မန္တလေး၊ အောက်တိုဘာ ၆
မီးဘေးသင့် မင်္ဂလာဈေးကို ဖြို ဖျက်ရန် တင်ဒါ ခေါ်ယူခဲ့ရာ ကုမ္ပဏီများက ပေးသောနှုန်းနှင့် မြို့တော်စည်ပင်က သတ်မှတ်ထားသော နှုန်းထား မကိုက်ညီ၍ ကြန့်ကြာနေမှုကို အောက်တိုဘာလ ကုန်ပိုင်းအတွင်း အပြီးသတ် ဆောင်ရွက်နိုင်ရန် ညှိနှိုင်းမည်ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ကုမ္ပဏီများက တင်ဒါကြေး ကျပ်သိန်း ၁၇ဝဝ သာ အမြင့်ဆုံး ပေးခဲ့ပြီး မြို့တော်စည်ပင်က သတ်မှတ်ထားသည့် ကြမ်းခင်းဈေးမှာ အနိမ့်ဆုံး ကျပ်သိန်း ၂ဝဝဝ ကျော်ရှိကြောင်း၊ ယခင်က စည်ပင်နှင့် ပူးတွဲ လုပ်ကိုင်ဖူးသည့် ကုမ္ပဏီ သုံးခုက ဝင်ရောက် စစ်ဆေးခွင့် တောင်းခဲ့သောကြောင့် ဈေးနှုန်း ညှိနှိုင်းနိုင်ရန် ပြန်လည် တွက်ချက်နေကြောင်း စည်ပင် သာယာဌာနဈေးနှင့် အဆောက်အအုံ ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
“အဖွဲ့ သုံးဖွဲ့က ဘယ်လောက်နဲ့ ရနိုင်မလဲ ဘယ်လောက် တိုးပေးမလဲ ဝင်ကြည့်တဲ့ သဘောပါ။ နှစ်ဖွဲ့ကတော့ စိတ်ဝင်စားတယ်” ဟု ၎င်းကဆိုသည်။
ယခုရက်ပိုင်းအတွင်း မီးဘေးသင့် မင်္ဂလာဈေးကို ဝင်ရောက် စစ်ဆေးနေသည့် ကုမ္ပဏီ သုံးခုမှာ မန္တလေး အခြေစိုက် ကုမ္ပဏီများ ဖြစ်ပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေစေရေးအတွက် ညှိနှိုင်း ဆောင်ရွက်မည်ဟု အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။
မီးဘေးသင့် မင်္ဂလာဈေးကို ဖြိုဖျက်ခွင့်အတွက် စိတ်ဝင်စားသည့် အဖွဲ့များမှာ ၇၈ လမ်း၊ ၃၈ လမ်းထောင့်ရှိ ၇၈ ရှော့ပင်း စင်တာကို ဖြိုဖျက်ခဲ့သည့် အဖွဲ့နှင့် ရတနာပုံဈေး မီးလောင်ပြီးနောက် ဖြိုဖျက်ခဲ့သည့် အဖွဲ့တို့ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။
မင်္ဂလာဈေးဖြိုဖျက်ရန် ဇူလိုင်လ ၁ ရက်နေ့က စ၍ တင်ဒါ ခေါ်ယူခဲ့ရာ လျှောက်လွှာဝယ်ယူသူ ၂ဝဝ ကျော်ရှိခဲ့ပြီး လုပ် ကိုင်ခွင့် လျှောက်ထားသည့် ကုမ္ပဏီ ၂၂ ခုသာ ရှိခဲ့ကြောင်း၊ ယင်းတို့အနက် အမြင့်ဆုံးဈေး ကျပ်သိန်း ၁၇ဝဝ ထိပေးသူ ခုနစ်ဦးသာ ရှိကြောင်း၊ ကုမ္ပဏီ အများစုမှာ ရန်ကုန်နှင့် အခြားမြို့အခြေစိုက် ကုမ္ပဏီများဖြစ်ကြောင်း မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
No comments:
Post a Comment