Tuesday, October 4, 2016

အင်းဝအပ်ချုပ်ဆိုင်ကိစ္စ အရေးယူဆောင်ရွက်ခြင်း မပြုခဲ့သည့် ရဲဝန်ထမ်းများ ကို ရဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားရန် စီစဉ်နေ


Posted: October 4, 2016

အင်းဝအပ်ချုပ်ဆိုင် ကိစ္စနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ခြင်း မပြုလုပ်ခဲ့သည့် ရဲဝန်ထမ်းများကို ရဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ကြီးက ပြောကြားလိုက်သည်။

 

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ ရဲဝန်ထမ်းတွေက အရေးယူရမယ့် အပိုင်းတွေမှာ အရေးမယူခဲ့တဲ့ အတွက် သက်ဆိုင်ရာခရိုင် ရဲမှူးရော၊ မြို့နယ်မှူးရော၊ နယ်ထိန်းရော ရဲစည်းကမ်းအရ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဦးတင်အောင်ထွန်းက ပြောသည်။

 

ရဲဝန်ထမ်းများ အရေးယူမည့်ကိစ္စနှင့် ပတ်သက်၍ အောက်တိုဘာလ(၃)ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တာဝန်သိ သတင်းထောက် ကိုဆွေဝင်းကနေ ရဲစခန်းကိုတိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့် နှစ်ပတ်လောက်ကြာတဲ့ အချိန်ထိ ရဲစခန်းက ဘာမှအကြောင်းမပြန်တာကြောင့် မြန်မာနိုင်ငံ လူ့အခွင့် အရေးကော်မရှင်ကို တိုင်ကြားခဲ့ပါတယ်။ အဲဒီအခါမှလည်း လူ့အခွင့်အရေး ကော်မရှင်က ပြစ်မှုမြောက်နေတဲ့ ရာဇဝတ်မှုကို ငွေကြေးနဲ့ဖြေရှင်းပေးခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ်” ဟု ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောသည်။

 

အင်းဝအပ်ချုပ်ဆိုင်၏ လူ့အခွင့်အရေး ချိုးဖောက်၍ ညှဉ်းပန်းနှိပ်စက်နေသည့် အမှုနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအနေဖြင့် မည်သို့ ကူညီပံ့ပိုး လုပ်ဆောင်ပေးနေသည်ကို သိရှိလိုပါကြောင်းနှင့် နောင်အခါ ယခုကဲ့သို့ ကိစ္စရပ်များ ထပ်မံမပေါ်ပေါက်ဘဲ ပြည်သူများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများမရှိစေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် မည်သို့ကာကွယ် ကူညီလုပ်ဆောင်နေကြောင်းကို ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက မေးမြန်းခဲ့ခြင်း ဖြစ်သည်။

 

MMK

The Ladies News

No comments: