Thursday, August 18, 2016

လူသွားစင်္ကြံပေါ်တွင် ဈေးရောင်းခွင့်မရှိ၊ ဆက်လက်ရောင်းလျှင် အရေးယူမည်ဟုဆို

ရန်ကုန်မြို့စင်္ကြံများတွင် ဈေးရောင်းခွင့်မရှိကြောင်း ထုတ်ပြန်ချက်ကို တပ်ဆင်ထားစဉ်၊ ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်း နှင့် လူသွားစင်္ကြံပေါ်တွင် ဈေး ရောင်းချခြင်းမပြုရန် ဩဂုတ် ၁၆ ရက်ကစ၍ အသိပေးချက်ထုတ်ပြန်ပြီး လိုက်နာခြင်းမရှိဘဲ ဆက်လက်ရောင်းချနေပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
လမ်းမပေါ်နှင့် လူသွားစင်္ကြံ ပေါ်တွင် ဈေးရောင်းချခြင်းမရှိရန် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီအနေဖြင့် စနစ်တကျဖြေရှင်းမည်ဖြစ်ပြီး လက်ရှိ၌ ရောင်းချသူများနှင့် ပြည်သူများ အသိပညာပေးကာလအဖြစ် ကြေညာချက်ဗီနိုင်းများဖြင့် ထုတ်ပြန်ထားကြောင်း ကော်မတီဝင် (၅) ဒေါ်သန်းမြင့်အောင်က ပြောသည်။
‘‘စည်းကမ်းတကျ ဘယ်လို ရောင်းချမလဲ။ ဒီနေရာမှာ ရောင်း လို့မရဘူးဆိုရင် ဘယ်နေရာလေး မှာ ရောင်းလို့အဆင်ပြေနိုင်မလဲ။ ရောင်းတဲ့သူရော၊ ဝယ်တဲ့သူရော၊ လမ်းသွားလာသူရော၊ မော်တော် ကားမောင်းသူရော၊ အမှိုက်သန့် ရှင်းမှုရော အဲဒါတွေကို စနစ် တကျလုပ်သွားမှာပါ’’ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကော်မတီဝင် (၅) ဒေါ်သန်းမြင့်အောင်က ဆိုသည်။

