ကော်မရှင်အဖွဲ့ မြစ်ကြီးနားသို့ ရောက်ရှိသည်ကို တွေ့ရစဉ် ဓါတ်ပုံ - ရန်ကောင်း
ဧရာဝတီ- မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်သည် စက်တင်ဘာ ၁၆ ရက်တွင် မြစ်ဆုံဒေသသို့ သွားရောက်လေ့လာမည်ဖြစ်ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။
အဆိုပါ ကော်မရှင်သည် ယနေ့(စက်တင်ဘာ ၁၅ ရက်)တွင် မြစ်ကြီးနားသို့ ရောက်ရှိခဲ့ပြီး ပြည်နယ်အစိုးရ ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ ဒုတိယနေ့တွင် မြစ်ဆုံဒေသို့ သွားရောက်မည်ဖြစ်ကြောင်း၊ နောက်တစ်နေ့တွင် လုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းခွင်နေရာများသို့ ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ပြည်နယ်ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။
အဆိုပါကော်မရှင်သည် အဖွဲ့ဝင် ၂၀ ဦးနှင့်ဖွဲ့စည်းထားပြီး ယင်းအဖွဲ့မှ ၁၅ဦးသည် မြစ်ကြီးနားဒေသသို့ရောက်ရှိခဲ့ပြီး ဒေသခံလူထုနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ယင်းကော်မရှင်မှ ဒေါက်တာ ဝင်းသိန်းက ပြောသည်။
ဧရာဝတီ-မြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်သည် မြစ်ကြီးနားဒေသတွင် ပထမဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်ပြီး လေးရက်ကြာလေ့လာတွေ့ဆုံသွားမည်ဖြစ်သည်။ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်ကို ယခုနှစ် သြဂုတ် ၁၂ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးက
ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
ယင်းကော်မရှင်တွင် ပြည်ထောင်စုဝန်ကြီး ခြောက်ဦးပါဝင်ပြီး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသည်။
ကော်မရှင်၏ လေ့လာစိစစ်သုံးသပ်မှု ပထမအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ ယခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့အရောက် အစီရင်ခံတင်ပြရမည်ဟု ယင်းကော်မရှင်ကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
No comments:
Post a Comment