Saturday, September 17, 2016

တာဝန်ချိန်အတွင်း ရထားပေါ်မှ အပေါ့ စွန့်ခဲ့သည့် ရထားမောင်းသမားအတွက် ဂျပန်ရထား ကုမ္ပဏီ ပြန်တောင်းပန်

ဂျပန်ရထားလိုင်း ကုမ္ပဏီ တစ်ခုဖြစ်တဲ့ JR East ဟာ တာဝန်ချိန်အတွင်း ရထားပေါ်ကနေ အပေါ့ စွန့်ခဲ့တဲ့ သူတို့ရဲ့ ရထားမောင်းသမားအတွက် ပြန်လည် တောင်းပန်ခဲ့တယ်လို့ ဒေသတွင်း သတင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ရထားမောင်းသမားဟာ သန့်စင်ခန်းကို သွားနေရင် သူ့ရဲ့တာဝန်တွေ နှောင့်နှေးမှာစိုးလို့ ရထား စက်ခေါင်းခန်းကနေ ရထားလမ်းပေါ်ကို အပေါ့ စွန့်ခဲ့မိခြင်း ဖြစ်ပြီး သူတို့ဝန်ထမ်းရဲ့ အပြုအမူအတွက် အများပြည်သူကို တောင်းပန်ကြောင်း JR East ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

အသက် ၅၀ ကျော်အရွယ် ရှိပြီဖြစ်တဲ့ ယင်းရထားမောင်းသမားဟာ ချီဘာစီရင်စု အတွင်းရှိ ဆာကူရာဘူတာမှာ ရထား ရပ်နားထားစဉ် အပေါ့ သွားချင်လာပြီး သန့်စင်ခန်းကို သွားနေရင် ခရီးစဉ် နှောင့်နှေးမှာ စိုးတဲ့အတွက် ရထားစက်ခေါင်းရဲ့ ရထားသံလမ်းဘက်ခြမ်း တံခါးကို ဖွင့်ကာ အပေါ့စွန့်ခဲ့တာ ဖြစ်တယ်လို့ NHK သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အဲဒီလို ရထားမောင်းသမား အပေါ့ စွန့်နေတာကို တွေ့မြင်သွားသူ တစ်ဦးက ရထားကုမ္ပဏီကို တိုင်ကြားခဲ့တာဖြစ်ပြီး ကုမ္ပဏီ အနေနဲ့ တောင်းပန်ကြောင်း ကြေညာချက် ထုတ်ခဲ့ပေမယ့် အဆိုပါ ရထားမောင်းသမားကို အရေးယူခြင်း ရှိ၊ မရှိ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

No comments: