ရန်ကုန်၊ စက်တင်ဘာ ၂၀
အိမ်အကူ မိန်းကလေး နှစ်ဦးကို နှိပ်စက်မှုဖြင့် ကျောက်တံတားမြို့နယ် လမ်း ၄၀ ရှိ အင်းဝအပ်ချုပ်ဆိုင်မှ ဆိုင်ရှင်အမျိုးသမီးနှင့် ၎င်း၏ သမီးဖြစ်သူတို့ နှစ်ဦးကို ယနေ့ (စက်တင်ဘာ ၂၀ ရက်) မွန်းလွဲ ၁ နာရီက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ကျောက်တံတား မြို့မရဲစခန်းတွင် တရားလိုပြု အမှုဖွင့်ခဲ့ကြောင်း အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
“အိမ်ဖော် မိန်းကလေး နှစ်ယောက် အနှိပ်စက်ခံရတာ မနေ့ညကမှ သိခဲ့လို့ ဒီနေ့ ကျောက်တံတားမှာ အမှုဖွင့်ခဲ့တာပါ။ ပထမ သတင်းပေးတိုင်ကြားချက်အရ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ နဲ့ အင်းဝ အပ်ချုပ်ဆိုင်ရှင် အမျိုးသမီးနဲ့ သူ့ရဲ့သမီးတို့ကို အမှုဖွင့်ထားတယ်” ဟု တရားလိုပြု အမှုဖွင့် တိုင်ကြားခဲ့သော အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးမျိုးသိန်းက ပြောကြားသည်။
အိမ်အကူ မိန်းကလေးနှစ်ဦး နှိပ်စက်ခံရမှုကို လွန်ခဲ့သည့် သုံးလခန့်က Myanmar Now သတင်းအေဂျင်စီမှ သတင်းထောက်တစ်ဦးက စတင်သိရှိခဲ့ပြီး ယင်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပေးရန် ကျောက်တံတား မြို့မရဲစခန်းထံ တိုင်ကြားခဲ့ကြောင်း၊ ယင်းသို့ တိုင်ကြားခဲ့သော်လည်း ရဲတပ်ဖွဲ့မှ ထိရောက်စွာ အရေးယူခဲ့ခြင်း မရှိသောကြောင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံသို့ ထပ်မံတိုင်ကြားခဲ့ကြောင်း Myanmar Now ၏ သတင်းဖော်ပြချက်အရ သိရသည်။
ယင်းတိုင်ကြားမှုကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ညှိနှိုင်းပေးခဲ့သောကြောင့် လက်မောင်း တစ်ဖက်နှင့် လက် ၁၀ ချောင်း ကျိုးကာ မီးလောင်ဒဏ်ရာ ရခဲ့သည့် အသက် ၁၆ နှစ် အရွယ် အိမ်အကူ မိန်းကလေးကို ငါးနှစ် လုပ်အားခ အပါအဝင် လျော်ကြေးငွေ ကျပ်သိန်း ၄၀ နှင့် ကတ်ကြေးဖြင့် အထိုးခံရပြီး နှာခေါင်းတွင် ဓားခုတ်ဒဏ်ရာ ရရှိခဲ့သော အသက် ၁၇ နှစ်အရွယ် အိမ်အကူ မိန်းကလေးငယ်ကို ငါးနှစ် လုပ်အားခ အပါအဝင် နစ်နာကြေးငွေ ၁၀ သိန်း ပေးအပ်ခဲ့သည်။
ကျောက်တံတား မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခံရသော အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာနှင့် ၎င်း၏ သမီးဖြစ်သူ ဒေါ်သီရိလတ်တို့ နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ဓာတ်ပုံ - Myanmar Now
No comments:
Post a Comment