လမ်းဘေးဈေးရောင်းချမှု များနှင့်ပတ်သက်၍ ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော် မတီ ကြေညာချက်တွင် ‘‘ရန်ကုန် မြို့တော် စည်ပင်သာယာနယ်နိ မိတ်အတွင်းရှိ လမ်းနှင့် လူသွား စင်္ကြံများသည် အများပြည်သူဆိုင် ရာ နေရာများဖြစ်သဖြင့် မည်သူ့ ကိုမျှ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်၊ လုပ်ပိုင်ခွင့်ပေးမထားပါသောကြောင့် မည်သည့်အကြောင်းပြချက်မျိုး ဖြင့် ငှားရမ်းခွင့်၊ ရောင်းချခွင့်မရှိ ကြောင်း အသိပေးကြေညာအပ်ပါ သည်’’ဟု ဖော်ပြထားသည်။
သို့သော် နေရာပြန်လည်ရောင်းချမည့် စီးပွားရေးသမားများအတွက်မဟုတ်ဘဲ ဈေး ရောင်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသူများအတွက် နေရာတစ်ခုအမြန်ဆုံးစီစဉ်ပေးမည်ဖြစ်ကြောင်း ဒေါ်သန်းမြင့်အောင်က 7Day Daily အား ပြောကြားသည်။
          ဩဂုတ် ၁၆ ရက်မှစ၍ လသာ၊ လမ်းမတော်၊ ပန်းဘဲတန်း၊ ကျောက်တံတားမြို့နယ် လေးခု၌ အသိပေးကြေညာချက် ဗီနိုင်းများ မြို့နယ်တစ်ခုလျှင် ၅၀ နှုန်း ဖြန့်ချိထားပြီး အသံချဲ့စက်ဖြင့်လည်း လမ်းသွားလာသူများအတွက် အနှောင့်အယှက်ဖြစ်စေသည့် ဈေးရောင်းချမှုများ မပြုလုပ်ရန် သတိပေးနေကြောင်း ပန်းဘဲတန်းမြို့နယ် စည်ပင်သာယာရေးကော်မတီ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လွင်က ပြောကြားသည်။
‘‘ပထမအဆင့်ကတော့ ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့်သိလာ အောင် ပညာပေးသဘောအနေနဲ့ အသိပေးနှိုးဆော်ထားတယ်။ ဘာလို့လဲဆိုတော့ လမ်းဘေးရောင်းချမှုတွေက ဘယ်လောက်အမြစ် တွယ်နေလဲဆိုတာ ပြောရခက် တယ်။ အသိပညာပေးကာလ ကျော်လွန်ရင်တော့ အရေးယူမှု တွေ စတင်လုပ်ဆောင်မှာပေါ့။ လောလောဆယ်တော့ အသိ ပညာပေးကာလကို သတ်မှတ် ထားခြင်းမရှိသေးဘူး’’ဟု ဦးမောင်မောင်လွင်က ရှင်းပြသည်။
ရန်ကုန်စည်ပင်သည် ၂၀၁၀ မတိုင်မီက လမ်းဘေးဈေးရောင်းချသူများထံမှ နေရာသတ်မှတ်၍ အခွန်ကောက်ခံခြင်းများရှိခဲ့ပြီး ထိုအချိန်က သတ်မှတ်နေရာများ၌ ရောင်းချသူများသည် ၎င်းတို့၏ ကိုယ်ပိုင်နေရာများဟု မှတ်ယူကာ လက်ဆင့်ကမ်းရောင်းချခြင်း၊ ငှားရမ်းခြင်းများ ပြုလုပ်နေသည်ကို တွေ့ရကြောင်း ပန်းဘဲတန်းမြို့နယ် စည်ပင်သာယာရေးကော်မတီ အုပ်ချုပ်ရေးမှူးက ပြောသည်။
‘‘ကျွန်တော်တို့က တရား မဝင်ပစ္စည်းရောင်းနေတာလည်း မဟုတ်ဘူး။ မတရားသဖြင့် ခိုးစား နေသူတွေလည်း မဟုတ်ဘူး။ စား ဝတ်နေရေးအတွက် ဈေးရောင်း စားတာပါ။ ဒီလိုနေရာမှ မရောင်း ရင်လည်း စားဝတ်နေရေးအဆင် မပြေနိုင်ဘူး။ စည်ပင်က အသိပေးကြေညာချက်တွေ တွေ့ပါတယ်။ နောက်ပိုင်းတွေ မပြောတတ်ဘူး။ လောလောဆယ် ရသလောက်ရောင်းနေမှာပဲ’’ဟု ၂၈ လမ်းထိပ်အနီး လမ်းဘေးဈေးရောင်းချသူတစ်ဦးက ပြောသည်။
စည်ပင်က ညနေ ၃ နာရီနောက်ပိုင်းမှ မြို့တွင်းလမ်းဘေး၌ ဈေးရောင်းခွင့်ပေးပြီး လမ်းဘေးဈေးရောင်းချခွင့်ကို ပိတ်ပင်မည်ဆိုပါက ဈေးသည်များအတွက် အခက်ကြုံမည်ဖြစ်ကြောင်း ဈေးရောင်းသက်တမ်း ၁၀ နှစ်ခန့်ရှိသည့် ကိုသက်ဦးက ပြောသည်။
‘‘စည်ပင်ကလူတွေက လမ်း မပေါ်မထွက်ဖို့ ရှေ့တိုးရောင်းဖို့ ပြောတယ်။ ရှေ့တိုးတော့ ပလက် ဖောင်းပေါ်ရောက်ကုန်တယ်။ အခက်တွေ့အောင် သူတို့က လုပ်နေတာ’’ဟု ကိုသက်ဦးက ပြောသည်။
လမ်းသွားလာသူများအတွက်အဆင်ပြေမည်ဖြစ်သော်လည်းဈေးသည်များ ဒုက္ခမရောက်စေရန်ဈေးရောင်းချနိုင်မည့်နေရာတစ်ခုအစားထိုးစီစဉ်ပေးရန် လိုအပ်ကြောင်း လျှပ်စစ်ပစ္စည်းရောင်းချသူ ကိုကျော်ဇေယျကပြောသည်။  ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက လမ်းဘေးနေရာများတွင် လက်ဦးမှုရယူပြီး တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများကို စီမံချက်ဖြင့် တိကျစွာလုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် စားဝတ်နေရေးအတွက် လမ်းဘေးဈေးရောင်းသူများကို စိတ်ချလုံခြုံစွာ ရောင်းချနိုင်ရန်၊ ပြည်သူများဖြောင့်တန်းစွာ လမ်းသွားလာနိုင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ဩဂုတ် ၁၃ ရက်တွင် ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။

No comments: