Saturday, November 7, 2015

ငိုခွင့်ပေးပါမောင်ရယ်

ငိုခွင့်ပေးပါမောင်ရယ်
~~~~~~~~~~~~~~
ဒီလိုတွေဖြစ်လာခဲ့ဖို့
မမျှော့်လင့်ရဲခဲ့ပါဘူးလေ
သားလေး နှစ်နှစ်ပြည့်ခါးနီးမှ
မောင် ရှေ့တန်းစစ်မြေပြင်ထွက်ရလေပြီ
စစ်သား  စစ်တိုက်ထွက်ရမှာမဆန်းပါဘူးလေ
သို့ပေမယ်…ဒီတစ်ခေါက်သွားရမယ့်
စစ်ခရီးက တိုက်ပွဲတွေပြင်းထန်လေရဲ့
မေ့ရင်တွေပူနေရှာပြီမောင်ရေ
မေအရမ်းအချစ်တဲ့  မောင်လေးလဲ
စစ်မြေပြင်ခရီးမှာ လက်နက်ကြီးထိပြီး
နှုတ်ဆက်တွေ့ဆုံခွင့်မရပဲ
လောကထဲကထွက်ခွာသွားခဲ့စဉ်က
ရင်ထဲနင့်နေအောင်ခံစားငိုကြွေးခဲ့ရတယ်လေ

တိုက်ပွဲတွေဖြစ်နေတဲ့ လောက်ကိုင်စစ်မြေပြင်ကို
ထွက်ရမယ်ဆိုတဲ့ သတင်းက
မေ့ကို နာကျင်ကြေကွဲစေခဲ့ပြီ
ဘာမှမဖြစ်သေးပေမယ့် သားလေးကိုဖက်ပြီး
မေ့စိတ်တွေလေးလံနေရပြီမောင်ရေ
ဘာမှမသိနားမလည်သေးတဲ့သားလေးဖို့
သူ့အဖေကြီး ကျောပိုးအိပ်လွယ်ကာ
သေနတ်ထမ်းပြီးသွားတာပဲသူသိမှာပေါ့
ရန်သူ့နယ်မြေမှာ သူပြစ်ကိုယ်ပြစ်
တိုက်ပွဲဆင်နွှဲနေရမှာကို
သူနားမလည်ရှာသေးဘူးလေ

ရှေ့တန်းထွက်ခွာဖို့ရက်နီးကပ်လာလေ
မေ့မျက်နှာဟန်မဆောင်နိုင်ခဲ့ရတယ်လေ
ဘာပဲဖြစ်ဖြစ်လေ ကိုယ်တစ်ယောက်ထဲမှ
မဟုတ်တာဆိုတဲ့အတွေးနဲ့
ကြိုးစားပြုံးပြနေခဲ့ရတယ်
တပ်ရင်းမိသားစုတွေရယ်အားလုံးခံစားနေရမှာလေ
သူတို့မှာလဲ မိဘ မိသားစု သားသမီးကိုယ်စီနဲ့
တရားသောစစ်အောင်နိုင်ပြီး
ဘေးအန္တရာယ်ကင်းဝေးဖို့
ဆုခြွေနေပါရစေ……
တောတောင်ရေမြေ ရန်သူ့နယ်မှာ
တပ်မတော်စစ်သည်အားလုံး
အသက်အန္တရာယ်ကင်းဝေးဖို့
နေ့စဉ်နှင့်အမျှ ဆုတောင်းမေတ္တာပို့နေ

စစ်ကြောင်းကြီးထွက်ခွာမယ့်အချိန်ပေါ့
သားလေးအရမ်းငိုနေတယ်
သူ့အဖေစစ်သားကြီး ကားပေါ်တက်ပြီး
တာ့တာပြနေစဉ် သားလေးကိုချော့ရင်း
ရင်ထဲစို့နင့်နေရှာရတယ်
တရိပ်ရိပ်ပျောက်ကွယ်သွားတဲ့
ကျောခိုင်းထွက်ခွာသွားတဲ့ ကားရဲ့နောက်မှာ
တပ်မိသားစုအားလုံးစိတ်မကောင်းခဲ့ကြပါဘူး
သားလေးခမျာ  ကလေးဆိုတော့
ငိုပြီး  မောရင်းအိပ်ပျော်သွားခဲ့တယ်

ဒီအမောင်စစ်သား စစ်တိုက်သွားတာ
အမိမြေအတွက် ပြည်သူအတွက်ပဲလေ
ကျဆုံးသွားတဲ့စစ်သည်တွေနဲ့ထပ်တူ
ဝမ်းနည်းခံစားခဲ့ရတယ်……ဒီကြားထဲ
အမောင်စစ်သားအတွက် စိတ်မအေးခဲ့ရပါဘူး
တိုက်ပွဲဖြစ်ရာ နယ်မြေကိုရောက်ပြီဆိုတဲ့
ကြေးနန်းဝင်သတင်းကလဲ
တပ်မိသားစုတွေအတွက်
စိတ်မအေးနိုင်ရှာပဲ တပ်ရင်းဓမ္မာရုံမှာ
ပန်း ရေချမ်း ဆီမီးပူဇော်ကာ
ပဌာန်းဒေသနာတော်ရွတ်ဖတ်ပူဇော်တာ
နေ့စဉ်မပြတ်ခဲ့ပါဘူးလေ
ဆုတောင်းတိုင်းတော့မပြည့်ပေမယ့်
ပို့သတဲ့မေတ္တာနဲ့ အန္တရာယ်ကင်းစေချင်ကြတယ်လေ

ပထမဆုံးကြေကွဲဖွယ်သတင်းတစ်ခုကတော့
တကက တစ်ယောက်နဲ့ ဒုဗိုလ်တစ်ယောက်
ကျဆုံးခြင်းပါပဲ……သူတို့အစား
သတင်းကြားကြားချင်းမှာပဲ
သားလေးကိုချီထားရင်း မျက်ရည်ကျခဲ့တယ်
တကက  မိသားစုရယ် ဒုဗိုလ်လေးရဲ့ မိဘတွေ
သူတို့တွေ ဘယ်လောက်ခံစားနေရပါ့မလဲ
ငိုနေရှာတဲ့ သူတို့နဲ့အတူ
တပ်မိသားစုအားလုံးလဲ ကြေကွဲနေရ ရှာပြီ
နောက်ဆုံးခရီးကို  တိုက်ပွဲမှာ
အဆုံးသတ်လိုက်ရတဲ့ စစ်သည်တွေအတွက်
အားလုံးကြေကွဲခံစားခဲ့ရတယ်

နောက်ဘာမှထပ်မကြားချင်တော့ပါဘူး
သို့ပေမယ့်……အခြားတပ်ရင်းမှ
ကျဆုံးစစ်သည်သတင်းတွေကြားနေရမြဲပဲ
အရာရှိရဲဘော်  အားလုံး ကျဆုံးနေကြတာ
သူသေကိုယ်သေတိုက်ပွဲမှာ
အသက်တွေပေးသွားရှာကြပြီ

အဲ့ဒီနေ့က……သားလေးနေမကောင်းဘူး
မေ့စိတ်တွေလဲ လေးနေလို့
ဘုရားဆွမ်းတော် သောက်တော်ရေကပ်ပြီး
သားလေးနဲ့အတူ အိပ်ယာထဲလဲနေခဲ့တယ်
တပ်ကRPလာပြောတယ်  အရာရှိကတော်
ရဲမေအားလုံး ဓမ္မာရုံမှာစုဖို့………ဒါနဲ့
အဝတ်အစားလဲမလဲနိုင်  ဆံပင်လေးစီးပြီး
သားလေးနဲ့ထွက်လာခဲ့တယ်
ဓမ္မာရုံရောက်တော့ ရေးဗိုလ်ကြီးလဲရောက်နေတယ်
ခဏနေတော့ ရင်းမှူးကတော် ဗိုလ်မှူးကတော်
အကုန်စုံနေကြပြီ ထိုစဉ်
မေ့သားလေးကို  တစ်ယောက်ယောက်ချီသွားခဲ့တယ်
ရဲမေအားလုံးသိပြီးခဲ့ကြပြီထင်ရဲ့
ကျွန်မနားမှာ စကားတွေပြောပြီး
ကြေနန်းဝင်လာတဲ့သတင်းကို
ရေးဗိုလ်ကြီး စာရွက်လေးထုတ်ပေးတယ်
………………
ဘာမှမပြောနိုင်လောက်အောင်
ဆွံ့အခဲ့ပြီး  လူအုပ်ကြီးတစ်ခုလုံးကြားထဲ
နှစ်သိမ့်စကားသံတွေနဲ့ပြည့်နေခဲ့ရတယ်

အဲ့လောက်မြန်မြန်ဖြစ်သွားခဲ့မယ်လို့
မထင်ထားခဲ့ပေမယ့်
ရောက်လာခဲ့လေပြီ
သားလေးအတွက် အဖေခေါ်စရာမဲ့မှာလား
သူကျောင်းနေအရွယ်ကိုရောက်ရင်
သူ့တစ်သက်စာလုံး  နွေးထွေးမှုမမဲ့စေချင်
သားလေးအတွက် မျက်ရည်တစစကျဆင်းပြီး
ရင်ထဲစို့နေခဲ့တယ်………

သူတိုက်ပွဲမှာ ဒဏ်ရာအပြင်းအထန်ထိထားပြီး
ဆေးရုံးပို့မယ့်စစ်သည်တွေနဲ့ပါလာမယ်တဲ့
ညမှောင်ရီပျိုးစအချိန်ရောက်တော့
မြို့ကိုရောက်ခါနီး  လမ်းမှာတင်
ဆုံးသွားပြီဆိုတဲ့သတင်းက
ကျွန်မအသက်ရှုရပ်တန့်သွားအောင်ပါပဲ
သားလေးကလဲငိုလိုက်တာ
နောက်ဆုံးခွဲခွာခြင်းက အသက်မဲ့လိုက်တာ
တွေ့ဆုံခွင့်ရပေမယ့် မောင့်ခန္ဓာပေါ်က
ဒဏ်ရာတွေရယ်   မောင့်ဘယ်ဘက်
အိပ်ကပ်လးထဲက သာလေးရယ်
မောင်ရယ်မေ့ဓာတ်ပုံလေးရယ်ကို
ကြည့်ပြီး  မေ့မျက်ရည်တွေထိန်းမရအောင်
ဟန်မဆောင်နိုင်အောင် ကျခဲ့တာမို့
ငိုခွင့်ပေးပါတော့ မောင်ရယ်………

            မာယာမဲ့အပြုံး

No comments: