Wednesday, December 9, 2015

အစိုးရလက်ကျန်သုံးလအတွက် ကျောက်စိမ်းမြေမှ သောက

ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများမှ မြေစာများကို သယ်ဆောင်လာသော မြေသယ်ယာဉ်ကြီးများအား နိုဝင်ဘာ၂၆ရက်က တွေ့ရစဉ် (ဓာတ်ပုံ−စိုးဇေယျာထွန်း/ရိုက်တာ)



ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲပြီးနောက်ပိုင်းကာလများက  မြန်မာတစ်နိုင်ငံလုံးတော ရောမြို့ပါမကျန်
ရွေးကောက်ပွဲရလဒ်ကို ရင်ခုန်ခြင်းအပါအဝင် အကြောင်းပြချက်မျိုးစုံဖြင့် လှုပ်လှုပ်ရှားရှားဖြစ်ခဲ့သည်။
ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရရှိပြီးနောက် သမ္မတဦးသိန်းစိန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊  အငြိမ်းစားဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေတို့နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် နိုင်ငံရေးအခြေအနေ အပေါင်းလက္ခဏာဆောင်နေသည်။ ဦးသိန်းစိန်အစိုးရကလည်း အနိုင်ရဒီချုပ်ပါတီကို သတ်မှတ်ထားသည့်ကာလအတွင်း အာဏာလွှဲပြောင်းရေးအတွက် ကတိပေးကာ လုပ်ဆောင်နေသည်။ ပြည်သူလူထုက ၎င်းတို့ အနိုင်ရစေချင်သည့်ပါတီ အနိုင်ရသွားခြင်းနှင့်အတူ အစိုးရအပြောင်းအလဲကို ငြိမ်ငြိမ်သက်သက် စောင့်ကြည့်နေသည်။ သို့သော်ရွေးကောက်ပွဲရလဒ်ကြောင့်ပင် ယခင်ထက်ပို၍ လှုပ်လှုပ်ရှားရှားဖြစ်နေသည့် ဒေသတစ်ခုရှိနေသည်။

ကမ္ဘာကျော်ကျောက်စိမ်းမြေ ဖားကန့်ဒေသဖြစ်သည်။

Global Witness က ၂၀၁၄ ခုနှစ် တစ်နှစ်တာအတွင်းပင် ဖားကန့်ဒေသမှ ကျောက်စိမ်းကုမ္ပဏီများက အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံတန်ကြေးရှိ ကျောက်စိမ်းကီလို ၁၆ သန်းကျော် ထုတ်ယူခဲ့ကြောင်း  အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

နေ့ရောညပါ ဖုန်တထောင်းထောင်းထနေကာ မြေသယ်ကားကြီးများ၊ ဘက်ဟိုးများလွန်းထိုးနေခဲ့သည့် ဖားကန့်မြေတွင် ရွေးကောက်ပွဲရလဒ်ထွက်ပေါ်လာပြီးနောက် အစိုးရအပြောင်းအလဲမ ဖြစ်မီကာလအတွင်း ကုမ္ပဏီများက ကျောက်စိမ်းတူးဖော်မှုများပိုမို ပြုလုပ်လာကြကြောင်း ဒေသခံများကပြောဆိုနေကြသည်။ စစ်အစိုးရအသွင်ပြောင်း သမ္မတဦးသိန်းစိန်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားနှင့် အသားကျနေခဲ့သည့်
ကျောက်စိမ်းကုမ္ပဏီများက အနိုင်ရလာသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည့်အစိုးရသစ်လက်ထက် မရောက်မီအတွင်း ကျောက်စိမ်းတူးဖော်မှုကို အင်တိုက်အားတိုက် လုပ်ဆောင်နေကြသောကြောင့်
ဒေသအနာဂတ်အတွက် စိုးရိမ်နေရကြောင်းဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းများနှင့် ဖားကန့်ဒေသခံများက ပြောသည်။


ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်တစ်ခုမှ မြေစာသယ်သောကားများကို နိုဝင်ဘာလနောက်ဆုံးပတ်က တွေ့ရစဉ် (ဓာတ်ပုံ-မရန်)

သမ္မတဦးသိန်းစိန်အစိုးရသက်တမ်းသည် ၂၀၁၆ မတ်လ ၃၁ရက်တွင် ကုန်ဆုံးပါတော့မည်။ သက်တမ်းအားဖြင့် သုံးလကျော်သာကျန်တော့သည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မည့် အစိုးရလက်ထက်မရောက်မီ အကျိုးစီးပွားကိုသာ အလေးထားသောကျောက်စိမ်း ကုမ္ပဏီအချို့ကြောင့် အဖိုးတန်သယံဇာတများကာလတိုအတွင်း ကုန်ဆုံးသွားမည်ကိုဒေသခံများ စိုးရိမ်ပူပန်နေခြင်းဖြစ်သည်။

ကချင်အမျိုးသားဒီမိုကရေစီကွန်ဂရက်ပါတီအတွင်းရေးမှူးဦးအောင်လက ‘‘ကျွန်တော့်မျက်မြင်ပဲ။ တရုတ်ပြည်ကနေ ကားကြီးတွေ အစီးသုံးဆယ်လောက်ဖား ကန့်ဘက်ပြန်ဝင်သွားတယ်။ မြေစာသယ်ဖို့ပေါ့။ အာဏာအပြောင်းအလွှဲမလုပ်ခင်မှာ မြန်မြန်လေး တတ်နိုင်သလောက် တူးယူမယ့်ပုံစံရှိပါတယ်’’ဟုပြောကြားသည်။

ဖားကန့်တွင် ကျောက်စိမ်းကုမ္ပဏီများခြေလှမ်းကျဲကျဲဖြင့် နေ့ရောညပါ ကျောက်တူးနေကြသည်ကို ဦးအောင်လအပြင် ဇာတိမြေကိုချစ်သော ကျောက်စိမ်းလောကသားများကလည်း အတည်ပြုပြောဆိုကြသည်။ အစိုးရက လက်လွတ်စပယ်မနေဘဲ ဝင်ရောက်ထိန်းကျောင်းပေးစေလိုကြသည်။ တရားဝင်လမ်းကြောင်းမှသွားလာနေခြင်းအပြင် တရုတ်နိုင်ငံသို့လည်း
မှောင်ခိုလမ်းကြောင်းမှ ပို့ဆောင်မှုပိုမိုများပြားနေကြောင်း ပြောကြသည်။

‘‘ကိုယ့်ဒေသမှာ နိစ္စဓူဝ ကားတွေနဲ့ အခေါက်ခေါက်အခါခါ သယ်နေတာတွေ့မြင်နေရတာ စိတ်မကောင်းဘူး။ ကိုယ့်အသားကို လှီးယူနေတာ ခံရနေသလိုနာကျင်တယ်’’ဟု ဖားကန့်မြို့ ဆိပ်မူရပ်ကွက်နေသူတစ်ဦးက ပြောသည်။
မြေသယ်ယာဉ်ကြီးများစက် ယန္တရားကြီးများဖြင့် နေ့ရောညပါ မြေစာတူးဖော်နေခြင်းကို လွန်ခဲ့သောနှစ်ပေါင်း
များစွာကတည်းက လုပ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး လာမည့်အစိုးရသစ်လက်ထက်တွင် ဒေသတွင်းသယံဇာတကို စနစ်တကျ ထုတ်ယူသုံးစွဲရာ၌ ဒေသခံများ အကျိုးရလဒ်ခံစားရမည့် မူဝါဒများချမှတ်ပေးစေလိုကြောင်း ဖားကန့်နှစ်ခြင်းအသင်းတော်သင်းအုပ်ဆရာတော် ဦးဘီတူးဂျာကပြောသည်။

‘‘အစိုးရအပြောင်းအလဲ ဖြစ်လာမှာကတော့ ကျွန်တော်တို့အတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာတာ အမှန်ပဲ။ ဒီကာလအတွင်းမှာ ပိုတူးနေ၊ ပိုထုတ်ယူနေတယ်ဆိုတာမျိုးကတော့ ကျွန်တော်တစ်ယောက်တည်းအနေနဲ့မဟုတ်ဘူး ပြောရမှာပါ။ ဒီအချိန်ကတော့လုပ်ကိုလုပ်ရမယ့်အချိန်ပဲလေ။ မိုးတွင်းဆို အလုပ်မဖြစ်သလောက်နားနေရတာကိုး’’ဟု ကျောက်စိမ်းကုမ္ပဏီ
တစ်ခုမှ မန်နေဂျာတစ်ဦးက ပြောသည်။

ဖားကန့်ဒေသခံ ကိုအောင်သက်ပိုင်က ‘‘လုပ်ကွက်တွေ ပိုအလုပ်များနေတယ်။ အခုတလောပေါ့။ နေ့ဆိုင်း၊ ညဆိုင်းမနားရဘူး။ ဘက်ဟိုးတွေလည်း ပိုများလာတာ။ အခုက မန္တလေးဘက်က သိပ်မဆင်းဘူး။ ကန်ပိုက်တီဘက် သွားတာပိုများတယ်’’ဟုဆိုသည်။

တူးဖော်ထားသည့်ကျောက်စိမ်းများကို ကျောက်စိမ်းတူးဖော်ရေးဌာန(လုံးခင်း)တွင် မှတ်ပုံတင်၍ နေပြည်တော်သို့ပို့ဆောင်ကာ ထိုမှတစ်ဆင့် ကျောက်မျက်ရတနာပြပွဲပြုလုပ်ရောင်းချခြင်းသည် တရားဝင်လုပ်ငန်းစဉ်ဖြစ်သည်။ သို့သော်မှောင်ခိုလမ်းကြောင်းများဖြစ်သည့် ပန်ဝါ၊ ကန်ပိုက်တီး၊ လွယ်ဂျယ်လမ်းကြောင်းများမှသယ်ဆောင်၍ တရုတ်နိုင်ငံသို့ ရောင်းချခြင်းများလည်းရှိနေသည်။ ယခင်ကရှိခဲ့သလို ယခုအခါ ပိုမိုဆိုးရွားလာနေသည်ဟု
ဒေသခံများကပြောကြသည်။

ကချင်ပြည်နယ် ဒီမိုကရေစီပါတီမှ ဦးနော်ဆန့်က ‘‘ဒေါ်အောင်ဆန်းစုကြည်အစိုးရတက်လာပြီဆိုရင် ဒီဒေသရဲ့ သယံဇာတထုတ်နေတဲ့အပိုင်းကို တင်းတင်းကျပ်ကျပ်လုပ်လို့ရှိရင် နဂိုကလိုပေါချောင်ကောင်းမရတော့ဘူး။ အဲဒီတော့ သူတို့(ကျောက်စိမ်းကုမ္ပဏီများ) ကတော့ အလွန်အကျွံလုပ်မှာပဲ။ ကျွန်တော်တောင်သူငယ်ချင်းတွေကိုပြောထားသေးတယ်။ မင်းတို့ ဒီအတောအတွင်းမှာ ကျောက်စိမ်းတွေ သွားဝယ်တဲ့အခါရေမဆေးကုန်းမှာ ၂၄နာရီရှိနေကြလို့။ ဘာကြောင့်လဲဆိုရင် ကုမ္ပဏီတွေက သုံးလအတွင်းမှာ ပြီးစလွယ်သာမန်ကာလျှံကာလုပ်မှာလေ။ ကောင်းတဲ့ဟာပဲ ရွေးပြီးသိပ်မကောင်းတဲ့ဟာတွေ ပစ် ပစ် ပစ်ဆို ကျောက်တွေလျှံထွက်လာမယ်လေ’’ဟု လက်တွေ့အခြေအနေကို ဟာသနှောပြောသည်။

ကမ္ဘာကပင် စိတ်ဝင်တစား နှင့် ဝမ်းနည်းကြောင်း သဝဏ်လွှာပို့ခဲ့ကြသည့် ဖားကန့်ဒေသမှ လူပေါင်းရာချီသေဆုံး
စေခဲ့သော မြေပြိုမှုအတွက် သမ္မတဦးသိန်းစိန်ပြောဆိုခဲ့သော သဝဏ်လွှာအတွက်လည်း ဒေသခံများက မချင့်မရဲဖြစ်ခဲ့ကြသည်။ နိုင်ငံတော်သမ္မတထံဒေသတွင်းအစိုးရက သတင်းအမှန်မတင်ပြသောကြောင့် သမ္မတက မြေပြင်အခြေအနေမှန်ကိုမသိဘဲ ပြောဆိုသုံးသပ်သွားခြင်းဖြစ်နိုင်သည်ဟု ဒေသခံများကယူဆနေသည်။

ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်အများအပြားရှိသည့် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုအတွင်းရှိ
ပေတစ်ထောင်ခန့်အမြင့် မြေစာပုံ နိုဝင်ဘာ ၂၁ရက် ကပြိုကျခြင်းဖြစ်ပြီးလူပေါင်း ၁၁၄ ဦးထက်မနည်းသေဆုံးခဲ့သည်။ အခင်းဖြစ်ပွားပြီး ၁၅ရက် ကြာမှသာ နိုင်ငံတော်သမ္မတက ဝမ်းနည်းကြောင်းပြောကြားခြင်းနှင့် နောက်တစ်ကြိမ်
ထပ်မံမဖြစ်အောင်မည်ကဲ့သို့ စီမံချက်ချလုပ်ဆောင်မည်ကို ရှင်းရှင်းလင်းလင်းမပြော။ ဒဏ်ရာဗရပွဖြစ်နေသော ကမ္ဘာကျော်ဖားကန့်မြေကို မည်သို့ကယ်တင်သွားမည်ဟူသော ကတိကဝတ်မပါ။


ကျောက်စိမ်းတူးဖော်မှုမှ မြေစာများကို သယ်ယူနေသော ကားကြီးများ (ဓာတ်ပုံ-မရန်)





ဒေသခံကျောက်ရောင်းဝယ်ရေးလုပ်ငန်းရှင်ကိုလွင်မောင်မောင်က ‘‘အခု ကျောက်ကုမ္ပဏီ ကြီးတွေက အစိုးရသစ်မတက်ခင် အရင်ကထက်ပို လက်လွတ်စပယ် လုပ်နေတာတွေကို သမ္မတကလုံးဝကို တားဆီးမယ်ဆိုတဲ့ စကားလေးတွေတစ်လုံးမှ မပါတဲ့အတွက် စိတ်တကယ်မကောင်းပါဘူး’’ဟုဆိုသည်။

ယခင်အစိုးရအဆက်ဆက်ကပင် နိုင်ငံတော်နှင့်အကျိုးတူ လုပ်ငန်းလုပ်ရမည်ဟူသော စီမံချက်ဖြင့် အစိုးရနှင့် ကုမ္ပဏီများ လက်ဝါးချင်းရိုက်ထင်တိုင်းကြဲခြင်းခံခဲ့ရသည့် ဖားကန့်မြေအတွက် ကယ်တင်ရှင်မှာ မရှိသေးသည့်အခြေအနေ
ဖြစ်သည်။ဒေသခံနိုင်ငံရေးပါတီများနှင့် လူမှုရေးအဖွဲ့အစည်းများ၊ ဇာတိချစ်သူများက တည်ဆဲအစိုးရလက်ကျန်သက်တမ်း
အတွင်း ဖားကန့်မြေလုံးပါးပါးမသွားစေရေး ဆန္ဒရှိကြသော်လည်း ဒေသတွင်းအုပ်ချုပ်ရေးပိုင်းတွင် လူထု၏သောကအား
ဖြေဖျောက်ပေးနိုင်မည့် အရိပ်အယောင်မတွေ့ရသေးပေ။ လူရာချီသေဆုံးမှုဖြစ်စဉ်ကို လေ့လာသည့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ဖားကန့်ဒေသတွင် ကျောက်စိမ်းလုပ်ကွက်၊ တူးဖော်နေသည့် ကုမ္ပဏီ၊ စက်ယန္တရား အင်အားမည်မျှရှိသည်ကို ပြည်နယ်အစိုးရအနေဖြင့် အတိအကျ မသိဟုပြောဆိုထားရာဖားကန့်ဒေသရှေ့ရေးသည် လုံးပါးပါးဖွယ်ရာသာရှိနေသည်။

တည်ဆဲအစိုးရလက်ကျန် သက်တမ်းအတွင်းကျောက်စိမ်းတူးဖော်မှုများ ပိုမိုပြုလုပ်နေသည်ကို မည်ကဲ့သို့ထိန်းချုပ်မည်လဲဟူသောအမေးကို ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူးက ‘‘အဲဒါမျိုးကျ ဘာမှတ်ချက်မှ၊
ဝေဖန်ချက်မှပေးလို့မရတော့ဘူး။ ပြည်သူလူထုနဲ့ ပတ်သက်ပြီးတော့ မထိခိုက်ဖို့ အန္တရာယ်မရှိဖို့ဘဲ လူထုဘက်က ရှိတာလေ။ တူးတာတွေ၊ဖော်တာတွေ ရောင်းတာတွေ၊ ချတာတွေကျတော့ လက်လှမ်းမမီတော့ဘူး’’ဟုဆိုသည်။

ကချင်ပြည်နယ်အခြေစိုက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိတစ်ဦး၏ တုံ့ ပြန်ဖြေကြားချက်ကလည်း ဖားကန့်နောင်ရေးရင်အေးစရာမရှိပေ။

‘‘အဲဒါနဲ့ ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူး။ ကျွန်တော်တို့က ဒီဒေသလုံခြုံရေးပါပဲ။ သူတို့ဘာသာ သူတို့ကျောက်တူးတူး၊ မတူးတူး။ အဲဒါတွေကျ ကျွန်တော်တို့နဲ့မဆိုင်ဘူး။ အဓိကက ပြည်နယ်အစိုးရကိုင်မှာပေါ့လေ။ ပြည်နယ်အစိုးရခွင့်ပြုမှ လုပ်လို့ရတာပါ’’

ဗြိတိန်နိုင်ငံအခြေစိုက် Global Witness ၏ မြန်မာ့ကျောက်စိမ်းနှင့်ပတ်သက်သော အစီရင်ခံစာတွင်မူ မြန်မာနိုင်ငံအစိုးရအရာရှိကြီးများ၊ တပ်မတော် နှင့် ဒေသတွင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကပါ ကျောက်စိမ်းထုတ်ကုန်အပေါ်အာရုံကျခဲ့သည်ဟု ဝေဖန်ထားသည်။

ကချင်ပြည်နယ် သတ္တုနှင့် သစ်တောဝန်ကြီးဦးအောင်နိုင်၏ ကိုယ်ရေးအရာရှိ ဦးသိန်းသန်းစိုးက ဖားကန့်ဒေသတွင် ရွေးကောက်ပွဲကာလနောက်ပိုင်း ကျောက်စိမ်းတူးဖော်မှုပိုမိုပြုလုပ်လာသည်ဆိုသည့်အပေါ်
ငြင်းဆန်သော်လည်း အစိုးရအပြောင်းအလဲအတွက် ကျောက်စိမ်းကုမ္ပဏီအချို့ စိုးရိမ်မှုရှိနေသည်ကိုမူ လက်သင့်ခံကြောင်းပြောကြားသည်။

‘‘ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ အစိုးရတစ်ခုတော့ပြောင်းသွားတယ်။ အပြောင်းအလဲမှာ သူတို့ဘာတွေဖြစ်လာနိုင်မလဲ။ ကုမ္ပဏီဘက်ကသူတို့ဘာသာ သူတို့ ခန့်မှန်းပြီးတော့ သေချာတဲ့အချိန်မှာ လုပ်တယ်ဆိုတဲ့သဘောမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါသူတို့အမြင်ပေါ့။ ဒါကအရပ်သားအပြောပါဗျ။ ဒါက ကျွန်တော်လည်းပြောရတော့ ခက်ပါတယ်’’ဟုပြောသည်။

မှောင်ခိုလမ်းကြောင်းမှ သယ်ဆောင်ရောင်းဝယ်ကြသည်ဆိုသည့် သတင်းများအပေါ် ဦးသိန်းသန်းစိုးက ယခုကဲ့သို့မှတ်ချက်ပြုသည်။

‘‘တရားမဝင်သယ်တယ်ဆိုတော့ စီးပွားဖြစ်သယ်တာတော့ အဲဒီလိုမျိုးတော့မသိဘူး။ ဒါပေမဲ့ ဆိုင်ကယ်လေးတွေနဲ့သော်လည်းကောင်း၊ ကားအသေးလေးတွေနဲ့ တချို့တော့ မသမာတဲ့နည်းနဲ့လူဆိုတာ
ကောင်းတာလုပ်တာရော၊ မကောင်းတာလုပ်တာရောရှိမှာပါဗျ။ တအားကြီးတော့ ဟော့ဟော့ရမ်းရမ်းကြီး
လုပ်လို့မရပါဘူး’’ဟု ပြောသည်။

စနစ်တစ်ခုအတွင်း နှစ်ပေါင်းများစွာမှောင်ခိုဈေးကွက်အားကောင်းခဲ့သည့်  ဖားကန့် ကျောက်စိမ်းဈေးကွက်သည်
ပြောင်းလဲတော့မည့်နိုင်ငံရေးစနစ်နှင့်အတူ အပြောင်းအလဲကာလသို့ ရောက်လာတော့မည်ဟု ကျောက်စိမ်းမြေကို
ချစ်သော ဒေသခံလူထုက ယုံကြည်နေပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မည့်အစိုးရ၏ အပြောင်းအလဲကာလသို့မရောက်မီ ရက်ပေါင်းတစ်ရာခန့်အတွင်း ဖားကန့်မြေမှ ကျောက်စိမ်းမြေများ တရားလွန် တူးဖော်ထုတ်ယူနေကြမည့်မြင်ကွင်းများကို မမြင်လိုပါဟုပြောကြသည်။

ဖားကန့်မြေတွင်တော့ ဆောင်းဦးကာလ၏ ခြောက်သွေ့နေသော လမ်းများပေါ်၌ အဝါရောင်မြေသယ်ကားကြီးများ
မြေစာအပြည့်တင်ဆောင်၍ နေ့ရောညပါလွန်းထိုးသွားလာနေကြသောကြောင့် ဖုန်အလိမ်းလိမ်းဖြင့် အသက်ရှူကျပ်နေဆဲဖြစ်ပါသည်။


No comments: