Monday, September 5, 2016

ဆရာဝန် ၂၀၀၀ နီးပါး ခန့်ထားရန် ပြင်ဆင်နေပြီး ခန့်ပြီးသည့်တိုင် ဆရာဝန် ၅၀၀၀ ကျော်၊ သူနာပြု ၁၅၀၀၀ ကျော် လိုအပ်ချက်ရှိနေဟုဆို





မြို့နယ်အချို့တွင် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် တော်ဝင်လူငယ် ဆရာဝန်များအဖွဲ့မှ ဆရာဝန်များအား တွေ့ရစဉ်

မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူ့ဆေးရုံများ အားလုံးအတွက် ဆရာဝန် ၂၀၀၀ နီးပါးခန့်ထားရန် ပြင်ဆင်နေပြီး လစ်လပ်နေရာများ ခန့်ပြီးသည့်တိုင် ဆရာဝန် ၅၀၀၀ ကျော်၊ သူနာပြု ၁၅၀၀၀ ကျော် လိုအပ်ချက် ရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

၂၀၁၅ ခုနှစ်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရရှိထားသည့် စာရင်းများအရ ဆရာဝန်ဦးရေ ၃၂၀၀၀ ကျော်အထိ မွေးထုတ်ထား ပြီး ယင်းတို့အနက်မှလူဦးရေ ၁၀၀၀၀ ကျော်ကိုသာ အစိုးရက နိုင်ငံ့ဝန်ထမ်း အဖြစ် ခန့်အပ်ထားကြောင်း၊ ၀န်ကြီး ဌာန၏ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးတွင် စုစုပေါင်း လူဦးရေ သန်း ၅၀ ကျော်ရှိသည့်အနက် တိုင်းဒေသကြီး နှင့် ပြည်နယ်များအားလုံးတွင် အထူးကုဆေးရုံ ၃၁ ရုံ၊ သင်ကြားရေး ဆေးရုံ^အထွေထွေဆေးရုံ ခြောက် ရုံ၊ ခုတင် ၁၀၀၀ ဆံ့ဆေးရုံ တစ်ရုံ၊ ခုတင်  ၅၀၀ ဆံ့ဆေးရုံ နှစ်ရုံ၊ ခုတင် ၃၀၀ ဆံ့ဆေးရုံ ငါးရုံ၊ ခုတင်၂၀၀ ဆံ့ ဆေးရုံ ၃၄ ရုံ၊ ခုတင်  ၁၅၀ ဆံ့ ဆေး ရုံ နှစ်ရုံ၊ ခုတင် ၁၀၀ ဆံ့ဆေးရုံ ၄၂ ရုံ၊ ခုတင် ၅၀ဆံ့ဆေးရုံ ၇၉ ရုံ၊ ၂၅ ခုတင်ဆံ့ဆေးရုံ ၁၈၃ ရုံ၊ ၁၆ ခုတင် ဆံ့ဆေးရုံ ၁၀ ရုံ၊ တိုက်နယ်ဆေးရုံ ၆၇၀၊ စုစုပေါင်း ဆေးရုံ ၁၀၆၅ ရုံ ရှိခဲ့ကြောင်း၊ လက်ရှိ ၂၀၁၆ ခုနှစ်အတွင်း ဦးစီးဌာနမှ တာဝန်ယူထားသည့် ဆေးရုံပေါင်း ၁၁၃၂ ရုံခန့် ရှိလာကြောင်း သိရသည်။

လက်ရှိ၌ သစ်လွင်ဆရာဝန် ၁၇၀၀ ကျော်နှင့် သွားဘက်ဆိုင်ရာ ဆရာဝန် ၈၄ ဦးအထိ ခန့်ထားရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံမှ အ တည်ပြုချက် ရရှိခဲ့ပြီးဖြစ်ကြောင်း၊ မူလခန့်ထားရန် စီစဉ်ထားသည့် သစ်လွင်ဆရာဝန် ၁၀၀၀ နှင့် သွား ဘက်ဆိုင်ရာဆရာဝန် ၄၂ ဦးအား သစ်လွင်ဆရာဝန် ၁၇၆၈ ဦးနှင့် သွားဘက်ဆိုင်ရာ ဆရာဝန် ၈၄ ဦးအထိ တိုးမြှင့်ခန့်ထားနိုင်ရန် ခွင့်ပြုချက်ရရှိ ခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိဘဏ္ဍာနှစ် အတွင်း ခန့်အပ်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ကျန်းမာရေးကဏ္ဍတွင် လိုအပ်နေသော သူနာပြုဦးရေ ပြည့်မီရန် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် သူနာပြုများ တိုးမြှင့်ခေါ်ယူခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများထက် ဆရာဝန်အင် အားနည်းပါးနေပြီး လူဦးရေ ၁၀၀၀၀ လျှင် ပျမ်းမျှဆရာဝန် ခြောက်ဦးနှုန်းသာ ရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ ဗီယက်နမ်နိုင်ငံတွင် ပြည်သူ ၁၀၀၀၀ လျှင် ဆရာဝန် ၁၁ ဒသမ ၉ ဦး၊ စင်ကာပူတွင် ပြည်သူ ၁၀၀၀၀ လျှင် ဆရာဝန် ၁၉ ဒသမ ၅ ဦး၊ ဂျပန်နိုင်ငံတွင် ပြည်သူ ၁၀၀၀၀ လျှင် ဆရာဝန် ၂၃ ဦး ရှိသည့်အချိန်တွင် မြန်မာနိုင်ငံ၌ ပြည်သူ ၁၀၀၀၀ လျှင် ဆရာဝန်ဦးရေ ၆ ဒသမ ၁ ဦးသာရှိကြောင်း သိရသည်။

ကျန်းမာရေး ၀န်ကြီးဌာနတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနများကို ဖွဲ့စည်းခဲ့ပြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အနေဖြင့် ၀န်ကြီးဌာနတစ်ခုလုံး သုံး စွဲငွေ၏ ၂၅ ရာခိုင်နှုန်း၊ ကုသရေး ဦးစီးဌာနမှ ၆၆ ရာခိုင်နှုန်းကျော် သုံးစွဲရန် သတ်မှတ်ထားကြောင်း သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစ၍ ယခင်ကျန်းမာရေး ဦးစီးဌာန အစားပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနဟူ၍ ဖွဲ့စည်း ပုံပြင်ဆင်ခဲ့ပြီး စတင်ဖွဲ့စည်းစဉ်က ဖွဲ့စည်းပုံအင်အားအရ အရာထမ်း ၄၀၀ ကျော်၊ အမှုထမ်း ၁၅၀၀ ကျော် စုစုပေါင်းဦးရေ ၂၀၀၀ နီးပါးဖြင့် ဖွဲ့စည်းရန် သတ်မှတ်ခဲ့ကြောင်း သိရသည်။

၂၀၁၁ ခုနှစ်မှ၂၀၁၅ ခုနှစ် ဇွန်လအထိ လေးနှစ်တာအတွင်း ဆရာဝန်၊ သူနာပြုများ ၂၅ ရာခိုင်နှုန်းခန့် တိုးမြှင့်ခဲ့ပြီး ပြည်သူ့ဆေးရုံများတွင် ဆရာဝန်များကို သုံးဆခန့် တိုးမြှင့် ခန့်အပ်ခဲ့ကြောင်း၊ ကျန်းမာရေးဝန် ထမ်းလုံလောက်မှု မရှိခြင်းကြောင့် ကျန်းမာရေး ၀န်ကြီးဌာနတွင် လူတိုင်းလက်လှမ်းမီ ကျန်းမာရေး ၀န်ဆောင်မှုစနစ် (Universal Health Coverage) ကို အကောင်အထည်ဖော်ရန် ခက်ခဲနေကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ သိရသည်။

         

Writer: 

အိသဉ္ဇာကျော်



မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com

No comments: