Wednesday, December 9, 2015

သုံးနှစ်အရွယ်ကလေး အဓမ္မပြုကျင့်ခံရမှု တရားရုံးက မှန်ကန်စွာစစ်ဆေးပေးရန်တောင်းဆို

သုံးနှစ်အရွယ်ကလေး အဓမ္မပြုကျင့်ခံရမှု တရားရုံးက မှန်ကန်စွာစစ်ဆေးပေးရန်တောင်းဆို

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် စမ်းကြီးရပ်ကွက်တွင်နေထိုင်သော အသက် ၃ နှစ်အရွယ် မိန်းကလေးကို အသက် ၆၀ ကျော်အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ခဲ့မှုနှင့် ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် တရားရုံးက မှန်ကန်စွာ စစ်ဆေးပေးရန် အဓမ္မပြုကျင့်ခံရသော ကလေး၏ မိသားစုက ယနေ့ (ဒီဇင်ဘာလ ၉ ရက်) နံနက်ပိုင်းက မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုပြောကြားခဲ့သည်။

"အမှုဖြစ်တုန်းက အဓမ္မပြုကျင့်မှုနဲ့ အမှုသွားဖွင့်တာ စခန်းက ကြံစည်မှုနဲ့ပဲ အမှုဖွင့်ပေးတယ်။ တရားရုံးရောက်တော့လည်း တရားသူကြီးက ကျူးလွန်တဲ့သူကို အာမခံပေးလိုက်တယ်။ အမှုမှန်ပေါ်ဖို့ သံသယဖြစ်စရာတွေ တွေ့လို့ ကလေးရဲ့ ရှေ့ရေးကိုတောင်မငဲ့နိုင်ဘဲ သတင်းစာရှင်းလင်းပွဲလုပ်ပြီးတောင်းဆိုတာပါ" ဟု ကလေးငယ်၏ အဘိုးတော်စပ်သူ အသက် ၅၀ ခန့် ဦးငွေဘော်က ဆိုသည်။

တရားစွဲဆိုခံထားရသည့် အသက် ၆၃ နှစ်အရွယ် ဦးမျိုးမြင့်မှာ အဆစ်အမြစ်ကိုက်ခဲသော ဝေဒနာရှိသဖြင့်  မော်လမြိုင်ခရိုင်တရားရုံးမှ အမှုစစ်တရားသူကြီး ဦးသန်းအောင်က စက်တင်ဘာလ ၂၉ ရက်နေ့ ရုံးချိန်းတွင် အာမခံပေးလိုက်ကြောင်း၊ လက်ရှိအချိန်အထိ အမှုနှင့် ပတ်သက်ပြီး ရုံးချိန်း ၁၅ ချိန်းခန့်ရှိပြီဖြစ်သော်လည်း ပြစ်မှုကျူးလွန်သူကို စွဲချက်မတင်နိုင်သေးကြောင်း ၎င်းက ပြောဆိုသည်။

“ဒီအမှုကို အမှန်အတိုင်းပေါ်ဖို့ သက်ဆိုင်တဲ့ ဌာနဆိုင်ရာက လူကြီးတွေ ဝိုင်းဝန်းကူညီပေးဖို့ မျှော်လင့်တယ်၊ ကူညီပေးနိုင်မယ့် လူမှုအဖွဲ့အစည်းတွေကိုလည်း ကြိုဆိုပါတယ်” ဟု အဆိုပါအမှုကို   ကူညီဆောင်ရွက်ပေးသော  မွန်ပြည်နယ်လုံး ဆိုင်ရာ အမျိုးသမီးများနှင့် ကလေးသူငယ်များ စွမ်းရည်မြှင့်တင်ရေး ရှေ့ဆောင် အသင်းမှ ဥက္ကဋ္ဌဒေါ်ခင်သန်းထွေးက ပြောကြားသည်။

တရားလိုပြ သက်သေ မှုခင်းဆရာဝန်က ကလေးမှာ မူလအပျိုဘဝကို ပြန်မရနိုင်ဟု ထွက်ဆိုခဲ့ကြောင်း၊ အဆိုပါအမှုကို ဆက်လက်စစ်ဆေးရန် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။

No comments: