ပြောင်မှ အေး
|| စိုပြေ ||
အခုတလော လူတွေ ဖားကန့်မှ ဖားကန့် ဖြစ်နေကြပြန်သည်။ အရင်လို ကျောက်သွားတူးမလို့တော့ မဟုတ်။ တရုတ်က ကားပေါင်းများစွာဖြင့် ကျောက်တွေတူးပြီး လာသယ်နေသောကြောင့် ဖြစ်သည်။
အစိုးရမပြောင်းခင် အပြောင်ရှင်းနေတာ၊ ဖားကန့်တော့ ပြောင်ပါပြီ။ ဘာညာ စသည်ဖြင့် လူတိုင်းလိုလို ဝေဖန်ကြ၏။ တကယ်ဆို ကျောက်စိမ်းတွေ ဘာလုပ်ဖို့တုံး။ ကုန်ပစေပေါ့။ သယံဇာတဆိုတာ ကျိန်စာပဲ။ စိုပြေဆိုလျှင် ဖားကန့်က ကျောက်စိမ်းတင်မက မိုးကုတ်က ကျောက်နီတွေပါ လာတူးစေချင်သည်။
လွန်ခဲ့သော ဆယ်နှစ်ကျော် လောက်ကအထိ နာမည်ကြီးခဲ့ဖူးသော ဖားကန့်၊ သို့မဟုတ် မှော်။ အခုတစ်ဖန် ပြန်လည် နာမည်ကြီးလာပြီ။ ဟိုးတုန်းကတော့ စွန့်စားချင်သူ လူငယ်များအကြား နာမည်ကြီးခဲ့သည်။ မှော်ထဲမှာ ကျောက်သွားတူး။ သူဌေးဖြစ်။ အိပ်မက်တွေ မက်ရန်အတွက်။ အဲ့တုန်းကတော့ စိုပြေလည်း ဖားကန့်ကို ကျောက်တူးရန် သွားခဲ့ဖူးသည်။
သို့သော်လည်း စိုပြေက အရောက် နောက်ကျသွားသည်။ တစ်နိုင်တစ်ပိုင် ကျင်းလေးတွေ တူးခွင့်မပေးတော့။ ကုမ္ပဏီကြီးတွေသာ တူးခွင့်ရှိသည်။ စိုပြေတို့မှာ ကျောက်ထွက်သည့် တောင်တွေနားပင် ကပ်လို့မရတော့။ အနားကပ်တာနှင့် ကုမ္ပဏီက သူခိုးဆိုပြီး ဖမ်းတတ်သည်။ အဲ့တော့ စိုပြေ့မှာ ရေမဆေးကျောက်လေး ရှာရသည်။ ရေမဆေးကျောက် ဆိုတာက ကုမ္ပဏီကြီးတွေ စိတ်ကြိုက်ရှာဖွေ၊ ဘာမှမကျန်တော့မှ မြေကြီးတွေနှင့် ကျောက်မဟုတ်သည့် ကျောက်တွေ လာပစ်၊ အဲ့တော့မှ အလုအယက် ရှာရတာ။
အရမ်းအန္တရာယ်များသည်။ ဟိုးပေတစ်ထောင်လောက် ရှိသည့် မြေစာပုံကြီးပေါ်က ကျောက်တုံးတွေ လိမ့်ဆင်းလာတာကို ရှောင်ရင်းရှားရင်း ကျောက် ဟုတ်မဟုတ် စိန်တူနဲ့ ထုပြီးရှာရတာ။ မှော်ထဲတွင် တွေ့သမျှ ကျောက်တုံးတိုင်း ကျောက်စိမ်းမဟုတ်။ အဲ့လိုရှာရင်း ကျောက်ပိပြီး သေသူလည်း မနည်း။ ကျိုးသူတွေလည်း တော်တော်များသည်။ ကျောက်တွေ့လျှင်လည်း ထမ်းရပိုးရသေး။ ပြီးတော့ ကိုယ်တိုင် သွားမရောင်းနိုင်တော့ ကောက်ရိုးလော့ပန်က ဈေးနှိမ်ပြီးဝယ်။ တော်တော်လေး ပင်ပန်းပါသည်။ ရန်ကုန်သားဖြစ်သော စိုပြေမှာ အဲ့လိုအလုပ်တွေ မလုပ်နိုင်။
အဲ့တော့ ကျောက်ပွဲစားလုပ်သည်။ ပွဲတိုက်ရင်း တစ်ထောင်မျှပင် မတန်သည့် ဆားကျောက်လေး ပျောက်လေရာ စုထားသမျှ ပိုက်ဆံ ငါးသောင်းလောက် လျော်လိုက်ရသည်။ ထို့ကြောင့် ကျောက်လောကကို စိတ်နာပြီး ဖားကန့်အောက်ဘက် ဆည်ဇင်းကို ဆင်းကာ ရွှေသွားတူးတော့သည်။ နောက်ဆုံး ငှက်ဖျား အကြီးအကျယ်ဖြစ်လေရာ မပြန်လျှင် သေဖွယ်သာ ရှိတော့သမို့ ရွှေတစ်မတ်သား လောက်လေး လက်မှာစွပ်ပြီး ရန်ကုန်ကို ပြန်ခဲ့ရတော့သည်။ ၂၀၀၇ ခုနှစ်ပေါ့။
တကယ်တော့ အဲ့တုန်းကတည်းက ဖားကန့်က တော်တော်လေး ပြောင်နေပါပြီ။ တူးကြတာလည်း နေ့ရောညပါ။ လိုဏ်ခေါင်းဖောက် တူးတာရော။ ခေါင်းပေါင်းကျင်းပြီး လှိုက်တူးတာရော။ ကားတွေဆိုတာလည်း နည်းတာမှ မဟုတ်တာ။ ရန်ကုန်မှာ ၁၂ ဘီးကားလောက်ပဲ မြင်ဖူးတဲ့ စိုပြေ။ မှော်ထဲရောက်မှ ဘီး ၂၀ ကျော်ကား အစုံကို မြင်ဖူးတော့သည်။ ဘက်ဟိုးပေါင်းစုံ။ ရန်ကုန်မှာ အလှစီးသည့် လင့်ခရုဆာတွေက ဖားကန့်မှာ အကြမ်းသုံး။
အဲ့ကတည်းက ဖားကန့်မှာ ဥရုချောင်းမရှိတော့။ မြေစာတွေပိပြီး ချောင်းပျောက်သွားပြီ။ မြောင်းသာသာလောက်သာ ရှိတော့သည်။ ချောင်းဖျားက တာမခန်ဘက် ရောက်သွားသည်။ ချောင်းမရှိတော့ နှစ်တိုင်း ရေကြီးသည်။ ရေကြီးလျှင် စားစရာဈေးတက်သည်။
အခုလို မိုးအကုန် ဆောင်းအကူးဆို။ ကျောက်ရာသီစပြီ။ ဟိုးအရင်ကလည်း ဒီလိုပဲ တူးခဲ့ကြသည်။ အရင်တော့ လူတွေမသိ။ ယခုခေတ်က အင်တာနက်ခေတ် ဆိုတော့ လူတွေသိကုန်ကြပြီ။ သို့သော်လည်း အစိုးရသစ် မတက်ခင်တော့ ရသမျှ အကုန်ယူမည်ဆိုပြီး တူးနေတာလည်း ပါလိမ့်မည်။ အခုနောက်ပိုင်း ဖားကန့်ကို ပြန်မရောက်ဖြစ်တော့ မသိရ။ နောက်ပြီး ကျောက်စိမ်းလောကသည် တရုတ်နှင့် ကင်းလို့မရ။ ကမ္ဘာပေါ်မှာ ကျောက်စိမ်းကို အသုံးအများဆုံးက တရုတ်။ ဒါပေမဲ့ တရုတ်မှာ ကျောက်စိမ်းသိပ်မထွက်။ တကယ်တော့ ကမ္ဘာ့ကျောက်စိမ်း ၉၂ ရာခိုင်နှုန်းက မြန်မာပြည်က ထွက်တာ။ ကျန်သည့် ၈ ရာခိုင်နှုန်းလောက်သာ အခြားနိုင်ငံတွေက ထွက်တာ။ အဲ့တော့ အခုလို ရာသီဆိုလျှင် ဖားကန့်မှာ တရုတ်တွေ ခြေချင်းလိမ်နေပြီ။
နောက်ပြီး ကျောက်စိမ်း အဓိက ထွက်သည့် ဒေသကို အစိုးရနှင့် ကေအိုင်အေက တစ်ဝက်စီလောက် ထိန်းချုပ်ထားခြင်း ဖြစ်သည်။ အရင် စစ်အစိုးရခေတ်ကတော့ ဝေစားမျှစားဆိုတော့ ကေအိုင်အေနှင့် အစိုးရ အဆင်ပြေခဲ့သည်။ အစိုးရသစ်တတ်လာပြီး နောက်ပိုင်း အဝေမတည့်လို့လား မသိ။ တိုက်ပွဲတွေ ဖြစ်ကုန်ကြသည်။ အခုထိမပြီးသေး။
အဲ့ဒီ ကျောက်စိမ်းအတွက် တိုက်ပွဲတွေ ဖြစ်လိုဖြစ်။ လူတွေ သတ်လိုသတ်။ နောက်ပြီး မှော်ထဲမှာ ဘိန်းကလည်း အလွန်ပေါသည်။ ဘိန်းတစ်ပေါက် နှစ်ပေါက်ကတော့ လူတိုင်းလိုလို ရှူကြတာပဲ။ အဲ့ဒါကို မတတ်နိုင်တော့ရင်တော့ အဖြူလိုင်းကို ပြောင်း။ အဲ့ဒါဆို ဂိတ်ဆုံးပြီ။ စိတ်ကြွဆေးကလည်း လိုသလောက် ရသည်။ ဆေးခြောက် ဆိုတာကတော့ လူမသုံး။ နွားတွေ ဆင်တွေပဲ စားကြသည်။ ဖာခန်းလည်း အလွန်ပေါ။ အဲ့ဒါကြောင့် မှော်ထဲတွင် ဖိုးသမားနဲ့ A ကိုက်တဲ့လူ အလွန်ပေါသည်။ လူငယ်တွေ အညွှန့်တုံးကုန်သည်။
ကျောက်စိမ်းကြောင့် သူဌေးဖြစ်သွားသူ ဆိုသည်မှာ တော်တော်လေး နည်းပါသည်။ တရုတ်တွေနှင့် ခရိုနီတွေသာ ရှိမည်။ တူးခွင့်ရှိတာကလည်း သူတို့တွေပဲကိုး။ ရေမဆေး ရှာသူတွေကတော့ ထမင်းစားကျောက် လောက်တောင် အနိုင်နိုင်။ ကျောက်အောင်လည်း အများဆုံးမှ သိန်းကြီးပိုင်းလောက်သာ။ ပြီးလျှင် ဖိုးစွဲလိုစွဲ၊ AIDS ဖြစ်လိုဖြစ်။
ဟိုတလောက မြေစာပုံပိ၍ လူတစ်ရာကျော်သေတာ အကင်းပဲရှိသေးသည်။ အေကိုက်၊ ဖိုးစွဲပြီး သေသည့် အရေအတွက်က အဲ့ထက် အဆထောင်သောင်းချီပြီး များပြားသည်။ နောက်ပြီး မြေစာပုံပိတာကလည်း ဒီခေတ်မှာမို့ လူသိတာ။ အရင်ခေတ်ကလည်း အဲ့လို မြေစာပုံပိသူတွေ၊ ကျင်းပြိုပြီး ပိသေသူတွေ ဒီထက်များသေးသည်။ ဒါပေမဲ့ မှော်ထဲတွင်သာ သတင်းပြန့်ပြီး အပြင်ကို သတင်းမပြန့်။ ကျင်းပိုင်တွေက အာဏာပိုင်နှင့် ကျိတ်ဖြေရှင်းလိုက်ကြသည်။
အခုလို ကျောက်စိမ်းအတွက် တိုက်ကြခိုက်ကြ။ အသက်တွေ ပေးကြရ။ လူငယ်တွေ အရွယ်မတိုင်ခင် ပျက်စီးရ။ ဒါတွေဟာ သယံဇာတ ကျိန်စာတွေပဲဖြစ်သည်။ အခုလိုဖြစ်တာ ကျောက်စိမ်းတွေ ရှိနေလို့ဖြစ်တာ။ မြန်မြန်ကုန်သွား အေးတာပဲ။ မကုန်တော့လည်း ကိုယ်ရတာမှ မဟုတ်တာ။ သူတို့ဘာသာ ခရိုနီနှင့် တရုတ်နှင့် လူကြီးနှင့် သုံးဦးသုံးဝ အိတ်ထဲထည့်ကြတာပဲ။ အခွန်ရတယ်ဆိုတာ သူတို့ မှောင်ခိုလုပ်တာ၏ အစွန်းထွက်တောင်မရှိ။
အဲ့ဒါကြောင့် စိုပြေကတော့ ကျောက်စိမ်းတင် မဟုတ်။ အခြားသော သယံဇာတတွေ မှန်သမျှ အကုန်ပြောင်းအောင် ရှင်းစေချင်သည်။ အဲ့ သယံဇာတတွေ မရှိတော့လျှင် တိုက်ခိုက်စရာ မလိုတော့။ အချင်းချင်း ရန်မဖြစ်ရတော့။ တိုင်းပြည်ကြီး ငြိမ်းချမ်းရေး ရလိမ့်မည်။ အစိုးရလည်း သယံဇာတ အပေါ်မှာ မှီခိုနေစရာမလိုတော့။ ပညာရှင်တွေ၊ နိုင်ငံရေး ဂုရုတွေကတော့ အခုလို သယံဇာတအပေါ် မှီခိုနေလျှင် တိုင်းပြည်တိုးတက်မည် မဟုတ်ဆိုပြီး သုံးသပ်ထားကြတာပဲ။ အဲ့တော့ အခုလို ဖားကန့်က ကျောက်စိမ်းတွေကို အပြောင်ရှင်းပေးနေသည့် ခရိုနီတွေ၊ တရုတ်တွေနှင့် အစိုးရကို ကျေးဇူးပင် တင်သင့်သေးသည်။
ဒါတွေ မကုန်သေးသရွေ့ သယံဇာတကျိန်စာက လွတ်မည်မဟုတ်။ မလွတ်လျှင် တိုင်းပြည် တိုးတက်လိမ့်မည်မဟုတ်။ ဒါကြောင့် မြန်မာပြည်သူ အပေါင်းတို့အနေဖြင့် တိုင်းပြည်တိုးတတ်ချင်လျှင် အခုလို ကျောက်စိမ်းတွေကို အပြောင်းရှင်းနေတာကို ဘာမှ ပြောမနေနှင့်တော့။ လက်ပိုက်သာ ကြည့်နေကြပေရော့။
စိုပြေ
The Ladies News Journal
No comments:
Post a Comment