Monday, October 24, 2016

ရန်ကုန်မြို့တော်တွင် မသင်္ကာ ဧည့်စိမ်းများ တွေ့ရှိပါက သတင်းပေးရန် ရဲတပ်ဖွဲ့ကြေညာ


ရန်ကုန်၊ အောက်တိုဘာ ၂၃

ရန်ကုန်မြို့တော်တွင် အထောက်အထားမဲ့ ခိုးဝင်လာသော ဘင်္ဂါလီများကို နှစ်ရက် ဆက်တိုက် ဖမ်းမိခဲ့သောကြောင့် ပြည်သူများအနေနှင့် မိမိတို့ နေထိုင်ရာ ရပ်ကွက်/ကျေးရွာ၊ မြို့နယ်များအတွင်း မသင်္ကာဧည့်စိမ်းများ ရောက်ရှိနေကြောင်း သိရှိပါက 199 Call Center ဖုန်း အမှတ် ၁၉၉ နှင့် ဖုန်းအမှတ် ဝ၁-၂၃၂၃၁၉၉ သို့ ဆက်သွယ် သတင်းပေးကြပါရန် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့က အသိပေး ထုတ်ပြန်ခဲ့သည်။

တာမွေမြို့နယ် အရိုးကုန်းရပ်ကွက် ဦးလွန်းလမ်းရှိ ၈ လွှာတိုက်ခန်းတွင် ပုန်းခိုနေသော ဘင်္ဂါလီ လေးဦးကို အောက်တိုဘာလ ၂၂ ရက် နံနက် ၂ နာရီခွဲက ဖမ်းဆီးပြီးနောက် ယင်းနေ့ ညနေပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့၊ အလောင်းဘုရားလမ်းတွင်  ပုန်းခိုနေသော ဘင်္ဂါလီ အမျိုးသား ၁၇ ဦးကို ည ၇ နာရီ ခွဲက ထပ်မံ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ရွှေပေါက္ကံမြို့တွင် ဖမ်းမိခဲ့သော ဘင်္ဂါလီများမှာ ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ်၊ မင်းပြားမြို့နယ်နှင့် ကျောက်တော် မြို့နယ်တို့တွင် နေထိုင်သူများ ဖြစ်ပြီး ၎င်းတို့ကို ပွဲစားများ ဖြစ်ကြသော ဝင်းကျော် (စုံစမ်းဆဲ)၊ အေးသိန်း (စုံစမ်းဆဲ) နှင့် မောင်ကျော် (စုံစမ်းဆဲ)တို့က တစ်ဦးလျှင် ပို့ဆောင်ခ ငွေကျပ် ၁၁ သိန်းစီဖြင့် ရခိုင်ပြည်နယ်မှ မကွေးမြို့၊ မကွေးမြို့မှတစ်ဆင့် ရန်ကုန်သို့ မော်တော်ယာဉ်ဖြင့် ခိုး ဝှက် သယ်ဆောင်လာခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ချက်များအရ မြောက်ဥက္ကလာပ မြို့နယ် ရဲတပ်ဖွဲ့ထံမှ စုံစမ်း သိရှိရသည်။ 

“တံခါး အလုံပိတ် သော့ခတ်ထားတဲ့ နေအိမ်ထဲက ဘင်္ဂါလီ အမျိုးသား တစ်ယောက် ထွက်လာပြီး လမ်းထိပ်မှာ မုန့်ဝယ်ချိန် မသင်္ကာလို့ စစ်ဆေးခဲ့ရာက သူတို့အဖွဲ့ကို ဖမ်းမိခဲ့တာ၊ ဒီအိမ်ပိုင်ရှင်က ဗိုလ်မှူး တစ်ယောက်လို့ သိရပေမယ့် ဘင်္ဂါလီတွေ ဖမ်းမိမှုမှာ သူနဲ့ ပတ်သက်ဆက်နွယ်မှု ရှိမရှိ မစစ်ဆေးရသေးလို့ အတည် မပြုနိုင်သေးဘူး”ဟု ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ဖမ်းမိခဲ့သော ဘင်္ဂါလီ အမျိုးသား ၁၇ ဦးမှာ ရန်ကုန်သို့ လွန်ခဲ့သည့် တစ်ပတ်ခန့်က ရောက်ရှိနေပြီး မလေးရှား နိုင်ငံသို့ အောက်လမ်းမှ ထွက်ခွာရန် ပြင်ဆင်နေစဉ် ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်း၊ အထောက်အထားမဲ့ ခိုးဝင်လာသော ၎င်းတို့ကို ရွှေပေါက္ကံ နယ်မြေရဲစခန်း(ပ) ၅၁၈/ ၂ဝ၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၆၇/၃၇ဝ၊ ၁၉၄၉ ခုနှစ်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ၆(၂)/ ၆(၃) ဖြင့် အမှုဖွင့် အရေးယူထားပြီး ပွဲစား သုံးဦးကို ဖမ်းဆီးရမိရေး ဆက်လက် စုံစမ်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။ 

တာမွေမြို့နယ် ဦးလွန်းလမ်းတွင် ဖမ်းမိခဲ့သော ဘင်္ဂါလီအမျိုးသားများမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့ တင်းထောင်းကျေးရွာတွင် နေထိုင်သော ပွဲစား အလီအာမက်က တစ်ဦးလျှင် ကျပ် ၁၅ သိန်းစီ ယူဆောင်ပြီး မော်တော်ယာဉ်ဖြင့် ရန်ကုန်သို့ ခိုးဝှက် ပို့ဆောင်ခဲ့ပြီး မလေးရှား နိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်နေစဉ် ဖမ်းမိခဲ့ကြောင်း၊ ဖမ်းမိသူများကို လဝက အက် ဥပဒေဖြင့် အရေးယူရန် စိစစ်နေပြီး လွတ်မြောက်နေသူနှင့် အခကြေးငွေယူ ပို့ဆောင်ပေးသူတို့ကို ဖမ်းမိရန် ဆက်လက် စုံစမ်းနေကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။                             

No comments: