Wednesday, December 16, 2015

သုံးစွဲရန်မသင့်သည့် ငွေစက္ကူဟောင်းနွမ်းများ ဖျက်ဆီးမှု ကျပ်သန်းခုနစ်သောင်းကျော်ရှိ

သုံးစွဲရန်မသင့်သည့် ငွေစက္ကူဟောင်းနွမ်းများ ဖျက်ဆီးမှု ကျပ်သန်းခုနစ်သောင်းကျော်ရှိ

မန္တလေး ဒီဇင်ဘာ ၁၅

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အများပြည်သူသုံးစွဲရန် မသင့်သည့် ငွေစက္ကူဟောင်းနွမ်းအစုတ်အပြဲများကို ဖျက်ဆီးမှုများရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၅ ခုနှစ် ဧပြီလ မှ အောက်တိုဘာလအထိ သုံးစွဲရန်မသင့်သဖြင့် ဖျက်ဆီးမှု ကျပ်သန်း ၇၃၅၃၆ ဒသမ ၂၅ ရှိကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မှုအစီရင်ခံစာအရ သိရသည်။

သုံးစွဲရန်မသင့်သည့် ငွေစက္ကူများကို ပိုလာဓားစက်ဖြင့် ဖျက်ဆီးမှုရှိသည့်အပြင် သဘာဝဓါတ်ငွေ့ဖြင့် ဖျက်ဆီးကာ ပျော့ဖတ်ဖျော်ပြီး စွန့်ပစ်အသုံးချစက္ကူ ထုတ် လုပ်မှုလည်းရှိသဖြင့် ဓားစက်ဖြင့် မဖျက်ဆီးဘဲ ပျော့ဖတ်များထုတ်လုပ်သင့်ကြောင်း မြစ်သားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်လင်းက အကြံပြုပြောကြားသည်။

ပြည်တွင်းလည်ပတ်နေသည့် ငွေစက္ကူဟောင်းနွမ်းအစုတ်အပြဲများကို ဖျက်ဆီးပစ်သင့်ပြီး ယင်းသို့ ဖျက်ဆီးပစ်လိုက်သည့်ငွေစက္ကူတန်ဖိုး အစားထိုးလဲလှယ်သည်မှာ ပုံမှန်လုပ်ထုံးလုပ်နည်းသာဖြစ်ကာ လည်ပတ်နေသည့်ငွေကြေးပမာဏ လျှော့ချလိုပါက ဖျက်ဆီးသည့် ငွေစက္ကူတန်ဖိုးအတွက် အစားမထိုးသည့်အခြေအနေအလည်းရှိတတ်ကြောင်း စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ဆိုသည်။

ဟောင်းနွမ်းငွေစက္ကူများကို သတ်မှတ်ချက်နှင့်အညီ ဗဟိုဘဏ်က လဲလှယ်ပေး သော်လည်း ပိုက်ဆံအပြဲ နှင့် ဟောင်းနွမ်းငွေစက္ကူများကို မူလတန်ဖိုးအတိုင်းမဟုတ်ဘဲ တန်ဖိုးလျှော့ကာ လဲလှယ်ပေးသူများ ရပ်ကွက်အတွင်းမကြာခဏလာတတ်ကြောင်း အောင်မြေသာစံမြို့နယ်အတွင်း နေထိုင်သည့်ဒေသခံအချို့က ဆိုသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေး ဘဏ်ခွဲ)တွင် ဟောင်းနွမ်းစုတ်ပြဲသည့် ငွေစက္ကူများကို တန်ဖိုးတူလဲလှယ်ပေးမှုရှိကြောင်း အဆိုပါဘဏ်ထံမှ စုံစမ်းသိရှိရသည်။


No comments: