Saturday, October 15, 2016

NLD ကြေညာချက် အတု ထုတ်ပြန်မှု နောက်ဆက်တွဲ တရားခံရှိနိုင်ဟု ဦးဝင်းထိန်ပြော


ရန်ကုန်၊ အောက်တိုဘာ ၁၄

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ၏ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်နှင့်ပတ်သက်၍ ကြေညာချက် အတုများ ထုတ်ပြန် ဖြန့်ဝေမှုတွင် နောက်ဆက်တွဲ တရားခံ ရှိနိုင်သေးကြောင်း ကာယကံရှင် ဦးဝင်းထိန်က The Voice သို့ ပြောဆိုသည်။

ကြေညာချက် အတုတွင် ပါရှိသည့် အချက်အလက်များသည် သာမန်ပါ တီဝင်များ သိနိုင်သည့် အကြောင်းအရာများ မဟုတ်ဘဲ ရုံးချုပ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ အတွင်းလူများသာ သိနိုင်သည်ဖြစ်ရာ ယခု ဖမ်းဆီးထားသူနှင့် ပတ်သက်၍ စိတ်မဝင်စာကြောင်း ကြေညာချက် အတုများဖြင့် သတင်း မှားလွှင့်ခံရသူ ဦးဝင်းထိန်က ဆိုသည်။

“ကျွန်တော် နုတ်ထွက်တယ်ဆိုတဲ့ စာထဲမှာပါတဲ့ အကြောင်းအရာတွေက လူတိုင်း မသိဘူး၊ CEC မှာ ပြောတဲ့ စကားတွေ၊ အဲဒါကို အဲဒီထဲမှာ စာရေးတဲ့တစ်ယောက်၊ အဲဒါကို စိတ်ဝင်စားတာ”ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံရသူသည် မုံရွာမြို့နယ် NLD ပါတီဝင် ဦးအောင်မြင့်ထွန်း (ခ) ဖိုးထောင်ဆိုသူဖြစ်ကြောင်း မုံရွာမြို့ အခြေစိုက် မုံရွာဂေဇက် သတင်းဂျာနယ်က ၎င်းတို့ ၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

စက်တင်ဘာလ နောက်ဆုံးပတ်က အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် ဦးဝင်းထိန်း အနေနှင့် ပါတီတာဝန်များမှ အနားယူကြောင်း ကြေညာချက် နှစ်စောင် ထွက်ပေါ်ခဲ့ပြီး ယင်းကြေညာချက်များမှာ အတုသာ ဖြစ်ကြောင်း ဦးဝင်းထိန်နှင့် NLD ထိပ်ပိုင်း ခေါင်းဆောင်များက ချက်ချင်း ငြင်းချက် ထုတ်ခဲ့သည်။ 

No comments: