Tuesday, October 25, 2016

လပတ်စာမေးပွဲကျသည့် ၁၀ တန်းကျောင်းသူ မိခင်က ဆူပူ သဖြင့် ကြိုးဆွဲချသေဆုံးမှု မန္တလေးတွင်ဖြစ်ပွား ------------------


မန္တလေး ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက် ကန်ကောက်ဟောင်းရပ်၊ လမ်း၃၀၊ လမ်း၅၀နှင့်၅၁လမ်း ကြားရှိ ခြံဝန်းတခုအတွင်းနေအိမ်တွင် အောက်တိုဘာ (၂၄)ရက် မွန်းလွဲ(၂)နာရီအချိန်ခန့်က အမျိုးသမီးငယ် တစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူ မ--(အသက် ၁၆နှစ်) မှာ ၁၀တန်းကျောင်းသူ ဖြစ်ပြီး အခင်းဖြစ်ပွားရာသို့ အမှတ်(၃)နယ်မြေရဲစခန်းမှ ရဲအုပ်ထိုက်လင်းစိုးနှင့်အဖွဲ့၊ ကန်ကောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုမင်း နှင့်အဖွဲ့တို့ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူ၏ကိုယ်ခန္ဓာတွင် အခြားဒဏ်ရာ မတွေ့ရှိဘဲ လည်ပင်းပွန်းရှ ဒဏ်ရာဖြင့် သေဆုံးလျက်ရှိရာ အလောင်းကို မန္တလေးအထွေထွေ ရောဂါကု ဆေးရုံးကြီးသို့ ပို့ဆောင်ခဲ့သည်။

ဖြစ်စဉ်မှာ သေဆုံးသူသည် လပတ်စာမေးပွဲ ဖြေဆိုရာ တွင် ၁ ဘာသာကျရှုံးခဲ့ဖြင့် မိခင်ဖြစ်သူမှ ဆူပူခဲ့သော ကြောင့် နေအိမ် အနောက်ဘက်တွင် စာကျက်နေခဲ့ရာမှ မွန်းလွဲ(၂)နာရီအချိန်ခန့်တွင် မ--မှာ အမြင့်(၈)ပေခန့်ရှိ စိန်ပန်းပင်အား ပုဆိုးနှစ်ကွင်း ပူးတွဲချည်နှောင်၍ လည်ပင်းစွပ်ကာ ကြိုးဆွဲချခဲ့ရာ အစ်မဖြစ်သူ သီတာအေး မှသိရှိသဖြင့် ဖြုတ်ပေးခဲ့စဉ် အသက် ရှုနေသေးပြီး ဆေးရုံသို့ ပို့ဆောင်ရန်ပြုလုပ်စဉ် သေဆုံးခဲ့သည်။

“အမေက ညီမလေးကို လပတ်စာမေးပွဲကျလို့ ဆူလိုက်တယ်။ ညီမလေးက အိမ်နောက်ဘေးသွားပြီး စာကျက်နေတယ်။ ခဏကြာတော့မှ သွားကြည့်တော့ သစ်ပင်မှာ ပုဆိုးနဲ့ကြိုးဆွဲချထားတာတွေ့လို့ အိမ်သား တွေကို ပြောလိုက်တာ။ ဆေးရုံပို့ဖို့လုပ်နေတုန်းမှာပဲ သေဆုံးသွားတယ်။” ဟု ၎င်း၏အစ်မဖြစ်သူက ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ်(၃)ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၅/၂၀၁၆)ဖြင့် အမှုဖွင့် စစ်ဆေး လျက်ရှိကြောင်း သိရသည်။

စိုင်းထူးခန့်
News Watch

No comments: