ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ
မကြာခင်တွင် လေလံတင်ရောင်းချမည်ဖြစ်သည့် 2600 MHz Spectrum ကို
ဆက်သွယ်ရေးအော်ပရေတာနှစ်ခု က လေလံဝင်ရောက်ရယူမည်ဖြစ်သော်လည်း Ooredoo က
ဝင်ရောက်ဝယ်ယူမည်မဟုတ်ကြောင်း သိရသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသော 2600 MHz Spectrum လေလံ ၀င်ရောက်ရယူမည့် ကုမ္ပဏီများစာရင်းတွင် ဆက်သွယ်ရေးအော်ပရေတာနှစ်ခုဖြစ်သည့် MPT နှင့် Telenor တို့ ပါဝင်သော်လည်း Ooredoo အနေဖြင့် ပါဝင်ခဲ့ခြင်း မရှိပေ။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနထံသို့ 2600 MHz Spectrum ကို လေလံဝင်ရောက်ရယူရန် ကုမ္ပဏီ ၂၂ ခု စာရင်းပေးသွင်းခဲ့သော်လည်း ညွှန်ကြားမှုဦးစီးဌာနသည် Bluewave Broadband Limited နှင့် Eager Communication Co.,Ltd တို့ကို စာရင်းပယ်ချခဲ့ပြီး ကုမ္ပဏီ ၂၀ ခု ကိုသာ လေလံပွဲသို့ ဝင်ရောက်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။
Ooredoo သည် 1800 MHz Spectrum ရောင်းချသည့်အခါမှသာ ဝယ်ယူမည်ဟု သတင်းထုတ် ပြန်ခဲ့သည့်အတိုင်း 2600 MHz Spectrum ကို ဝယ်ယူခဲ့ခြင်းမရှိခဲ့ပေ။ 2600 MHz Spectrum ကို ဆက်သွယ်ရေးအော်ပရေတာများ ဝင်ရောက်ဝယ်ယူခြင်းကို ခွင့်မပြုရန်အတွက်လည်း ပြည်တွင်း နည်းပညာကုမ္ပဏီများက စုပေါင်း ကန့်ကွက်ခဲ့ဖူးသည်။
ဆက်သွယ်ရေးအော်ပရေတာနှစ်ခုဖြစ်သည့် Ooredoo နှင့် Telenor တို့သည် လက်ရှိအချိန်၌ 900 MHz ( 5 Band ) နှင့် 2100 MHz (15 Band ) တို့ကို အစိုးရထံမှ ညီတူညီမျှဝယ်ယူထားကြပြီး MPT သည် ၎င်းတို့နှင့်တူညီမှုမရှိဘဲ 900 MHz တွင် (5 Band ) ပိုမိုပိုင်ဆိုင်ထားကြောင်း သိရသည်။

No comments:
Post a Comment