Sunday, October 2, 2016

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ တောင်အာဖရိက ငြိမ်းချမ်းရေး လေ့လာရေး ခရီးစဉ် ထွက်ခွာ၊ “ဝ”၊ မိုင်းလားနှင့် ကေအိုင်အေ အဖွဲ့များလည်း ပါဝင်

ရန်ကုန်၊ အောက်တိုဘာ ၂

အစိုးရအဖွဲ့ ကိုယ်စားလှယ်များနှင့် “ဝ”၊ မိုင်းလား၊ ကေအိုင်အေ စသည့် လက်နက်ကိုင်များ အပါအဝင် NCA ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တောင်အာဖရိက နိုင်ငံသို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လေ့လာရေး ထွက်ခွာသွားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

အဆိုပါ ခရီးစဉ်သည် အောက်တိုဘာလ ၁ ရက်မှ ၉ ရက်နေ့ထိ ကိုးရက်တာ ကြာမြင့်မည်ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အောင်မြင်စွာ ညှိနှိုင်းခဲ့ကြသော နိုင်ငံများ၏ အတွေ့အကြုံများကို လေ့လာသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခရီးစဉ်တွင် အစိုးရဘက်မှ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင် အကြံပေး အဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်း၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးတို့ ပါဝင်ပြီး တပ်မတော်မှ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်းနှင့် ဗိုလ်မှူးချုပ် စိန်ထွန်းလှတို့ ပါဝင်ကြောင်း သိရသည်။

အပစ်ရပ် လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်များမှ ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ဒုတိယ ဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်ဂွမ်မော်၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ခူဦးရယ်၊ မွန်ပြည်သစ်ပါတီ (NMSP) အထွေထွေ အတွင်းရေးမှူး နိုင်အောင်မင်း၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) မှ စိုင်းဟင်စိုင်း၊ “ဝ” အထူးဒေသ (၂) မှ ဘဏ္ဍာရေး ဦးစီးမှူး ဦးညီလင်းနှင့် အထူးဒေသ (၄) မိုင်းလားမှ ဦးစိုင်းမောက်တို့ လိုက်ပါသွားကြသည်။

ထို့ပြင် အပစ်ရပ် လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကိုယ်စား ကရင်အမျိုးသား အစည်းအရုံး(KNU) အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း ၊ ရှမ်းပြည် ပြန်လည်ထူ ထောင်ရေး ကောင်စီ(RCSS) အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းလ၊ ချင်းအမျိုးသား တပ်ဦး (CNF) ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာ လျန်မှုန်းဆာခေါင်နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဦးဆောင် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့လည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်သည် တောင်အာဖရိက ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးနှင့် ပတ်သတ်သော အတွေ့အကြုံရှိ ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ၎င်းတို့၏ အတွေ့အကြုံများကို ဝေမျှပေးမည်ဖြစ်ကြောင်း ခရီးစဉ်တွင် လိုက်ပါသွားခဲ့သော ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

“တစ်နေ့တခြား တိုက်ပွဲတွေက တိုးပြီးဖြစ်နေပေမယ့် အချိန် အတော်ကြာကတည်းက စီစဉ်ထားခဲ့တာကြောင့် တောင်အာဖရိက နိုင်ငံ လေ့လာရေး ခရီးစဉ် စတင်နေပါပြီ”ဟု ဗိုလ်ချုပ် ဂွမ်မော်က ၎င်း၏ လူမှုကွန်ယက်တွင် ရေးသားထားသည်။

အဆိုပါ ခရီးစဉ်တွင် “ဝ” နှင့် မိုင်းလား အဖွဲ့တို့ ပါဝင်ခဲ့သော်လည်း အစိုးရနှင့် စေ့စပ်ရေး အဆင်မပြေ ဖြစ်နေသည့် ရခိုင့် တပ်မတော်(AA)၊ တအာင်း ပလောင် လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကိုးကန့် ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(NMDAA) တို့ ပါဝင်ခဲ့ခြင်း မရှိပေm

No comments: