အောက်တိုဘာ ၂၄ ရက်က Zaw Zaw (ခ) ငဖာအား မြောက်ဒဂုံမြို့နယ် တရားရုံးတွင် ရုံးထုတ်လာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - သက်မင်း)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ဂုဏ်သိက္ခာ ကျဆင်းစေသည့် စာသားနှင့်ဓာတ်ပုံများ Facebook ပေါ်တွင် ရေးသားဖော်ပြသူ Zaw Zaw (ခ) ငဖာအကောင့်ပိုင်ရှင်အား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် မြောက်ဒဂုံမြို့နယ် တရားရုံးတွင် စတင်တရားစွဲဆို လိုက်ပြီဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၂၄ ရက်က Zaw Zaw (ခ) ငဖာအား မြောက်ဒဂုံမြို့နယ် တရားရုံးတွင် စတင်ရုံးထုတ် စစ်ဆေးခဲ့ပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် မြောက်ဒဂုံမြို့နယ် တရားသူကြီး၏ တရားခွင်တွင် စတင်တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။
"နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပုတ်ခတ်စော်ကားနေတဲ့ ဓာတ်ပုံတွေ၊ စာသားတွေရေးလို့ တရားစွဲလိုက်တာပါ" ဟု တရားလို ဦးနေမျိုးကျော်က ပြောကြားသည်။
ယခုရုံးချိန်းတွင် တရားဥပဒေ စိုးမိုးရေး ကူညီတည်ဆောက်ကြသူများ ကွန်ရက်ဟု ရေးသားထားသော အင်္ကျီဆင်တူ ၀တ်ဆင်ကြသူ လူ ၅၀ ခန့် လာရောက်ခဲ့ကြပြီး Zaw Zaw (ခ) ငဖာကို အချုပ်ကားပေါ်သို့ တင်ဆောင်စဉ်တွင် "သူတော်ကောင်းကို စော်ကားလို့ ဒီလိုဖြစ်တာ" ဟု ၀ိုင်းဝန်းအော်ဟစ်ကြသည်။
Zaw Zaw (ခ) ငဖာ အမည်ရှိ Facebook အကောင့်ပိုင်ရှင်အား မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် ဦးနေမျိုးကျော် (၃၄ နှစ်) က အောက်တိုဘာ ၇ ရက်တွင် ဒဂုံမြောက်မြို့မရဲစခန်းတွင် (ပ) ၁၆၄၃/၂၀၁၆၊ ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ) ဖြင့် တရားလိုပြုလုပ် တိုင်ကြားခြင်းဖြစ်ပြီး Zaw Zaw (ခ) ငဖာ (၃၁ နှစ်) အား မြောက်ဒဂုံမြို့နယ် (၄၆) ရပ်ကွက်ရှိ ၎င်း၏နေအိမ်၌ အောက်တိုဘာ ၁၀ ရက် နံနက် ၁၀ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အကြီးအကဲများ ထင်ရှားကျော်ကြားသူများကို ဝေဖန်တိုက်ခိုက်မှုများအပြင် ပြည်သူများထဲတွင်လည်း လူမှုရေးကိစ္စများနှင့် ပတ်သက်၍ မကျေမနပ်ဖြစ်ကာ Facebook ပေါ်တွင် ပုတ်ခတ်ရေးသားမှုများကို ဆက်သွယ်ရေး ဥပဒေဖြင့် အမှုဖွင့်ခြင်း များလာသည်ကိုလည်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။
ယခုအစိုးအရသစ် လက်ထက် လူမှုကွန်ရက်စာမျက်နှာ Facebook တွင် နိုင်ငံတော် သမ္မတအား ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ရေးသားခဲ့သည်ဟုဆိုကာ ပထမဆုံး တရားစွဲဆိုခံခဲ့ရသူ ဦးအောင်ဝင်းလှိုင်(ခ) အညာသားအား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အလုပ်နှင့်ထောင်ဒဏ် ကိုးလကျခံစေရန် မြ၀တီမြို့နယ်တရားရုံးမှ အမိန့်ချမှတ်ခဲ့သည်။ ထို့ပြင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန် ပါတီမှ အနားယူခွင့်ပြုရန် တင်ပြသည်ဆိုသောစာနှင့် နုတ်ထွက်ခွင့်ပြုသည်ဆိုသောစာအား Facebook တွင် တင်မှုဖြင့် မုံရွာမြို့မှ NLD ပါတီဝင် ကိုအောင်မြင့်ထွန်း (ခ) ကိုဖိုးထောင်အားလည်း ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ဖမ်းဆီးထားပြီး အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်ဟု သိရသည်။
ထို့ပြင် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေ၏ Facebook Account ကို အတုပြုလုပ်သည် ဟုဆိုကာ ကိုရာပြည့်အား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို ဖမ်းဆီးထားမှု၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်အား လှောင်ပြောင်သည့်ပုံများ Facebook တွင်တင်သည့် အတွက်ဟုဆိုကာ ကိုလှဘုန်းအား ယင်းပုဒ်မဖြင့်ပင် ဖမ်းဆီးတရားစွဲဆို ထားမှုများ ရှိနေသည်။
ထိုကဲ့သို့ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်၊ ကာကွယ်ရေး ဦးစီးချုပ် စသော နိုင်ငံတော် အကြီးအကဲများကို Facebook စာမျက်နှာများတွင် ပုတ်ခတ်ရေးသားသူများကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့်ဖမ်းဆီးအရေးယူလျက်ရှိပြီး သာမန်ပြည်သူများက ထိုပုဒ်မဖြင့် တိုင်ကြားသော အမှုများနှင့် ပတ်သက်၍မူ အရေးယူမှု ရှိမရှိ မသိရပေ။
ထို့အတူ Eleven Media Group ၏ ဂုဏ်သိက္ခာ ကျဆင်းစေသည့် စာသားနှင့် ဓာတ်ပုံများ Facebook စာမျက်နှာ၌ ရေးသားဖော်ပြ ဖြန့်ဝေမှုများကို ကြိမ်ဖန်များစွာ ပြုလုပ်နေသောကြောင့် အရေးယူပေးရန် သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ တိုင်တန်းအမှုဖွင့် ထားမှုများ ရှိပါသည်။ Eleven Media Group နှင့် Eleven Media Group တာဝန်ရှိသူများအား ဂုဏ်သိက္ခာ ကျဆင်းစေသည်များကို ကြိမ်ဖန်များစွာ ရေးသားဖော်ပြခဲ့သည့် သန်းထွန်းဇော် Facebook Account သုံးစွဲသူ ဒါရိုက်တာ မိုက်တီးအား ၎င်း၏လိပ်စာ အပြည့်အစုံ၊ အထောက်အထားများဖြင့် သက်ဆိုင်ရာ ရဲစခန်းတွင် အသီးသီးတိုင်တန်း အမှုဖွင့်ထားခြင်းနှင့် Myat Maw Facebook Account ပိုင်ရှင်ကို အမှုဖွင့်ထားခြင်းများ ပြုလုပ်ထားသော်လည်း အရေးယူထားခြင်း မရှိသေးသလို ဥပဒေအတိုင်း မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်နေသည်ကို ယခုအချိန်အထိ တိတိကျကျ မသိရှိရသေးပေ။ သန်းထွန်းဇော် Facebook Account သုံးစွဲသူ ဒါရိုက်တာ မိုက်တီအား တာမွေမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် ပုဒ်မ ၆၆ (ဃ) ပ/၃၀၀/၂၀၁၆ ဖြင့် ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်တွင်လည်းကောင်း၊ တာမွေမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင်ပင် ပုဒ်မ ၆၆ (ဃ) ပ/၆၄၀/၂၀၁၆ ဖြင့် စက်တင်ဘာလ အတွင်းက လည်းကောင်း အသီးသီး အမှုဖွင့်ထားခြင်း၊ Myat Maw Facebook Account ပိုင်ရှင်ကိုလည်း တာမွေမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် ပုဒ်မ ၆၆ (ဃ) ပ/၇၉/ ၂၀၁၆ ဖြင့် ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၂၇ ရက်တွင် လည်းကောင်း၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁) ရဲစခန်းတွင် ပုဒ်မ ၆၆ (ဃ) ပ/၈၈ /၂၀၁၆ ဖြင့် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၁ ရက်တွင် လည်းကောင်း အသီးသီး အမှုဖွင့် တိုင်တန်းထားမှုများအပေါ် မည်ကဲ့သို့ ဆက်လက်အရေးယူ ဆောင်ရွက်နေကြောင်း တိတိကျကျ မသိရှိရသေးခြင်းဖြစ်သည်။
မည်သူမဆို ဆက်သွယ်ရေးကွန်ရက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း စသည်တို့ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခြင်း ခံရနိုင်ကြောင်း ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) တွင် ပြဋ္ဌာန်းထားသည်။
Writer:
သက်မင်း
No comments:
Post a Comment