16-Oct-2016 tagged as လှေ စစ်ကိုင်း
(ပုံစာ - ရေယာဉ်တိမ်းမှောက်ရာတွင် ပါဝင်ခဲ့ပြီး ဆေးရုံတက်ရောက် ကုသမှု ခံနေရသူများကို လာရောက်အားပေးနေသည့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့ကို တွေ့ရစဉ်။)
စစ်ကိုင်းတိုင်း ကနီမြို့နယ် အတွင်းရှိ ချင်းတွင်းမြစ်အတွင်း လူစီးအမြန်ရေယာဉ် တိမ်းမှောက်မှုတွင် ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီ (ရစက) ၏ အားနည်းချက် ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ယင်းအပေါ် စုံစမ်းစစ်ဆေးလျက်ရှိပြီး လိုအပ်ပါက ဖျက်သိမ်းသည်အထိ အရေးယူသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောသည်။
မိချောင်းတွင်း ကျေးရွာအနီး အောက်တိုဘာ ၁၅ ရက် နံနက် ၅ နာရီကျော်က ဟုမ္မလင်းမြို့မှ မုံရွာမြို့သို့ စုန်လာသည့် အောင်စိုးမိုးကျော် (၂) အမြန်ရေယာဉ် တိမ်းမှောက်ပြီး လူပေါင်းများစွာ အသက်သေဆုံးရခြင်းသည် သတ်မှတ်ထားသည့် ဝန်ထက် ပိုမိုတင်ဆောင်ခြင်း၊ ကုန်များတင်ဆောင်ခြင်း၊ ညမထွက်ရ အမိန့်ထုတ်ထားသော်လည်း ညဘက်မောင်းနှင်ခြင်း၊ လူဦးရေ ကန့်သတ်ချက်ထက် ပိုတင်ခြင်း စသည့် ယာဉ်ပိုင်ရှင် ယာဉ်မောင်းများ၏ စည်းကမ်းမလိုက်နာမှု၊ လောဘကြီးမှုကြောင့် ဖြစ်သည်ကို တွေ့ရှိရသည့်အပြင် ရေယာဉ်များကို စည်းကမ်းထိန်းသိမ်းရမည့် ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီ အနေဖြင့်လည်း စည်းကမ်းကိုင်တွယ်မှု ညံ့ဖျင်းခြင်းကြောင့် ယာဉ်တိမ်းမှောက်ပြီး လူပေါင်းများစွာ အသက်ဆုံးရှုံးရခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
“ဖောင်းပြင်က ထွက်တဲ့အခါမှာ ခရီးသည် တစ်ယောက်က တင်တာများနေပါပြီ ဆိုပြီး ရစကကို သွားပြောတယ်။ အဲ့ဒီမှာ ရစကက ကျွန်တော်တို့ မတတ်နိုင်ဘူး။ သူ့ဟာသူ တင်နေတာဆိုပြီး ဘာမှစိစစ်အရေးယူပေးတာမျိုး မလုပ်ဘူးလို့ သိရတယ်။ အဲ့တာကို ကျွန်တော်တို့ စုံစမ်းနေတယ်။ မှန်တယ်ဆိုလို့ ရှိရင် အရေးယူသွားမယ်။ လိုအပ်ရင် ရစကအဖွဲ့ကို ဖျက်သိမ်းသွားမယ်” ဟု ဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောသည်။
အမြန်ယာဉ် တိမ်းမှောက်ပြီး လူအသက်များစွာ ဆုံးရှုံးရမှုသည် မဖြစ်သင့်သည့် ကိစ္စတစ်ခု ဖြစ်ပြီး မိမိအနေဖြင့် များစွာ ဝမ်းနည်းရကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့အောက်ရှိ အောက်ခြေအဖွဲ့အစည်းများ၏ စည်းကမ်းမလိုက်နာမှုသည် စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ အဖွဲ့အစည်းပေါ် များစွာထိခိုက်ကြောင်း ယင်းကိစ္စတစ်ခုလုံး အပေါ် အောက်တိုဘာ ၁၇ ရက် ရုံးပြန်ဖွင့်သည့် အချိန်တွင် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးအဖွဲ့များ ဆွေးနွေးသွားမည် ဖြစ်ပြီး စည်းကမ်းများအား တင်းတင်းကြပ်ကြပ် ကိုင်တွယ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
မုံရွာမြို့နှင့်အထက် ချင်းတွင်းမြစ်အတွင်းသွား ခရီးသည်တင် ရေယာဉ်အသင်း စုစုပေါင်း ကိုးသင်းမှ ရေယာဉ်အစီးရေ ၁၂၉ စီးရှိပြီး ကုန်တင်ရေယာဉ်အသင်း စုစုပေါင်း ၁၈ သင်းမှ ရေယာဉ်အစီးရေ ၄၇၀ စီး ရှိကြောင်း ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီ မှတ်တမ်းများအရ သိရသည်။
No comments:
Post a Comment