစီး ၂၀လောက်ကိုရောင်းချခဲ့ပြီး ထွက်ပြေးနေသူတွေ ပါဝင်နေတယ် ၊ မနှစ်ကဆို ဒီအမှုမျိုး မရှိသလောက် အဖြစ်နည်းခဲ့ပေမယ့် ဒီနှစ်မှာ နေရာအနှံ့ ဆက် တိုက်ဖြစ်နေတယ် ” ဟု အဆိုပါ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

လပေးစနစ်ဖြင့် တစ်လစာ စပေါ်ငွေ ယူပြီး မော်တော်ယာဉ် ပေးအပ်ခဲ့ရာမှ လိမ်လည်ခံရမှု မြို့နယ် ၂၄ မြို့နယ်တွင် ဖြစ်ပွားခဲ့ပြီး မရမ်းကုန်း၊ တာမွေနှင့် ကြည့်မြင်တိုင်တို့တွင် တစ်မြို့နယ်လျှင် ၇ မှုစီဖြင့်အများဆုံး ဖြစ်ပွားခဲ့ကြောင်း၊ ပန်းဘဲတန်း၊ ဗဟန်းနှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် ခြောက်မှုစီဖြင့် ဒုတိယ အများဆုံး လိမ်လည်ခံမှု ဖြစ်ပွားခဲ့ကာ အငှားယာဉ်အများစု လိမ်လည် ခံရကြောင်း မှုခင်း စာရင်းများ အရ သိရှိရသည်။

လိမ်လည်ခံရသော သည့် မော်တော်ယာဉ်ပိုင်ရှင်များက ယာဉ်အမျိုးအစား အလိုက် တစ်လလျှင် ကျပ် သုံးသိန်းမှ လေးသိန်းခွဲအထိ တစ်လစာ စပေါ်ငွေယူပြီး ယာဉ်ငှားရမ်းမည့်သူနှင့် အငှားစာချုပ် ချုပ်ဆိုကာ ယာဉ်ပေးအပ်ခဲ့ကြောင်း၊ ယင်းနောက် စာချုပ်သက်တမ်းပြည့်ချိန် ငှားရမ်းခဲ့သူမှာ ယာဉ်အပ်နှံခြင်း မရှိဘဲ တိမ်းရှောင်နေမှုကြောင့် ယာဉ်ပိုင်ရှင်များက ရဲစခန်းများတွင် မိမိပိုင်ယာဉ် ပြန်လည်ရရှိရေး အတွက် လိမ်လည်သူများကို စုံစမ်း ဖော်ထုတ်အရေးယူပေးရန် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

“မတ်တူးရွှေငါးကို တစ်လ လေးသိန်းခွဲနဲ့ တစ်နှစ်ကျော်ကြာ ငှားခဲ့သူတဲ့ မမောင်းချင်တော့လို့ ကားပြန်လာ အပ်တယ်၊ ပြန်လာအပ်ချိန်မှာ သူ့မိတ်ဆွေတစ်ယောက်က ကားကို ဆက်ငှားချင်လို့၊ ယုံကြည်ရကြောင်း အာမခံ ပြောပေးခဲ့လို့ နောက်ငှားမယ့်သူနဲ့ ကားအငှားစာချုပ် ချုပ်ဆိုပြီး ထပ်ငှား လိုက်တယ်၊ ကားငှားသွားသူက တစ်လကျော်သွားပေမယ့် ကားပြန်လာမအပ်သလို ငွေလည်း လာမသွင်းတော့ ဘဲ ရှောင်နေလို့ ဒီဇင်ဘာလ ၁၉ ရက်နေ့က ပုစွန်တောင်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်  ” ဟု  မတ်တူး ရွှေငါး မော်တော်ယာဉ် အလိမ်ခံရသူ အသက် ၅၇ နှစ် ယာဉ်ပိုင်ရှင် အမျိုးသားက ပြောကြားသည်။

No comments: