ရန်ကုန်မြို့တွင်းပြေးဆွဲလျှက်ရှိသော ယာဉ်လိုင်းပေါင်း ၃၅၈ လိုင်းမှ လိုင်းတူများကို စုစည်းကာ ယာဉ်လိုင်း ၅၀ အဖြစ်သို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်မှုအာဏာ ပိုင်အဖွဲ့မှ သိရသည်။
“လက်ရှိ ဘတ်စ်ကားလိုင်းတွေကို လျော့ချတဲ့အခါမှာ လမ်းတစ်လမ်းမှာ ဘတ်စ်ကားလိုင်း တစ်လိုင်း၊ နှစ်လိုင်းထက် ပိုမထားဘူး။ လက်မှတ်စနစ်တွေနဲ့သွားမယ်။ အများပိုင်ဖွဲ့စည်းဖို့အတွက် လက်ရှိ ယာဉ်လုပ်သားတွေကို လက်မှတ်ရောင်းတဲ့ နေရာတွေမှာ ပြန်လည်ခန့်အပ်သွားမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်မှုအာဏာ ပိုင်အဖွဲ့အတွင်းရေးမှူး ဒေါက်တာမောင်အောင်က သြဂုတ်လ ၁၂ ရက်နေ့တွင် The Ladies သို့ ပြောကြားသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲလျှက်ရှိသော ယာဉ်လိုင်းများကို အများပိုင်ဖွဲ့စည်းပြီး ဘတ်စ်ကားများ ပြေးဆွဲရန်အတွက် အဓိက လမ်းမကြီး ၂၀ တွင် အများပိုင်ကုမဏီများကို ပြေးဆွဲနိုင်ရန် ချပေးမည်ဖြစ်ကြောင်း သိရသည်။
အများပိုင်ဘတ်စ်ကားစနစ်ကို လာမည့် အောက်တိုဘာလတွင် စတင်မည်ဖြစ်ရာ အများပိုင်ဖွဲ့စည်းရန် အတွက် ကုမ္ပဏီရှစ်ခု စာရင်းပေးထားပြီးဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီအတွင်း ပြေးဆွဲမည့် အများပိုင်ကုမ္ပဏီများတွင် ၂၀၀၆ မော်ဒယ်နှင့်အထက် ဘတ်စ်ကားများ သာ တင်သွင်းပြေးဆွဲခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။
“ ရန်ကုန်မြို့က ပြည်သူလူထုက အခုချိန်မှာ ဘတ်စ်ကားလမ်းကြောင်းကိုပဲ အားကိုးနေတယ်။ ပြီးတော့ ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့နိုင်ဖို့က ရေလမ်းခရီး၊ မီးရထားလမ်းတွေကို အသုံးပြုလာရင်တော့ တဖြည်းဖြည်းနဲ့ ဖြေရှင်းနိုင်မှာပါ။ ဒါကြောင့်လဲ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့အနေနနဲ့ ရေကြောင်းလမ်း ကဏ္ဍ၊ မီးရထားလမ်း တို့ကို အသုံးပြုမှုများလာအောင် ဆောင်ရွက်သွားမည်” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင် အဖွဲ့အနေဖြင့် ရန်ကုန်မြို့တွင်း ပြေးဆွဲလျှက်ရှိသော ယာဉ်လိုင်းများသာမက လှိုင်မြစ်နှင့် ငမိုးရိပ်ချောင်းကို အခြေပြု၍ ရေကြောင်းလမ်း သယ်ယူပို့ဆောင်ရေး စတင်နိုင်ရန် စီစဉ်လျှက်ရှိပြီး မီးရထားကဏ္ဍ တိုးတက်လာနိုင်ရန်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝသန်
No comments:
Post a Comment