Posted: August 27, 2016
ပုဂံဒေသတွင် ငလျင်ဖြစ်လှုပ်ခဲ့သည့်အတွက် ပုဂံကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် နှောင့်နှေးမှုရှိမရှိကို လေ့လာဆန်းစစ်မှုများ ပြုလုပ်ပြီး လာမည့် နှစ်ပတ်၊ သုံးပတ်မှသာ သေချာပြောနိုင်မည်ဖြစ်ကြောင်း ယူနက်စကိုအဖွဲ့မှ DUONG Bich Hanh ကပြောကြားခဲ့သည်။
ဇူလိုင်လအတွင်းက ယူနက်စကိုအဖွဲ့သည် မန္တလေးမှာတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ မြန်မာအစိုးရအနေဖြင့် ပုဂံဒေသကို ၂ဝ၁၈ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ် စာရင်းတွင် တင်ပြနိုင်ရန်အတွက် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
“ဒီငလျင်နဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်အစိုးရနဲ့ ဒေသခံများအားလုံးက ဘယ်လိုပူးပေါင်း ဆောင်ရွက်နေတယ်။ စီမံခန့်ခွဲမှုတွေ ထိထိရောက်ရောက် လုပ်နေသလဲ ဆိုတာကို ပြသနိုင်မယ်ဆိုရင်လည်း ဒီပုဂံဒေသကြီးက ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဒေသဖြစ်ဖို့အတွက် ဘယ်လောက် အထောက်အကူပြုတယ် ဆိုတာကိုလည်း ပြောချင်ပါတယ်” ဟု DUONG Bich Hanhက ပြောကြားသည်။
ငလျင်ဒဏ်ကြောင့် ပျက်ဆီးဆုံးရှုံးသွားသော ရှေးဟောင်းအမွေအနှစ် ပြန်လည်ပြင်ဆင်ရာတွင် ကာလတိုနှင့် ကာလရှည်ဟူ၍ စီမံကိန်းနှစ်ခု ရှိရာ ကာလတိုတွင် ဆောင်ရွက်ရမည့် အချက်၊ ကာလရှည် ဆောင်ရွက်ရမည့် အချက်များကို ယူနက်စကိုမှ လုပ်ငန်းအစီအစဉ်များ မကြာခင်ရေးဆွဲပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့များကို တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ယူနက်စကိုအဖွဲ့၏ လုပ်စဉ်အနေဖြင့် ငလျင်မဖြစ်ခင်ကတည်းက ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် တင်သွင်းမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သော Management Plan ရေးဆွဲရန်အတွက် ကျွမ်းကျင်သူများ နှင့် အစည်းအဝေးတွေလုပ်ရန် စီစဉ်ခဲ့သော်လည်း မမျှော်လင့်ဘဲ ငလျင်ဖြစ်သွားသည့် အတွက်ကြောင့် ငလျင်အတွက်ကို ဦးစားပေးလုပ်ဆောင်မည်ဟု ဆိုသည်။
ပုဂံတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဘုရားစေတီပေါင်း ၃၉၀ ကျော်ရှိကြောင်း အသေးစိတ် ကောက်ယူထားသည့် စာရင်းများအရ သိရသည်ဟု ရှေးဟောင်း သုတေသန ယဉ်ကျေးမှုနှင့် ပြတိုက်ဦးစီးဌာနမှ သိရသည်။
ဝသန်
The Ladies News
No comments:
Post a Comment