Saturday, September 17, 2016

ပြည်ထဲရေးဝန်ထမ်းများ မူးယစ်ဆေးဝါး ရောင်းဝယ်ရာတွင် ပါဝင်ပါက ထိရောက်စွာ အရေးယူမည်ဟု ပြည်ထောင်စုဝန်ကြီး သတိပေး


ကျိုင်းတုံ၊ စက်တင်ဘာ ၁၄

မူးယစ်ဆေးဝါး အများဆုံး စိုက်ပျိုး ထွက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်း၌ တာဝန် ထမ်းဆောင်နေသော ပြည်ထဲရေးဝန်ကြီး လက်အောက်ခံ ဌာနဆိုင်ရာများ အနေနှင့် မူးယစ်ဆေးဝါး သုံးစွဲမှု အပါအဝင် ရောင်းဝယ် ဖောက်ကားရာတွင် ပါဝင်ပတ်သက်ပါက ထိရောက်စွာ  အရေးယူမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက သတိပေး ပြောကြားသည်။

ကျိုင်းတုံမြို့ ပြည်နယ် ဒုတိယ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် စက်တင်ဘာလ ၁၄ ရက် မွန်းလွဲ ၂ နာရီခွဲက ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ခံ ဦးစီးဌာန ငါးခုမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီဒေသဟာ မူးယစ်ဆေးဝါး အများဆုံး ထွက်ရှိတဲ့ ဒေသ ဖြစ်တာကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲရာမှာ ပါဝင် မပတ်သက်ဖို့ သတိ ပေးချင်တယ်၊ ရခိုင်ဘက်မှာ မူးယစ်ဆေး သယ်ပေးတဲ့ စခန်းက ရဲကို ရဲတပ်ရင်းက ဝင်ဖမ်းပြီး အရေး ယူခဲ့ရတာ ရှိတယ်၊ ဒါတွေက ဝန်ကြီးဌာနအတွက် ရှက်စရာ ဖြစ်လို့ တားမြစ် သတိ ပေးနေရင်းက ဖြစ်လာရင် ထိထိရောက်ရောက် အရေးယူမယ်”ဟု ၎င်းက ပြောဆိုသည်။

ဝန်ကြီးဌာန လုပ်ငန်းများ ဖြစ်သည့် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် တပ်မတော်၏ အကူအညီကို ရယူ၍ လက်တွဲ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ လာဘ်ပေး လာဘ်ယူမှု အကျင့်ဆိုးများကို ပယ်ဖျောက်၍  ဦးစီးဌာန အချင်းချင်း အပြန်အလှန် လေးစားကာ ချစ်ခင် စည်းလုံးစွာဖြင့် လုပ်ငန်းများ လက်တွဲ လုပ်ဆောင်ရန်လိုကြောင်း ဝန်ကြီးက ထပ်မံ ပြောကြားသည်။

ပြည်နယ် အဆင့်ဌာနဆိုင်ရာ အဖွဲ့အစည်းများ ရုံးစိုက်ရာ ကျိုင်းတုံမြို့ အပါအဝင် ပြည်နယ်ရှိ မြို့နယ်များ၌ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲမှုနှင့် ပတ်သက်၍ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ခံ ဝန်ထမ်းအချို့နှင့် ပြည်သူ့စစ် အဖွဲ့ဝင် အချို့ထံမှ ဖမ်းဆီး ရရှိမှုများကို သတင်း မီဒီယာများ၌ ဖော်ပြပါရှိမှသိာုသိရှိရကြောင်း ဒေသခံများထံမှ သိရသည်။

အစိုးရသစ် လက်ထက်တွင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသသို့ ပထမဆုံး အကြိမ် လာရောက်ခြင်း ဖြစ်ပြီး ပြည်နယ် အတွင်း ရှိ ပြည်ထဲရေးလက်အောက်ခံ ဦးစီးဌာန များကို လှည့်လည် စစ်ဆေးမည်ဖြစ်ကြောင်း ယင်းဌာနများထံမှ သိရသည်။

No comments: