Sunday, October 2, 2016

အိမ်ဦးနတ်များ အိမ်ရှင်မ အလုပ် ဝိုင်းကူပေးရန် ဂျပန် နိုင်ငံရေးသမား သုံးဦး ကိုယ်ဝန်ဆောင်ပုံစံ ဝတ်ဆင် ဆော်သြ

တိုကျို၊ အောက်တိုဘာ ၂

အမျိုးသားများ အလုပ် လုပ်သည့် ပမာဏနှင့် နှိုင်းယှဉ်လျှင် အမျိုးသမီးများက ငါးဆခန့် ပို၍ အလုပ် လုပ်ကြသော ဂျပန်နိုင်ငံတွင် အိမ်မှုကိစ္စ အဝဝ၌ အမျိုးသားများ ပိုမို ကူညီပေးကြရန် ဆော်သြသည့် အနေနှင့် ဂျပန် နိုင်ငံရေးသမား အမျိုးသား သုံးဦးက ကိုယ်ဝန်ဆောင်ပုံစံ စွပ်ကျယ်အင်္ကျီများ ဝတ်ဆင်ပြခဲ့ကြကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။

“အုပ်ချုပ်ရေးမှူးဆိုတာ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးပါ”ဟူသည့် ခေါင်းစဉ်ဖြင့် ပေါ်ထွက်လာသော ဗီဒီယိုတွင် အနောက်တောင်ပိုင်း ပြည်နယ် သုံးခုမှ အုပ်ချုပ်ရေးမှူးများက ၁၆ ပေါင်ခန့် အလေးချိန်ရှိသော ယင်းကိုယ်ဝန်ဆောင်ပုံစံ စွပ်ကျယ် အင်္ကျီများကို ဝတ်ဆင်ပြကာ အမျိုးသားများ အိမ်မှုကိစ္စ အရပ်ရပ်၌ ပိုမို အကူအညီ ပေးကြရန် တိုက်တွန်းခဲ့ကြသည်။

သူတို့ ဝတ်ဆင်ပြခဲ့သော ကိုယ်ဝန်ဆောင် စွပ်ကျယ်အင်္ကျီမှာ ကိုယ်ဝန် ခုနစ်လခန့် ရှိသည့် အမျိုးသမီး တစ်ဦး၏ ဝမ်းဗိုက် အရွယ်အစား ဖြစ်သည်။

အဆိုပါ ဗီဒီယိုသည် ကျူရှူးရာမာဂူချိ အလုပ်နှင့်ဘဝ မြှင့်တင်ရေး အစီအစဉ်၏ တီထွင်ဆန်းသစ်မှု တစ်ရပ်လည်း ဖြစ်သလို အလုပ်မှ အလုပ် ဖြစ်နေကြသော ဂျပန် အမျိုးသားများ အလုပ်နှင့် အိမ်တွင်းမှု ကိစ္စတို့ ဟန်ချက်ညီစွာ လုပ်ဆောင်နိုင်စေရန်လည်း တွန်းအား ပေးနိုင်ရန်လည်း ရည်ရွယ်သည်။

ဗီဒီယိုထဲတွင် ယင်းနိုင်ငံရေးသမား သုံးဦးက ကိုယ်ဝန်ဆောင် စွပ်ကျယ်အင်္ကျီကို ဝတ်ဆင်ပြီး ဗိုက်ကြီးသည် တစ်ဦးသဖွယ် ဝမ်းဗိုက်ကိုကိုင်ကာ လှေကားပေါ် တက်ပြခြင်း၊ ဆင်းပြခြင်းများ ပြုလုပ်ပြသည့်အပြင် ကားအတွင်းသို့ ကိုင်းညွတ်ကာ ညင်ညင်သာသာ ဝင်ပြခဲ့ကြသည်။

၎င်းတို့၏ အပြုအမူမှာ အမှန်တကယ် ကိုယ်ဝန်ဆောင် အမျိုးသမီးများအတိုင်းပင် ဖြစ်နေပြီး နောက်ခံ တေးသံသာများကလည်း ၎င်းတို့၏ လှုပ်ရှားမှုများကို ပိုမို သက်ဝင်စေသည်။

OECD ၏ ၂၀၁၄ ခုနှစ် သုတေသန စစ်တမ်းအရ ဂျပန် အမျိုးသားများသည် ကမ္ဘာပေါ်တွင် အိမ်မှုကိစ္စ၊ တစ်နည်းအားဖြင့် လုပ်ငန်းခွင်အလုပ် မဟုတ်သည့် အခြားအလုပ်များနှင့် ပတ်သက်၍ ကူညီအားကိုးမှု မရနိုင်ဆုံးသော သူများ ဖြစ်ကြသည်။

စစ်တမ်းအရ အမျိုးသမီးများနှင့် နှိုင်းယှဉ်ပါက ဝင်ငွေ မရရှိသော အလုပ်ဆိုလျှင် တစ်နေ့လျှင် တစ်နာရီခန့်မျှသာ လုပ်ကြပြီး ဂျပန် အိမ်ရှင်မ (ဇနီးသည်များ)မှာမူ အိမ်မှုကိစ္စနှင့် အခြားကိစ္စများအတွက် ငါးနာရီခန့် အချိန်ပေး အလုပ် လုပ်ကြသည်။

No comments: