အစိုးရသစ်လက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်သိန်းက အမှန်တကယ် ကျူးကျော် နေထိုင်သူများကို စာရင်းကောက်ယူကာ နေရာချထားပေးရေးနှင့် အလုပ်အကိုင်ရရှိရေးအတွက် ဆောင်ရွက်ပေးမည်ဟု ပြောပြီးနောက်ပိုင်းတွင် ရွှေပြည်သာမြို့နယ်တွင် ကျူးကျော်အရေအတွက် မြောက်မြားစွာ တိုးပွာလာနေပြီး သောင်းချီရှိလာနေကြောင်း ဒေသခံများနှင့် ဒေသအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူများကဆိုသည်။
ကျူးကျော်သူများသည် မြေကွက်လွတ်တွင် ၀င်ရောက်ကျူးကျော် နေထိုင်သူများရှိသကဲ့သို့ လူနေအိမ်များဘေးတွင် ကပ်လျှက် လာရောက်ကျူးကျော်သူများကြောင့် ပတ်ဝန်းကျင်မှ အနှောင့်အယှက်ဖြစ်နေကြသည်ဟု ဆိုသည်။
မေလ ၂၅ ရက်နေ့နောက်ပိုင်းတွင် ထပ်မံကျူးကျော်လာသော ကျူးကျော်များကို အရေးယူ ဖယ်ရှားမည်ဟု ဆိုသော်လည်း ကျူးကျော်သူများမှာ တိုက်အိမ်များ အခိုင်အခံ့ တည်ဆောက်ကာ ကျူးကျော်မြဲပင်ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။
“ကျူးကျော်မှုတွေက ထုနဲ့ ထည်နဲ့ ဖြစ်နေလို့ ပေါ်လစီသေချာစွာ ချမှတ်သင့်ပါတယ်။ ပေါ်လစီ မမှန်ရင်တော့ ဖြေရှင်းနိုင်ဖို့ မလွယ်ပါဘူး။ အခုမြင်နေရသလောက်တော့ သူတို့နဲ့ အဆင်ပြေတဲ့ ကျူးကျော်တွေကိုတော့ မဖျက်ဘူး။ အဆင်မပြေရင်တော့ ဖျက်တယ်။ ပြည်သူက တင်မြှောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်များကလည်း ပြည်သူ့ အသံကို နားထောင်ပြီး ပြည်သူတွေဘက်က ဖြေရှင်းပေးသင့်တယ်လို့ မြင်မိပါတယ် ” ဟု သွေးစည်းညီညွှတ်သော အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် (ယာယီ)မှ မမျိုးမျိုးအေးက The Ladies သို့ ပြောကြားသည်။
ရွှေပြည်သာ စက်မှုဇုန်နှင့် သာဓုကန် စက်မှုဇုန်တို့တွင် ကျူးကျော်များ တိုးပွားမှုများပြားလာနေသည်ဟု ရွှေပြည်သာမြို့နယ်နေ ကိုပြည့်ဖြိုးက ပြောသည်။ “နေ့တိုင်းတစိမ့်စိမ့်ဝင်တာများတယ်” ဟု ကိုပြည့်ဖြိုးက ပြောသည်။
“တချို့နေရာတွေမှာဆို ရောက်တာ မကြာသေးဘူး။ ရပ်ကွက်လိုပဲ ဓမ္မာရုံတောင် ဆောက်လိုက်ကြပြီ။ အမှန်တကယ်နေဖို့ထက် အကျိုးစီးပွားအရ ကျူးနေသူတွေများတယ်။ ဓမ္မာရုံတွေက ဓာတ်စက်တွေလည်း ဖွင့်တော့ တချို့ပြည်သူတွေက မခံနိုင်ဘူး” ဟု ရွှေပြည်သာဒေသခံ ကိုညွှန့်ဇော်က ဆိုသည်။
မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန် တာဝန်ယူခဲ့စဉ်အချိန် (၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း) ရွှေပြည်သာမြို့နယ်တွင် ကျုးကျော် ၁၀၀၈ လုံးခန့်သာ ရှိသော်လည်း ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် ကျူးကျော်အရေအတွက် ၆၀၀၀ ကျော်အထိ တိုးလာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်၏ ကျူးကျော်များအတွက် ဆောင်ရွက်ပေးမည့် အစီအစဉ်ကို ပြောကြားခဲ့ပြီးနောက်ပိုင်းတွင် ကျူးကျော်များသည် တစ်စထက် တစ်စ ထပ်မံတိုးပွားလာခဲ့ရာ ယခုအခါ ခန့်မှန်းခြေ သိန်းဂဏန်းကပ်လာနေပြီဟုလည်း ဒေသခံအချို့က ဆိုသည်။
ဝသန်
The Ladies News
No comments:
Post a Comment