အခုရက်ပိုင်းအတွင်း စာရေးသူ ခရီး ယာယီ များခဲ့သည်။ ပထမ နေပြည်တော် သုံးရက်။ နောက် မန္တလေး တစ်ပတ်လောက် ကြာသွားသည်။ ခရီးစဉ်အတွင်း တစ်နေကုန် အစည်းအဝေး ထိုင်ရ၊ စာသင်ရသည်မို့ ဘာစာမှ မဖတ်ဖြစ်။ သတင်းစာပင် အနိုင်နိုင် ဖတ်နေရသည်။ ဖြစ်ချင်တော့ စာရေးသူ အိမ်နှင့် ဝေးနေချိန်မှ သတင်းထူးတွေက ဆက်တိုက်...။ အမေရိကန် စီးပွားရေး ပိတ်ဆို့မှု ဖယ်ရှားသည့်သတင်း၊ ပြီး မောင်တော အကြမ်းဖက် တိုက်ခိုက်မှုသတင်း၊ နောက်ဆုံး NCA လက်မှတ် ရေးထိုးခြင်း နှစ်ပတ်လည် အခမ်းအနား သတင်း ...။ ယခု အိမ်ပြန်ရောက် စာရေးစားပွဲ ထိုင်လိုက်သောအခါ ဘာရေးလို့ ရေးရမှန်းပင် မသိတော့...။ သည်လိုနှင့် အန္တရာယ် အကြီးဆုံး သတင်းကိုသာ ရေးဖြစ်တော့သည်။
ယခင်အစိုးရ (သမ္မတကြီး ဦးသိန်းစိန်အစိုးရ) လက်ထက်၊ ရခိုင် ပြည်နယ် အရေးအခင်း စခါစကပင် စာရေးသူ စိုးရိမ်တကြီးနှင့် ဆောင်းပါး တစ်ပုဒ် ရေးဖြစ်သည်။ “ဒီမိုကရေစီက နုနု၊ မုန်တိုင်းက ထန်ထန်” ခေါင်းစဉ်ဖြင့် ...။ “ဘေးမှ ရပ်ကြည့် မနေနိုင်တော့သည့် လူတစ်ယောက်၏ အထူး စိုးရိမ်သောက”ဆိုသော ဒုတိယ ခေါင်းစဉ်ပင် ပါသည်။ အဆိုပါ ဆောင်းပါးတွင် စာရေးသူ တွက်ဆမိသော အန္တရာယ်ကို ယခုလို “တို့ထ” ခဲ့သည်။ “... အထူးသဖြင့် စစ်အေးလွန် ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်၏ နိုင်ငံတကာ အကြမ်းဖက်ဝါဒ အန္တရာယ် ဖြစ်ပါသည်။ ဤအန္တ ရာယ်မှာ လျော့ပါးသက်သာသွားပြီ ဆိုကြသော်လည်း တကယ်တော့ ပစ်မှတ် ပြောင်းသွားခြင်းသာ ဖြစ်သည်။ ယခင် ဖွံ့ဖြိုးပြီး ရှေ့တန်းရောက် နိုင်ငံကြီးများမှ ယခု အားနည်းချည့်နဲ့သော ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ ချိန်ရွယ်ချက် ပြောင်းသွားခြင်းသာ ဖြစ်သည်။ ဤသို့ ပစ်မှတ် ရွေးချယ်ကြရာတွင်လည်း အစိုးရနှင့် လူထုကြား ယုံကြည်မှု ပျောက်ဆုံးနေသော နိုင်ငံငယ်လေးများကို ဦးစားပေးလေ့ ရှိသည်ကို သတိချပ်ကြဖို့ လိုမည်ထင်ပါသည် ...”စသဖြင့်...။
နောက် “ရခိုင်ပြည်နယ် စုံစမ်းရေး ကော်မရှင် အစီရင်ခံစာ” ထွက်လာချိန်တွင်လည်း ဆိုခဲ့ပါ စိုးရိမ်စိတ်ကိုပင် နောက်ထပ် ရရှိသော သတင်း အချက်အလက်များနှင့် ပေါင်းစပ် သတိပေးခဲ့သည်။ ယခုလို ... “...ယခုချိန်အထိ တိကျသော အဆက်အစပ် အထောက်အထားများ မတွေ့ရသေးသည့်တိုင် “မပြေးသော် ကန်ရာရှိ၊ ဒွေးနှစ်ဖော်သံဝါညှိ”ကြသည့် အစအနအချို့ကိုကား မြင်သလောက် မြင်နေရချေပြီ။ အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်ဖို့ ကြိုးစားသည့်သတင်း၊ တစ်ဆက်တည်း “မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များကို တိုက်ခိုက်မည်” ဆိုသော ပြည်ပ အဖွဲ့အစည်းများ၏ “ဂျီဟတ်” လှုံ့ဆော်မှုများ ...။ နောက် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှု သတင်းစသည်များ ...။” ယခု မောင်တော အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်တွင်ကား တိကျ ခိုင်မာသော အထောက်အထားများကို တွေ့လာရချေပြီ။
သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်
မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုနှင့် ပတ်သက်သော နိုင်ငံတော် သမ္မတရုံး၏ သတင်း ထုတ်ပြန်ချက် (၁/၂ဝ၁၆) ကို ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့စွဲဖြင့် ယခုလို ထုတ်ပြန်ခဲ့ပါသည်။
- ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ် အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ် (ကျီးကန်ပြင်)၊ ကိုးတန်ကောက် ရဲစခန်းနှင့် ငါးခူရ နယ်မြေရုံးများသို့ အကြမ်းဖက်သမားများက အလစ်အငိုက် ရယူ၍ အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပါသည်။
- ယူဆောင်သွားသော လက်နက် ခဲယမ်းများဖြင့် မောင်တောခရိုင်အတွင်း လှည့်လည်သွားလာ အကြမ်းဖက်မှုများ လုပ်ဆောင်ခဲ့ရာ ဗမာ့တပ်မတော် တပ်ရင်းတပ်ဖွဲ့များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး နယ်မြေ ရှင်းလင်းမှုများ လုပ်ခဲ့ရာ မကြာခဏ ထိတွေ့မှုများ ဖြစ်ပွားခဲ့ပါသည်။
- ဖမ်းဆီးရမိသော အကြမ်းဖက်သမား နှစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ပြန်လည် လွှဲပြောင်း ပေးခဲ့သည့် အကြမ်းဖက်သမား နှစ်ဦးတို့၏ ပဏာမ စစ်ဆေး ဖော်ထုတ်ချက်အရ မောင်တော တိုက်ခိုက်မှုမှာ ပြည်ပမှ ငွေကြေး ထောက်ပံ့မှု၊ ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းများ၏ ပံ့ပိုးမှုတို့ဖြင့် အချိန်ယူကာ စနစ်တကျ ဆောင်ရွက်ခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ကြောင်း တွေ့ရပါသည်။
- အဆိုပါ တိုက်ခိုက်မှုမှာ RSO အကြမ်းဖက် အဖွဲ့အစည်းနှင့် ဆက်နွှယ်သော မောင်တော ဒေသတွင် လှုပ်ရှားသည့် Aqa Mul Mujahidin (အကာလ် မူလ် မူဂျာဟီဒင်န်) အဖွဲ့၏ ဆောင်ရွက်ချက်ဖြစ်ကြောင်း စစ်ဆေးဖော်ထုတ် ရရှိခဲ့သည်။ မောင်တော တိုက်ခိုက်မှုကို ဦးဆောင်သူများကိုလည်း အမည်နှင့်တကွ ဖော်ထုတ်နိုင်ခဲ့ပါသည်။ ထိုသူများမှာ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့များတွင် သင်တန်း တက်ခဲ့သူများ ဖြစ်ပါသည်။
- လက်ရှိအချိန်တွင် ဟာဗစ်တူဟာရ် ဦးဆောင်သော အကြမ်းဖက် အဖွဲ့ငယ်သည် အစွန်းရောက် အကြမ်းဖက်သမား ၄ဝဝ နီးပါးခန့်ဖြင့် မောင်တောဒေသတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက် ရှိပါသည်။
ကောက်နုတ်ချက် (အောက်တိုဘာ ၁၅ ရက်ထုတ် မြန်မာ့အလင်း)
အောက်တိုဘာ ၁၂ ရက်နေ့ထုတ် The Voice သတင်းစာတွင်လည်း သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး (မှူးဇော်) ၏ ဆောင်းပါး တစ်ပုဒ် ပါလာပါသည်။ အဆိုပါ ဆောင်းပါးတွင် မောင်တော အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်၏ နောက်ခံဖြစ်ရပ် သုံးခုကို ယခုလို ဖော်ပြထားပါသည်။
- ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် မတင်တော့ဘဲ ပယ်ဖျက်တော့မယ့်အချိန်...၊
- အမေရိကန် စီးပွားရေး ပိတ်ဆို့မှု အားလုံးနီးပါး (အချို့ကျန်) ဖယ်ရှားလိုက်တဲ့အချိန် ...၊
စစ်ရေးအရ မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ အနောက်ဘက်မှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားလာတာ ဖြစ်ပါတယ်ဟု ရေးသားဖော်ပြ ထားပါသည်။ ဆိုရလျှင် သမ္မတရုံး၏ ထုတ်ပြန်ကြေညာချက်အရ မောင်တော အကြမ်းဖက် တိုက်ခိုက်မှုမှာ စာရေးသူ မှန်းဆထားသလို နိုင်ငံတကာ အကြမ်းဖက် လှုပ်ရှားမှုများနှင့် ဆက်စပ်နေသည်ကို တွေ့လာရပါသည်။
နယ်မြေ ပြဿနာ
သမိုင်းကို ပြန်လှန်ရလျှင် လွတ်လပ်ရေး ခေတ်ဦး ရန်ကုန်အစိုးရ ကာလ (၁၉၄၉-၅ဝ) က ဘူးသီးတောင်နှင့် ရသေ့တောင်တို့မှာ မူဂျာဟစ် သူပုန်များ လက်အောက် ကျရောက်ခဲ့ရသည်။ မူဂျာဟစ်တို့၏ ရည်မှန်းချက်မှာ သီးခြားအစ္စလာမ္မစ်နိုင်ငံ တည်ထောင်ရေးပင် ဖြစ်သည်။ (Hugh Tinker ရေး၊ The Union of Burma, စာမျက်နှာ ၃၄) ထိုစဉ်က “ရိုဟင်ဂျာ”ဆိုသော အသုံးအနှုန်း မရှိသေးပါ။ ယခု နောက်ပိုင်းရောက်မှ “ရိုဟင်ဂျာ”ဆိုသော အမည်သစ်ဖြင့် တစ်ချိန်က မူဂျာဟစ် သူပုန်များ၏ အိပ်မက်ကို အကောင်အထည် ဖော်နိုင်ရန် ကြိုးစား လာကြခြင်း ဖြစ်နိုင်ပါသည်။
သို့နှင့်တိုင် နိုင်ငံ တစ်နိုင်ငံ၏ အမျိုးသား လုံခြုံရေးနှင့် အမျိုးသား အချုပ်အခြာ အာဏာတို့နှင့် တိုက်ရိုက် ဆက်စပ်နေသော နယ်မြေ အပိုင်စီးလိုမှုကို ဖုံးကွယ်နိုင်ရန်အတွက် နိုင်ငံတကာ မီဒီယာ (အထူးသဖြင့်- အနောက်တိုင်း မီဒီယာများ) ကို အသုံးပြုပြီး ဘာသာရေး၊ လူမျိုးရေး ဖြစ်သယောင် ရည်ရွယ်ချက်ရှိရှိ ကျုံးသွင်း လာကြသည်များ အမှန်ပင် ရှိပါသည်။ ဤအချက်ကို အခြေခံအရ ရိုးသားသော ကမ္ဘာ့ရေစီးနှင့် ကာလ တာရှည် အဆက်ပြတ်နေ၍ နိုင်ငံရေးအရ အကင်း မပါးလှသော ဗုဒ္ဓ ဘာသာဝင် ရခိုင်နှင့် ဗမာများက သတိ မပြုမိဘဲ သူတို့ ကျုံးသွင်းသည့်အတိုင်း တည့်တည့်ကြီး တိုးဝင်ခဲ့ရာမှ ရှုပ်ထွေးမှုများ ရှိခဲ့ရသည်။ အမှန်စင်စစ် မြန်မာ့စိတ်ရင်းအရဆိုလျှင် မွတ်ဆလင် ဘာသာဝင်များကို အမုန်းပွားစရာ မရှိသလို လူမျိုးခြား တိုင်းတစ်ပါးသားများကိုလည်း အသားလွတ် မုန်းတီးစရာ အကြောင်း မရှိပါချေ။ မွတ်ဆလင် ဘာသာဝင် ဆရာကြီး ဦးရာဇတ်ကို အာဇာနည် ခေါင်းဆောင်ကြီး တစ်ဦးအဖြစ် မြန်မာ တစ်မျိုးသားလုံး အလေးအမြတ် ထားကြသည်မှာ ထင်ရှားသော သာဓကပင် ဖြစ်ပါသည်။
ဤအခြေအနေတွင် သမ္မတရုံး ကြေညာချက်က သတိပေးထားသလို မိမိတို့ လူ့အဖွဲ့အစည်းအတွင်း ဘာသာရေး၊ လူမျိုးရေး သွေးထိုးလှုံ့ဆော်မှုများ မပြုလုပ်မိစေရန် အထူး အရေးကြီးပါသည်။ ထို့ထက် တစ်မျိုးသားလုံးအတွက် တကယ့်အန္တရာယ်၏ ရှေ့မှောက်တွင် မိမိတို့ တိုင်းရင်းသား အချင်းချင်း ညှိနှိုင်း ဆောင်ရွက်ကြဖို့ လိုပါလိမ့်မည်။ အထူးသဖြင့် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ အနေနှင့် ရခိုင်ပြည်နယ် အရေးကို ထဲထဲဝင်ဝင် ခံစားသိရှိ နားလည်နိုင်သော ရခိုင် အမျိုးသား ပါတီနှင့် ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်ဖြင့် ပြည်ထောင်စုကြီး၏ ရန်သူအစစ်ကို ရင်ဆိုင်ကြဖို့ အရေးကြီးမည် ထင်ပါသည်။
ကျော်ဝင်း
၁၈ အောက်တိုဘာ၊ ၂ဝ၁၆
No comments:
Post a Comment