Wednesday, December 30, 2015

တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင် ချီးမြှင့်ငွေ ခံစားခွင့်ပြု ဥပဒေပယ်ဖျက်နိုင်

တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင် ချီးမြှင့်ငွေ ခံစားခွင့်ပြု ဥပဒေပယ်ဖျက်နိုင်

တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင် ချီးမြင့်ငွေဆိုသည်မှာ နိုင်ငံတော်တွင် 
တာဝန်ထမ်းဆောင်နေသည့် နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတများအပါအ၀င် ပြည်ထောင်စုအဆင့်၊ 
တိုင်းနှင့်ပြည်နယ် အဆင့်အစရှိသဖြင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်နေသည့် 
ပုဂ္ဂိုလ်များအတွင်းမှ ထိပ်သီးတာဝန်ရှိသူများကို လစာအလိုက် တွက်ချက်ပေးအပ်ချီးမြှင့်မည့်
ငွေပင်ဖြစ်သည်။

ခံစားခွင့်ရှိသူများအတွင်း အကြမ်းဖျင်းအားဖြင့် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ 
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌများ၊ ၀န်ကြီး၊ ဒုတိယ၀န်ကြီးများ၊ ပြည်ထောင်စုအဆင့်
လွှတ်တော် ကိုယ်စားလှယ်များပါဝင်ကြသည်။

ထို့အတူ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလက စတင်၍ ၂၀၁၆ ခုနှစ်၊ မတ်လအထိ 
တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပြည်နယ်၊ တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဥက္ကဋ္ဌ နှင့်
အလုပ်အမှုဆောင်ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ 
အားလုံးဥပဒေအတိုင်း ခံစားကြရမည်ဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တွက်ချက်ကြည့်မည်ဆိုပါက ချီးမြှင့်ငွေ ခံစားခွင့်ရှိသူမှာ 
အစိုးရတစ်ဆက် ငါးနှစ်တာ သက်တမ်းကျော်လွန်တိုင်း လူဦးရေငါးထောင်ခန့်ရှိမည်ဖြစ်ပြီး
အစိုးရသက်တမ်း သုံးဆက်ခန့် ရှိလာပါက ချီးမြှင့်ငွေခံစားခွင့်ရှိသူများမှာ လူဦးရေ
သောင်းဂဏန်းခန့်အထိ တိုးတက်လာမည့်အပြင် အဆိုပါ သောင်းဂဏန်းသော လူများသည်
မြန်မာနိုင်ငံ၏ တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်ချီးမြှင့်ငွေခံစားခွင့် ရသူများဟူသည့်
လူတန်းစားတစ်ရပ် ဖြစ်လာနိုင်ဖွယ်ရှိနေသည်ဟု အလုံမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က မြန်မာတိုင်း(မ်)ကို ပြောသည်။

"ဒါက ပထမဆုံးအကြိမ် လွှတ်တော်နဲ့ ပထမဆုံးအကြိမ် ပြုပြင်ပြောင်းလဲရေး ဒီမိုကရေစီအစိုးရ
ပေါ့လေ။ အဲဒီလိုမျိုးဖြစ်လာတဲ့အခါ အစိုးရသစ်ထဲမှာ ပါဝင်တဲ့ ပြည်ထောင်စု အဆင့်အပြင် 
တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ ခံစားခွင့်ရှိသူက 
ငါးထောင်လောက်ရှိတယ်။

"အဲဒီလူတွေအကုန်လုံးက နိုင်ငံရေး ပင်စင်ရမှာဖြစ်ပါတယ်။ နိုင်ငံမှာ ပြည်ထောင်စု ဘဏ္ဍာအပြင်
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဘဏ္ဌာတွေပါ အဲဒီလိုပေးရမလိုဖြစ်နေတယ်"ဟု ၎င်းက 
ဆက်လက်သုံးသပ်သည်။

အဆိုပါ တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေး ပင်စင်လစာချီးမြှင့်ငွေကို ရထိုက်၊ မရထိုက် ကိစ္စနှင့်
ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်များအကြား ၀ိဝါဒကွဲပြားလျက် ရှိကြသည်။

အချို့သောလွှတ်တော်ကိုယ်စားလှယ်များက တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်လစာငွေ
ပေးခြင်းဖြင့် ပြည်သူလူထုတွင် ၀န်ထုပ်၊ ၀န်ပိုးဖြစ်စေမည်ဟု ဆိုကြသည်။

အချို့ကလည်း ပြည်သူလူထုအတွက် နိုင်ငံရေးတာဝန်ထမ်းဆောင်နေသူများကို ယင်းကဲ့သို့
နိုင်ငံတော်က ပေးအပ်သည့် ချီးမြှင့်ငွေကို ရထိုက်သည်ဟု ယူဆကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ်အချို့ကမူ ဥပဒေ အရ ခံစားခွင့်
ရရှိမည်ဆိုသော်လည်း ယင်းငွေကြေးကို ရယူရန် စိတ်မသန့်ဟု ဆိုသည်။

သို့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီအနေဖြင့် ပါတီကိုယ်စားပြု ကိုယ်စားလှယ်များ၏ 
လစာငွေအတွင်းမှ ၂၅ ရာခိုင်နှုန်း ဖြတ်တောက်၍ ပါတီရန်ပုံငွေ ထူထောင်ထားသဖြင့် 
ယင်းချီးမြှင့်ငွေများကြောင့် ပါတီအတွက်၊ ရန်ပုံငွေပိုမိုတောင့်တင်းသွားနိုင်မည်ဟု ယင်းပါတီဝင်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန် ကပြောသည်။

အဆိုပါ တစ်လုံးတစ်ခဲတည်းပင်စင်ခံစားခွင့်ဥပဒေကို လာမည့် ဒီချုပ်အစိုးရလက်ထက်အတွင်း
ပြုပြင်ပြောင်းလဲခြင်း သို့မဟုတ် အပြီးတိုင် ဖျက်သိမ်းခြင်းများဆောင်ရွက်ကောင်း၊ 
ဆောင်ရွက်သွားမည်ဟု ဦးဝင်းထိန်က မြန်မာတိုင်း(မ်)ကို ဆက်လက်ပြောသည်။

ယခု လွှတ်တော်သက်တမ်းအတွင်း အဆိုပါ ဥပဒေကို ပယ်ဖျက်၍ ခံစားခွင့်များ မပေးရန်
အတိုက်အခံလွှတ်တော်ကိုယ်စားလှယ် အင်အားစုက အရေးကြီးအဆိုအဖြစ် တင်သွင်းနိုင်မည်
ဖြစ်သော်လည်း လွှတ်တော်တွင်း မဲခွဲရာတွင် ကိုယ်စားလှယ်အချိုးအစား ညီမျှမှုမရှိသဖြင့် ထိရောက်မှု
ရှိမည်မဟုတ်ပေ။ ယင်းချီးမြှင့်ငွေ ခံစားခွင့်နှင့် ပတ်သက်၍ မြန်မာတိုင်း(မ်)က ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးဝင်းထိန်နှင့် မေးမြန်းနေစဉ် ဒီချုပ်ပါတီက အခြားကိုယ်စားလှယ် တစ်ဦး ကမူ 
"ကျွန်တော်တို့က အနိုင်ရခဲ့လို့ လာမယ့် ဒုတိယအကြိမ်လွှတ်တော်ကို ထပ်ပြီးဝင်ရဦးမှာပါ။
ပြောချင်တာကတော့ နောက် လွှတ်တော်သက်တမ်းအတွင်းမှာ ဆက်ပြီး တာဝန်လည်း
ထမ်းဆောင်ရဦးမယ်။ လောလောဆယ်လည်း တစ်လုံးတစ်ခဲတည်း ပင်စင် ခံစားရဦးမယ်ဆိုတော့
စိတ်ထဲ သိပ်မသန့်ဘူးပေါ့"ဟု ၀င်ရောက်ဆွေးနွေးသည်။

တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေး ပင်စင်လစာငွေကို ရယူရန် မလိုလားသူများ ရှိသကဲ့သို့
ယင်းလစာငွေကို ခံယူထိုက်သည်ဟု ယူဆသူများလည်းရှိနေသည်ဟု အထက်တွင် ဖော်ပြခဲ့ပြီး
ဖြစ်သည်။

ပြီးခဲ့သည့် အစိုးရ အဆက်ဆက်တွင်လည်း ယင်းသို့သော ချီးမြှင့် ငွေခံစားခွင့်များ ပေးအပ်ခဲ့ဖူးသည်ဟု 
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက ပြောသည်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်တဲ့ လူတွေရှိသလို မဝေဖန်တဲ့သူလည်း ရှိပါတယ်။ တချို့က ကိုယ်ရတဲ့
ကိစ္စမဟုတ်လို့ သူများရတဲ့ ကိစ္စကို အပြစ်မြင်တယ်။ နောက်တစ်ခုက လွှတ်တော်ကို 
အမျိုးမျိုးသိက္ခာချခဲ့တာ ရှိတယ်။ ဘာတစ်ခုမှ မလုပ်ဘူးဆိုတဲ့ အမြင်နဲ့ ပြောနေတာ ယူဆနေတာရှိတော့ 
တကယ်တမ်း တိုင်းပြည်ရဲ့ တာဝန်ကို လာရောက် ထမ်းဆောင်နေတယ်ဆိုရင် လစာလည်း ပေးရမယ်။
နောက်ပြီး အသက်ပြည့်လို့ အလုပ်က ရပ်နားရင် ပင်စင်ပေးတယ်ဆိုတာ တိုင်းပြည်တိုင်းမှာရှိတယ်။

"အရင်က ပင်စင်မှာ အခုထက်ပိုတဲ့ နိုင်ငံရေးပင်စင်ဆိုတာ ရှိသေးတယ်။ နောက်ပြီးတော့
မြန်မာ့ဂုဏ်ရည်လိုဟာမျိုးတွေ ဘာတွေ ပေးတာတွေရှိတယ်။

"အခု လွှတ်တော်ကိုယ်စားလှယ်တွေကို ပေးတာက 'တစ်လုံးတစ်ခဲတည်း'ဆိုတဲ့ နာမည်ကသာ
'တစ်လုံးတစ်ခဲတည်း' ဒါပေမဲ့ မများပါဘူး။ ရတဲ့လခကို ငါးနဲ့ မြှောက်လိုက်တာပဲ။ တိုင်းနဲ့ 
ပြည်နယ်တွေမှာ ဒီထက်နည်းမှာပေါ့။ နောက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ သာမကဘဲ။
ဝန်ကြီးတွေရော၊ ကော်မတီ၊ ကော်မရှင်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေရော။
ဒါတွေက တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေရတဲ့အတွက်တော့ ပေးရမှာပဲ။

"လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ဖြစ်ဖို့က အင်မတန်ခက်တယ်။ ပိုက်ဆံလည်း
အကုန်အကျခံရတယ်။ စည်းရုံးရေးတွေလည်း အပြင်းအထန် ဆင်းရတယ်။ အပုပ်ချတာလည်း
ခံရသေးတယ်။ လွှတ်တော်ရဲ့ ငါးနှစ်သက်တမ်းမှာ လုပ်ပေးလိုက်တာတွေ အများကြီးပဲ။ ဘတ်ဂျက်ကိစ္စ
တွေမှာကြည့် လွှတ်တော်က ဘယ်လောက်ကြိုးစားပေးနေသလဲ။ တစ်နိုင်ငံလုံးတိုးတက်ဖွံ့ဖြိုးဖို့အတွက် 
တစ်နိုင်ငံလုံးဆင်းရဲမှု လျော့ကျရေးအတွက် ပညာရေး၊ ကျန်းမာရေးတွေ တိုးတက်ဖို့အတွက်
လုပ်ပေးနေတယ်။

"ဒီလိုတိုးတက်မှုတွေ ဖြစ်လာအောင် လွှတ်တော်ကပဲ ကြိုးစားခဲ့တယ်။ ဒီမိုကရေစီမှာ လွှတ်တော်ကပဲ 
တန်ဖိုးအကြီးဆုံး။ လွှတ်တော်ကို မလိုချင်ဘူး။ လွှတ်တော်ကို ဘာမှမပေးနဲ့။ လွှတ်တော်ကို
ဖြုတ်ပစ်ဆိုရင် အာဏာရှင်စနစ်နဲ့ ဆက်သွားရမယ်။ လွှတ်တော်မရှိတဲ့ အာဏာရှင်စနစ်နဲ့ပဲ 
ဆက်သွားရမယ်။ ဝေဖန်တာတော့ ဝေဖန်ပေါ့။ သိက္ခာချဖို့ သိပ်မလိုဘူး။ လွှတ်တော်က 
ဘာမှမလုပ်ခဲ့ရင် ဒီအခြေအနေ လုံးဝရောက်လာစရာ အကြောင်းမရှိဘူး။ စစ်တပ်ကပဲ အုပ်ချုပ်နေမှာ
ဒါကြောင့် ဝေဖန်တဲ့လူက ဘယ်လိုဝေဖန်၊ ဝေဖန် နောက်ပိုင်း နားလည်လာကြမှာပါ။

"လွှတ်တော်ကို မလိုချင်လို့ လွှတ်တော်ကို သိက္ခာချမယ်ဆိုရင် အာဏာရှင်ကိုလိုချင်တာပဲ"ဟု
ဒေါက်တာဗညားအောင်မိုးက သူ့အမြင်ကို မြန်မာတိုင်း(မ်)သို့ပြောသည်။

လွှတ်တော်သက်တမ်း ငါးနှစ်အတွင်း တိုက်အိမ်တစ်လုံး ရောင်းချခဲ့ရသည်ဟု အမည်မဖော်လိုသည့်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

လွှတ်တော်တွင်း ငုတ်တုတ်ထိုင်ကာ လွှတ်တော်ပြီးပါက အဆောင်သို့ ပြန်သည့် ကိုယ်စားလှယ်များ
ပင်လျှင် ယခု ရရှိခံစားနေရသည့် လွှတ်တော် ကိုယ်စားလှယ် လစာများမှာ လောက်ငရုံမျှသာရှိသည်ဟု
ဆိုသည်။

"၀န်ကြီးဌာနတွေကို သွားရတယ်။ နယ်မြေတွေ ဆင်းရတယ်။ လူထုနဲ့ တွေ့ဆုံရတယ်။ ကိုယ့်ကားကို၊
ကိုယ့်ဘာသာ ဆီထည့်ပြီး လုပ်ခဲ့တာ။ ပိုက်ဆံလိုချင်လို့ ဒီဟာကို ခံစားခွင့်ရှိတယ်လို့ ပြောနေတာ
မဟုတ်ဘူး။ နိုင်ငံအတွက် ကျွန်တော်တို့လို ကိုယ့်စရိတ်ကိုယ်စားပြီး ကိုယ့်အိမ်ကိုယ် ရောင်းပြီး
ငါးနှစ်အရှုံးခံ လုပ်တဲ့အတွက် ပေးတဲ့ ဒီချီးမြှင့်ငွေကို ဂုဏ်ယူစွာ လိုချင်တာပါ"ဟု ၎င်းက ပြောသည်။

တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင် ချီးမြှင့်ငွေနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် နာယက 
သူရဦးရွှေမန်းက ဒီဇင်ဘာ ၂၁ ရက် ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်းခဲ့သည်။

လွှတ်တော်ကိုယ်စား လှယ်များက နာယကထံသို့ တစ်လုံးတစ်ခဲ တည်းသော နိုင်ငံရေးပင်စင်
ချီးမြှင့်ငွေနှင့် ပတ်သက်၍ စာဖြင့် မေးမြန်းမှုများရှိလာသဖြင့် လွှတ်တော်အတွင်း ရှင်းလင်းရခြင်း
ဖြစ်သည်ဟု ၎င်းက ပြောဆိုခဲ့သည်။

တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေး ပင်စင်လစာ ချီးမြင့်ငွေ ခံစားခွင့်ပြုရန်အတွက် ဥပဒေပြုခဲ့သည့်
အစိုးရမှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (န-အ-ဖ)အစိုးရဖြစ်ပြီး ယင်းအစိုးရက
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီ ၁၁ ရက်စွဲနဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
ဥပဒေအမှတ် ၂/၂၀၁၁ ဖြင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ စရိတ်နှင့် 
အဆောင်အယောင်များဆိုင်ရာ ဥပဒေကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

No comments: