Sunday, October 2, 2016

ကုမ္ပဏီ အမည်ပေါက် အငှားယာဉ်များ တိုက်ကြေအဖြစ် အပ်နှံပါက သက်ဆိုင်ရာ ကုမ္ပဏီ အမည်ဖြင့်သာ အငှားယာဉ်စလစ် ထုတ်ပေးမည်ဟုဆို

န်ကုန်၊ အောက်တိုဘာ ၁

ကုမ္ပဏီ အမည်ပေါက် အငှားယာဉ်များကို ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံခွင့် မပေးသလို တိုက်ကြေအဖြစ် အပ်နှံပါက သက်ဆိုင်ရာ ကုမ္ပဏီ အမည်ဖြင့်သာ အငှားယာဉ်စလစ် ထုတ်ပေးမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရှိရသည်။

လူအမည်ပေါက် အငှားယာဉ်များ အတွက်မူ တိုက်ကြေပျက်စီးပြီး အပ်နှံပါက လူစီးစလစ် သို့မဟုတ် အငှားယာဉ်စလစ် ထုတ်ပေးသွားမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရှိရသည်။

“ပြည်နယ်တိုင်းအစိုးရအဖွဲ့ရဲ့ ထောက်ခံချက်နဲ့ တင်သွင်းထားတဲ့ ကုမ္ပဏီ အမည်ပေါက် အငှားယာဉ်တွေ တိုက်ကြေပျက်စီးလို့ အပ်နှံရင် လူစီးစလစ်နဲ့ လူအမည်ပေါက် အငှားယာဉ်စလစ် မထုတ်ပေးပါဘူး။ ကုမ္ပဏီ အမည်ပေါက်နဲ့ အငှားယာဉ် စလစ်သာ ထုတ်ပေးပါမယ်” ဟု ၎င်းက ဆိုသည်။

ပြည်နယ်တိုင်းအစိုးရအဖွဲ့၏ ထောက်ခံချက်ဖြင့် တင်သွင်းထားသည့် ကုမ္ပဏီ အမည်ပေါက် အငှားယာဉ်များကို အမည်လိပ်စာ မပြောင်းရဟု သတ်မှတ်ထားပြီး အပ်နှံခွင့်လည်း ပေးမည် မဟုတ်ကြောင်း ကညနက ထုတ်ပြန်ထားသည်။

“ကုမ္ပဏီ အမည်ပေါက် တက္ကစီယာဉ်တွေက အပ်နှံလို့ မရတဲ့အပြင် အမည်လိပ်စာပါ ပြောင်းလို့ မရတဲ့အတွက် ဈေးကွက်မှာ အရောင်းအဝယ် သိပ်မရှိဘူး။ ကုမ္ပဏီ အမည်ပေါက် တက္ကစီတွေကို တိုက်ကြေအဖြစ် အပ်နှံလို့ လူစီးယာဉ်စလစ်သာ ထုတ်ပေးမယ်ဆိုရင် လုပ်စားတဲ့သူတွေ များလာလိမ့်မယ်။ အခုလို ကုမ္ပဏီ အမည်ပေါက် အငှားယာဉ်စလစ်ပဲ ထုတ်ပေးတာ ကောင်းတယ်” ဟု ယာဉ်ဝယ်ရောင်း လုပ်ကိုင်သူ ကိုသန်းနိုင်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း (ဂ) လိုင်စင်ထုတ်ပေးထားသည့် ယာဉ်စီးရေ ၇၄,ဝဝဝ ကျော်အနက် စီးရေ ၆ဝ,ဝဝဝ ကျော်မှာ ကုမ္ပဏီ အမည်ပေါက် တက္ကစီယာဉ်များ ဖြစ်ကြောင်း ကညနထံမှ သိရှိရသည်။

No comments: