Sunday, October 2, 2016

အုပ်ချုပ်ရေးတွင် ဝင်ရောက်စွက်ဖက်မှု မရှိစေရန် မွန်ပြည်သစ်ပါတီနှင့် ပြည်နယ်အစိုးရ ဆွေးနွေး

မ်ာလမြိုင်၊ အောက်တိုဘာ ၁

တရားဥပဒေစိုးမိုးရေးကိစ္စ၊ အစိုးရ အုပ်ချုပ်ရေး ကိစ္စရပ်များနှင့် ဆိုင်သည့် အကြောင်းအရာများကို ပါတီဘက်မှ ဝင်ရောက်စွက်ဖက်မှုမျိုး မဖြစ်စေရန် စက်တင်ဘာ ၃ဝ ရက်နေ့က မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့ အကြား ဆွေးနွေးခဲ့ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများထံမှ သိရသည်။

မွန်ပြည်သစ်ပါတီဘက်က ပြုလုပ်ခဲ့သော ကိစ္စရပ်များတွင် အစိုးရ၏ နယ်ဘက်အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်သော သဘောမျိုး သက်ရောက်မှုများ ရှိနေခဲ့သဖြင့် မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ် အစိုးရအဖွဲ့တို့ ညှိနှိုင်းဆွေးနွေးရခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောကြားသည်။

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ မွန်ပြည်သစ်ပါတီ အနေနှင့် အစိုးရ နယ်ဘက်အုပ်ချုပ်ရေး ကိစ္စရပ်တွေကို ဝင်ရောက်စွက်ဖက်ခြင်း၊ တရားဥပဒေစိုးမိုးရေးများကို ဝင်ရောက်စွက်ဖက်ခြင်း သဘော သက်ရောက်သော ကိစ္စရပ်များ၊ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ချိုးဖောက်စေသည့် အပြုအမူမျိုး ဆောင်ရွက်မှုများမှာ ဖြစ်ရပ်ပေါင်း ၂၈ ခုအထိ ရှိ ကြောင်း ၎င်းက ရှင်းပြသည်။

ကရင်ပြည်နယ်၊ ကမ်းနီကျေးရွာတွင် မူးယစ်ဆေးဝါးကိစ္စကို အကြောင်းပြု၍ မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးရာမှ ရွာသားတစ်ဦး သေဆုံးခြင်း၊ ရေးမြို့နယ်တရားရုံး၏ တရားစီရင်ရေး ကိစ္စတစ်ခုကို မွန်ပြည်သစ်ပါတီက စီရင်မည်ဆိုသည့် စာတစ်စောင် ထုတ်ပြန်ခြင်း စသည့် ကိစ္စရပ်များသည် အစိုးရ၏ နယ်ဘက်အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကို ထိပါးစေကြောင်း ၎င်းက ပြောဆိုသည်။

“ကျွန်တော်တို့ သဘောတူထားတဲ့ အထဲမှာ မူးယစ်ဆေးဝါးကိုတော့ ပူးတွဲပြီး လုပ်ဆောင်ဖို့ ရှိတယ်၊ ဖမ်းပြီးတော့ အပ်မယ်” ဟု မွန်ပြည်သစ်ပါတီမှ ဗဟိုကော်မတီဝင် နိုင်ဝင်းလှက ပြောသည်။

မွန်ပြည်သစ်ပါတီ ပစ်ခတ်မှုဖြင့် ကမ်းနီကျေးရွာတွင် ရွာသားတစ်ဦး သေဆုံးခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ ပစ်ခတ်ခဲ့သော မွန်ပြည်သစ် တပ်ဖွဲ့မှူးကို တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နိုင်ရန် ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံ အပ်နှံပေးရန် ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် မွန်ပြည်နယ်အစိုးရဘက်က တောင်းခဲ့ကြောင်း ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ဆိုသည်။

“လူငယ်ယောက်ျားလေး တစ်ဦးက မိန်းကလေးတစ်ဦးကို ခိုးယူပေါင်းသင်းမှုနှင့် ပတ်သက်၍ မွန်ပြည်သစ် တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်ကို ပြန်လည်လွှတ်ပေးရန်နှင့် ရေးမြို့နယ်တရားရုံးက တရားစီရင်ရေးကို မွန်ပြည်သစ်ပါတီမှ တရားစီရင်မည်ဟု စာထွက်ထားခြင်းကို ပြန်လည်ရုပ်သိမ်းပေးရန်လည်း ညှိနှိုင်းခဲ့ကြောင်း ၎င်းက ရှင်းပြခဲ့သည်

No comments: