Sunday, October 2, 2016

ယာဉ်စီးရေ တစ်သောင်းကျော် ကနဦး မှတ်ပုံတင်ရန် ကျန်ရှိသော်လည်း သတ်မှတ်ကာလ တိုးပေးရန် အစီအစဉ် မရှိဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁

အပ်ကုန်ပါမစ်ဖြင့် ၂ဝ၁၅ ခုနှစ်က တင်သွင်းခဲ့သော ယာဉ်အစီးရေ တစ်သောင်းကျော်သည် ယခုနှစ် ဒီဇင်ဘာလအတွင်း ကနဦး မှတ်ပုံတင်ရန် ကျန်ရှိသော်လည်း ယင်းကာလအမီ မှတ်ပုံမတင်နိုင်သည့် ယာဉ်များအတွက် ဖြေလျော့ပေးမည် မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ကားအရောင်းစင်တာများနှင့် ကားအရောင်းပြခန်းများမှ ကနဦး မှတ်ပုံတင်ပြုလုပ်ရန် ယာဉ်အစီးရေ တစ်သောင်းကျော် ကျန်ရှိနေသော်လည်း သတ်မှတ်ကာလ တိုးမြှင့်ပြီး ဖြေလျှော့ပေးရန် အစီအစဉ် မရှိကြောင်း ၎င်းက ဆိုသည်။

၂ဝ၁၅ အပ်ကုန်ပါမစ်နဲ့ တင်သွင်းတဲ့ ယာဉ်တွေက ဒီနှစ်မကုန်ခင်မှာ ကနဦး မှတ်ပုံတင်ပြုလုပ်ဖို့ ဇန်နဝါရီလ ကတည်းက ထုတ်ပြန်ပြီးသားပါ။ ဒီယာဉ်တွေအနေနဲ့ နှစ်မကုန်ခင်အထိ ကနဦး မှတ်ပုံတင် မလုပ်နိုင်ဘူး ဆိုရင် မူလတင်သွင်းခဲ့တဲ့ နိုင်ငံကို ပြန်ပို့ရမှာပါဟု ကညနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၂ဝ၁၅ ခုနှစ် အတွင်းက ကားအရောင်းပြခန်း၊ ကားအရောင်းစင်တာများနှင့် ယာဉ်ဝယ်ယူ တင်သွင်းသူများမှ ယာဉ်အိုယာဉ်ဟောင်း အစားထိုးပါမစ်၊ တစ်ဦးချင်းပါမစ်နှင့်များမှ အပ်ကုန်စနစ်ဖြင့် တင်သွင်းသည့် ယာဉ်အစီးရေ ၁ဝ၂,၃၆၉ စီး ရှိခဲ့ပြီး ယခုနှစ်မကုန်မီ ကနဦး မှတ်ပုံတင် ပြုလုပ်ရန် စီးရေ တစ်သောင်းကျန် ရှိနေသေးကြောင်း ကညနထံမှ သိရှိရသည်။

၂ဝ၁၅ အပ်ကုန်ပါမစ်နဲ့ လျှောက်ထားတဲ့ကားက ဒီနှစ်မေလလောက်မှ ရောက်တာတွေ ရှိတယ်။ အဲဒီယာဉ်တွေကျတော့ ရောင်းချဖို့အချိန်က ၇ လလောက်ပဲ အချိန်ရတယ်။ အဲဒီလိုကျတော့ ယာဉ်တင်သွင်းရောင်းချသူတွေ အနေနဲ့ အရမ်းနစ်နာပါတယ်။ ကညနအနေနဲ့ အချိန်သက်တမ်းလေးကို နည်းနည်းလောက် တိုးမြှင့်ဖြေလျှော့ပေးဖို့ လိုပါတယ်ဟု တစ်နိုင်တစ်ပိုင် ယာဉ်တင်သွင်းရောင်းချသူ ကိုဇော်ကြီးက ဆိုသည်။

ယခုနှစ်ဇန်နဝါရီ ၇ ရက်က ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ ခွင့်ပြုခဲ့သည့် အရောင်းစင်တာ၊ အရောင်းပြခန်းများမှ သွင်းကုန်လိုင်စင်များကို ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ မှတ်ပုံတင်ခွင့်ပြုမည် ဖြစ်ကြောင်း ကညနမှ ထုတ်ပြန်ကြေညာခဲ့သည်။

No comments: