နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် မူဘောင်တစ်ရပ်အတည်ပြု
နေပြည်တော်၊ဒီဇင်ဘာ၁၅
လာမည့်နှစ်ဆန်းပိုင်းတွင် ကျင်းပပြုလုပ်ရန်လျာထားသော နိုင်ငံရေးဆွေးနွေးပွဲအတွက် နိုင်ငံရေးမှုဘောင်တစ်ရပ်ကို နှစ်ရက်ကြာကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း မြန်မာငြိမ်းချမ်းရေးနှင့်ပြန်လည်ထူထောင်ရေးစင်တာ၏ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကပြောကြားသည်။
အဆိုပါမှုဘောင်ကို ဒီဇင်ဘာ ၁၆ရက်နေ့တွင် နိုင်ငံတော်သမ္မတထံ ပေးအပ်သွားမည်ဖြစ်ကြောင်း ဦးလှမောင်ရွှေကပြောသည်။
ယင်းအပြင် ဆွေးနွေးမှုရလဒ်များအရ နိုင်ငံရေးမူဘောင်တွင် အားလုံးပါဝင်သော ငြိမ်းချမ်းရေးညီလာခံတစ်ရပ်ကျင်းပရန်လည်း သဘောတူညီမှုရရှိခဲ့ကြောင်း ၎င်းကဆိုသည်။
အဆိုပါနိုင်ရေးမှုဘောင်သည် လာမည့်ဇန်နဝါရီလ၂ရက်နေ့တွင် ကျင်းပရန်လျာထားသည့် နိုင်ငံရေးဆွေးနွေးပွဲအတွက် လုပ်ဆောင်ရမည့်မူဝါဒများဖြစ်ကြောင်း အဆိုပါအစည်းအဝေးတက်ရောက်ခဲ့သူများထံမှသိရှိရသည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲတွင် NLD နှင့် နိုင်ငံရေးပါတီများပါဝင်လာခြင်းသည် ညှိနှိုင်းမှုပိုမိုအဆင်ပြေကြောင်း ဦးလှမောင်ရွှေကပြောကြားသည်။
UPDJC အစည်းဝေးကိုနေပြည်တော်ရှိ Hotel Zone Lake View တွင် ဒီဇင်ဘာ ၁၄နှင့်၁၅ရက်တွင် ပြုလုပ်ခဲ့ပြီး ယနေ့(ဒီဇင်ဘာ၁၅) ညနေပိုင်းတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။
ရှင်းလင်းပွဲသို့ နိုင်ငံရေးပါတီအစုအဖွဲ့ကိုယ်စား NLD ပါတီမှ ဦးဉာဏ်ဝင်း၊ တိုင်းရင်းသားလက်နက်ကိုင်များကိုယ်စား ဒေါက်တာဆလိုင်းလျှန်မှုန်းဆာခေါင်းနှင့် ဦးလှမောင်ရွှေတို့တက်ရောက်ခဲ့သည်။
လက်ရှိအချိန်တွင် NLD အနေနှင့် ငြိမ်းချမ်းရေးကိစ္စတွင် ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်ရန် ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ညွန်ကြားထားကြောင်း ဦးဉာဏ်ဝင်းကပြောသည်။
ယင်းသို့ NLD မှပါဝင်ဆောင်ရွက်လာခြင်းကြောင့် တိုင်းရင်းသားလက်နက်ကိုင်များအနေနှင့် ကျေးဇူးတင်ရှိပြီး လက်မှတ်မထိုးရသေးသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း ပါဝင်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲတွင် ထည့်သွင်းစီစဉ်ထားကြောင်း ဒေါက်တာဆလိုင်းလျှန်မှုန်းဆာခေါင်းကဆိုသည်။
အဆိုပါ UPDJC စုံညီအစည်းဝေးတွင် နိုင်ငံရေးဆွေးနွေးပွဲတက်ရောက်မည့် ကိုယ်စားလှယ်များနှင့်ပတ်သက်၍ အတည်ပြုဆုံးဖြတ်ရာသဘောတူညီမှုရရှိခဲ့ကြောင်း အဆိုပါအစည်းအဝေးတက်ရောက်သူများကဆိုသည်။
ထို့အပြင် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင်အထူးကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့်ရရေးနှင့်ပတ်သက်၍လည်း အဆိုပါ UPDJC စုံညီအစည်းအဝေးတွင်ဆွေးနွေးခဲ့သည်။
အဆိုပါနိုင်ငံရေးဆွေးနွေးပွဲများတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စများကို ဆွေးနွေးကြမည်ဖြစ်ပြီး နိုင်ငံရေးအခန်းကဏ္ဍတွင် ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေးကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းကပြောကြားထားသည်။
လက်ရှိတွင်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၈ဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းရုံး(KNU) ၊ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU။ KNLA-PC)၊ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော်(DKBA)၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) နှင့်ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့က အောက်တိုဘာ၁၅ရက်နေ့တွင်အစိုးရနှင့် သဘောတူလက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။
အဆိုပါ NCA စာချုပ်တွင် စာချုပ်လက်မှတ်ရေးထိုးပြီး ရက်ပေါင်း၉၀အတွင်း နိုင်ငံရေးဆွေးနွေးပွဲများစတင်လုပ်ဆောင်ရန်ဖော်ပြပါရှိပြီး နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်တွင် အားလုံးပါဝင်ရေးမူကိုအခြေခံ၍အစိုးရအဖွဲ့၊ လွှတ်တော်နှင့်တပ်မတော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ကိုယ်စားလှယ်များ၊ တရားဝင်နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် အခြားပါဝင်သင့်ပါဝင်ထိုက်သူများပါဝင်ရမည်ဟုဖော်ပြပါရှိသည်။
ထို့အပြင် ပြည်ထောင်စုညီလာခံမှထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်များအပေါ်အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင်ဥပဒေများကို လိုအပ်သလိုပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့်ပယ်ဖျက်ခြင်းများကို လုပ်ထုံး၊ လုပ်နည်းနှင့်အညီပြုလုပ်ရန် သဘောတူထားသည်။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, December 16, 2015
နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် မူဘောင်တစ်ရပ်အတည်ပြု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment