Thursday, December 3, 2015

နိုင်ငံတော် အစိုးရအနေဖြင့် ကာကွယ် ဆေးထိုး လုပ်ငန်းအတွက် အမေရိကန် ဒေါ်လာ (၆ ဒသမ ၇) သန်းခန့် ကုန်ကျရန် လျာထားသည့် အတွက် ကလေးတစ်ဦးကို (၇) ဒေါ်လာခန့် ကုန်ကျခံသွားမည်ဖြစ်

နိုင်ငံတော် အစိုးရအနေဖြင့် ကာကွယ် ဆေးထိုး လုပ်ငန်းအတွက် အမေရိကန် ဒေါ်လာ (၆ ဒသမ ၇) သန်းခန့် ကုန်ကျရန် လျာထားသည့် အတွက် ကလေးတစ်ဦးကို (၇) ဒေါ်လာခန့် ကုန်ကျခံသွားမည်ဖြစ်

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် ပြည်သူများ၏ ကျန်းမာရေး အဆင့်အတန်းကို အာဆီယံနိုင်ငံများ၏ အဆင့်အတန်းနှင့် နိုင်ငံတကာ အဆင့်အတန်း မီအောင် တိုးတက်မြင့်မား လာစေရေး၊ နိုင်ငံတော်၏ ဦးစားပေး ကျန်းမာရေး ပြဿနာများကို ဖြေရှင်းနိုင်ရေး၊ မြို့ပြနှင့် ကျေးလက်ဒေသ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် လျော့နည်းစေရေး၊ ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ ပြည့်မီရေး၊ ပြည်သူဗဟိုပြု ကျန်းမာရေး ဝန်ဆောင်မှု စနစ်ဖွံ့ဖြိုး တိုးတက်လာစေရေး စသည့် မူဝါဒများချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယနေ့နံနက် (၈) နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေး ဝန်ကြီးဌာနတွင် ကျင်းပသော "ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်တွင် ပိုလီယို ကာကွယ်ဆေးထိုးဆေး အသစ်ထည့်သွင်း ထိုးနှံခြင်း အထိမ်းအမှတ် အခမ်းအနား"တွင် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော် အနေနှင့် ကျန်းမာရေးအသုံး စရိတ်ကို (၂၀၁၅-၂၀၁၆)ဘဏ္ဍာနှစ်တွင် ယခင်(၂၀၁၀-၂၀၁၁) ဘဏ္ဍာရေးနှစ် ကထက် (၈ဒသမ၇)ဆခန့် ပိုမိုသုံးစွဲနိုင်ပြီး ကျန်းမာရေး ၀န်ကြီးဌာန ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းသည် ၂၀၁၅ခုနှစ် မေလမှစတင်၍ မြန်မာနိုင်ငံ တစ်ဝန်း လုံးရှိ ကလေးငယ်များအား ကူးစက် ရောဂါပိုး(၉)မျိုးမှ ကင်းဝေးစေရေးအတွက် ကာကွယ် ဆေးထိုးနှံ တိုက်ကျွေးပေးလျက် ရှိပါကြောင်း။

ပိုလီယိုကာကွယ် ဆေးမပေါ်မီက ကလေးအားလုံးလိုလို ပိုလီယိုရောဂါကူးစက် ခံရပြီး ကလေး(၂၀၀)ဦးတွင် (၁)ဦးမှာ အကြောသေ ရောဂါဖြစ်ပွား ခဲ့ပါကြောင်း၊ ၁၉၈၈ ခုနှစ်တွင် နိုင်ငံပေါင်း(၁၂၅)နိုင်ငံမှာ ပိုလီယို အရိုင်းပိုး ကူးစက်ဖြစ်ပွားခဲ့ရာမှာ ကလေးပေါင်း တစ်သိန်း သုံးသောင်း ငါးထောင် ဦးခန့်သည် အကြောသေပြီး မသန်စွမ်းသည့် ဘ၀သို့ ရောက်ရှိခဲ့ပါ ကြောင်း၊ ၂၀၁၂ ခုနှစ် မေလတွင် ကျင်းပသော ကမ္ဘာ့ကျန်းမာရေး ညီလာခံမှ ပိုလီယိုလုံးဝ ပပျောက်ရေးလုပ်ငန်း မဟာဗျူဟာစီမံကိန်း(၂၀၁၃ မှ ၂၀၁၈) Polio Eradication End Game Strategic Plan (2013-2018)ကို နည်းဗျူဟာ (၄)ခု ချမှတ်၍ ရေးဆွဲခဲ့ပါကြောင်း။

ထိုသို့ဆောင်ရွက်ခဲ့သည့် အတွက် ၂၀၁၅ခုနှစ်အတွင်း ပိုလီယိုအရိုင်းပိုး တွေ့ရှိ သည့်နိုင်ငံ (၂) နိုင်ငံသာကျန်ရှိပြီး ဖြစ်ပွားသူ(၃၆)ဦး တွေ့ရှိသည်အထိ အောင်မြင်ခဲ့ သည်ကို တွေ့ရှိရပါကြောင်း၊ ပိုလီယိုရောဂါကို ၂၀၁၈ ခုနှစ်တွင် တစ်ကမ္ဘာလုံး ပပျောက်စေရန် ကမ္ဘာ့ နိုင်ငံများနည်းတူ မြန်မာနိုင်ငံအနေဖြင့် ရည်ရွယ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာ နိုင်ငံကို ပိုလီယို ရောဂါအရိုင်းပိုး လုံးဝကင်းစင်သည့် နိုင်ငံဖြစ်ကြောင်း ၂၀၁၄ ခုနှစ် မတ်လ ၂၇ ရက်တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ အသိအမှတ် ပြုကြေညာမှုကို ရရှိခဲ့ပါကြောင်း၊ ထိုအခြေအနေကို ဆက်လက် ထိန်းသိမ်းသည့် အနေနှင့် နည်းဗျူဟာများ အနက် ပိုလီယို ရောဂါပိုး အမျိုးအစား(၃)မျိုး စလုံးပါဝင်သော Trivalent OPV(tOPV)ကို သုံးစွဲလျက် ရှိရာမှ ပိုလီယိုရောဂါပိုး အမျိုးအစား(၂)မျိုးပါဝင်သော Bivalent OPV(bOPV)ကို  ၂၀၁၆ ခုနှစ် ဧပြီလကုန်တွင် ပြောင်းလဲ သုံးစွဲခြင်းနှင့် မပြောင်းလဲမီ (၅)လ အလိုတွင် ပိုလီယို ရောဂါပိုး အမျိုးအစား(၃)မျိုးစလုံးပါဝင်သော ပိုလီယို ကာကွယ်ဆေး ထိုးဆေး(Inactivated Polio Vaccine-IPV)ကို ထပ်မံ ထည့်သွင်းထိုးနှံခြင်း လုပ်ငန်းများ ပါဝင်ပါကြောင်း။

မြန်မာနိုင်ငံတွင် ပိုလီယိုရောဂါ ကာကွယ်ဆေး ထိုးဆေး (IPV) စတင်ထည့်သွင်း ထိုးနှံခြင်းလုပ်ငန်းအား စတင် ဆောင်ရွက်ရာတွင် ၂၀၁၅ခုနှစ် ဒီဇင်ဘာလ ပုံမှန် ကာကွယ် ဆေးထိုး အစီအစဉ်မှာ ပိုလီယို ကာကွယ်ဆေး ဒုတိယအကြိမ် ရရှိရန် လာရောက် သည့် အသက်(၄)လအရွယ် ကလေးများအားစတင်၍ နောက်လများတွင် လစဉ် ဆက်လက် ထိုးနှံသွားမှာ ဖြစ်ပါကြောင်း။

ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့် ကာကွယ်ဆေး ထိုးလုပ်ငန်းကို ဦးစားပေးလုပ်ငန်း အနေဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်ကုန်အထိ နိုင်ငံတော် အစိုးရ၏ ထည့်ဝင်ငွေနှင့် GAVI Vaccine Alliance တို့၏ ပံ့ပိုးငွေတို့ဖြင့် ပုံမှန် ကာကွယ် ဆေးထိုး အစီအစဉ်တွင် ကာကွယ်ဆေးအသစ်များ ပိုမိုထည့်သွင်းထိုးနှံနိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်တွင် ပြင်းထန် အဆုတ်ရောင် ရောဂါ ကာကွယ် ဆေးအသစ်(Pneumococcal Conjugate Vaccine-PCV 10)ကို ထပ်မံထည့်သွင်းထိုးနှံ သွားမည်ဖြစ်ပါကြောင်း။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော် အစိုးရက ကာကွယ်ဆေး ထိုးလုပ်ငန်းအတွက် ကုန်ကျရန် လျာထားသည့် ငွေကြေးသည် အမေရိကန်ဒေါ်လာ (၆ဒသမ၇)သန်း ခန့်ရှိသည့်အတွက် ကလေးတစ်ဦးအတွက် (၇)ဒေါ်လာခန့် ကုန်ကျခံသွား မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘာ့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့တို့ မှ တာဝန်ရှိသူများ၊ ပိုလီယို ကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေတို့အား ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု ၀န်ကြီးနှင့် ဧည့်သည် တော်များသည် ကာကွယ်ဆေး ထိုးလုပ်ငန်းနှင့် ပတ်သက်သည့် ပြခန်းငယ်အား ကြည့်ရှု အားပေးကြသည်။

No comments: