Friday, August 12, 2016

ဒေါ်အောင်ဆန်းစုကြည် တရုတ်မသွားမီ မြစ်ဆုံစီမံကိန်း ဆက်လက်ဆောင်ရွက်ရန် သင့်၊ မသင့် လေ့လာသုံးသပ်ရေး ကော်မရှင်ဖွဲ့စည်း

ကချင်ပြည်နယ်အတွင်း ဆောင်ရွက်မည့် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများကို ဆက်လက် ဆောင်ရွက်ရန် သင့်-မသင့် နှင့်စပ်လျဉ်း၍ လေ့လာ စိစစ်သုံးသပ် တင်ပြနိုင်ရန် “ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး က သြဂုတ် ၁၂ ရက်တွင် အမိန့်ကြော်ငြာစာ တစ်စောင်ထုတ်ပြန်လိုက်သည်။

 

လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်သည် ဧရာဝတီ- မြစ်ဆုံမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း များနှင့်စပ်လျဉ်း၍ အမျိုးသားအကျိုးစီးပွား တိုးတက်ရေးကို အခြေခံလျက် နိုင်ငံတော်နှင့် ပြည်ပရင်းနှီးမြှုပ်နှံ သူတို့ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် သင့်လျော်သောနည်းလမ်းများ ရရှိစေရန် သုံးသပ်ချက်၊ အကြံပြုချက်များကို အစီရင်ခံစာတင်ပြရမည် ဖြစ်သည်။

 

အဆိုပါလေ့လာစိစစ် သုံးသပ်ရေးကော်မရှင်တွင် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်မည်ဖြစ်ကာ ဒုတိယ ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင့်ဆွေက ဒုတိယ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးများ အပါအ၀င် ပြည်ထောင်စုရှေ့နေချုပ် ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် နှင့် လွှတ်တော် ကိုယ်စားလှယ်များမှာလည်း အဖွဲ့ဝင်အဖြစ် ပါဝင်သည်။

 

မြစ်ဆုံစီမံကိန်းမှာ သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်တွင် ယာယီရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ပြီး အစိုးရသစ်လက်ထက်တွင် တရုတ်နိုင်ငံဘက်မှ ပြန်လည်စတင်လိုနေသည်ဟု ပြောဆိုထားသည့် စီမံကိန်းလည်းဖြစ်ပြီး လူထုကန့်ကွက်မှုများ ရှိနေသည့်စီမံကိန်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဉ်မှာ သြဂုတ်လ ၁၇ ရက်နေ့တွင် စတင်မည်ဖြစ်သည်။

 

ဇော်မင်းထွန်း

The Ladies News

No comments: