လှိုင်သာယာတွင် ဓားရှည်နှင့် လှံများကိုင်ဆောင် ၍ ဝင်ရောက်လာသူများကို ဖမ်းမိ
-------------------------------------------------
ရန်ကုန်၊ ဒီဇင်ဘာ ၂၀
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၃) ရန်ကုန်-ပုသိမ်ကားလမ်းနှင့် ဗန်းမော် အတွင်းဝန် လမ်းထောင့်တွင် ဒီဇင်ဘာလ ၁၉ ရက် မွန်းလွဲ ၁ နာရီက ရပ်ကွက်နေ ပြည်သူများ အထိတ်တလန့် ဖြစ်စေသည့် ဓားရှည်နှင့် လှံများ ကိုင် ဆောင်ကာ ဝင်ရောက်လာသော အမျိုးသား ခြောက်ဦးကို ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်မြောက် ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
“လူမိုက်အဖွဲ့လက်နက်တွေကိုင်ဆောင်ပြီးရပ်ကွက်ထဲ ရောက်နေတယ်လို့ ပြည်သူတစ်ယောက်က သတင်းပေးလို့ ပိတ်ဆို့ပြီး ဖမ်းဆီးခဲ့တာ၊ ဘာရည်ရွယ် ချက်နဲ့ ရပ်ကွက်ထဲ လက်နက်တွေကိုင်ပြီး ရောက်လာတယ်ဆိုတာကို စစ်ဆေးနေဆဲပါ ” ဟု လှိုင်သာယာ မြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူး သန်းမြင့်ဦး က ပြောကြားသည်။
အဆိုပါ ရပ်ကွက်အတွင်း ဓားရှည်နှင့် လှံများ ကိုင်ဆောင်ကာ ဝင်ရောက် လာသူ ခြောက်ဦးမှာ ယင်းမြို့နယ်တွင် နေထိုင်သူများဖြစ်သော အသက် ၂၉ နှစ် အရွယ်ရှိ ၄၂ နှစ်ကြားရှိ အမျိုးသားများဖြစ်ကြောင်း၊ ၎င်းတို့ထံမှ သုံးပေကျော် ဓားရှည် ၄ ချောင်းနှင့် လှံတံတစ်ချောင်းကို သိမ်းဆည်းရမိကာ ယခင်ပြစ်မှုများ ကျူးလွန်ခဲ့ခြင်း ရှိမရှိကို စစ်ဆေးနေပြီး (ပ) ၁၉၉၈။ ၁၅၊ လက်နက်များ အက်ဥပဒေ ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
မြန်မာနိုင်ငံတစ်ဝန်း လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှုများ အပါအဝင် ပြစ်မှုမျိုးစုံ အများဆုံး ဖြစ်ပွားနေသော ရန်ကုန်တိုင်းဒေသကြီးရှိ လှိုင်သာယာမြို့နယ်တွင် မှုခင်းကျဆင်းရေးအတွက် ၂၀၁၄ ခုနှစ် စက်တင်ဘာလမှ စတင်ကာ ခရိုင်အဆင့် လုံခြုံရေးကို ဆောင်ရွက်ခဲ့ပြီး လူဆိုးလူမိုက် ဂိုဏ်းအဖွဲ့များ ကို ဖော်ထုတ်ဖမ်းဆီး အရေး ယူမှုများ အရှိန်မြှင့်တင် ဆောင်ရွက်နေကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
No comments:
Post a Comment