မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, May 5, 2016
သုံးနှစ်အရွယ် မိန်းကလေးတစ်ဦးကို တရုတ်ပြည်တွင်မွေးစားရန် ခွင့်ပြုခဲ့သည့်ဖခင် လူကုန်ကူးမှုဖြင့် အမှုဖွင့်ခံရ
သုံးနှစ်အရွယ် မိန်းကလေးတစ်ဦးကို တရုတ်ပြည်တွင်မွေးစားရန် ခွင့်ပြုခဲ့သည့်ဖခင် လူကုန်ကူးမှုဖြင့် အမှုဖွင့်ခံရ
--------- -------- ---------
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ ကုန်းကန့်ရွာမှ အသက်သုံးနှစ် အရွယ် မိန်းကလေးတစ်ဦးကို လူကုန်ကူးရာတွင် ဖခင်ဖြစ်သူက ခွင့်ပြုခဲ့သဖြင့် ကျိုင်းတုံမြို့မရဲစခန်းက ဖခင်ဖြစ်သူကို အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။
လူကုန်ကူးသူ အမျိုးသမီးနှစ်ဦးမှာ သမီးဖြစ်သူအား တရုတ်နိုင်ငံတွင် မွေးစားသမီးအဖြစ် ခံယူပါက ဘဝနောင်ရေး စိတ်အေးရမည်ဟုဆိုကာ ဖခင်ထံစည်းရုံးခဲ့ရာတွင် ဖခင်ဖြစ်သူက သဘောတူခဲ့သောကြောင့် လူကုန်ကူးသည့် တရားခံအမျိုးသမီး နှစ်ဦးနှင့်အတူ ဖခင်ဖြစ်သူကိုပါ မေလ ၄ ရက်တွင် လူကုန်ကူးမှုဖြင့် အမှုဖွင့်ထားသည်။
“ကျိုင်းတုံမြို့နယ် ပင်းတောက်ကျေးရွာအုပ်စု ဝမ်ကူသစ်ရွာက မဘူးရှ(ခ)မဘူးဖူနဲ့ ကတ်တောင်ကျေးရွာအုပ်စု ကတ်ဆားရွာက မမေနှင်းခိုင်တို့ နှစ်ယောက်ကို သတင်းအရ ကတ်တောင် အုပ်ချုပ်ရေးမှူးရုံးမှာ မေ ၃ ရက်က ခေါ်ပြီး ကတ်တောင် အုပ်ချုပ်ရေးမှူးနဲ့ ဝမ်ကူသစ်အုပ်ချုပ်ရေးမှူးရှေ့မှာ မေးမြန်းစစ်ဆေးရာက အမှုပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်” ဟု ကျိုင်းတုံမြို့မရဲစခန်းမှ အမှုစစ်အရာရှိ ရဲအုပ်ကျော်မိုးက ပြောသည်။
စစ်ဆေးရာတွင် မဘူးရှ(ခ) မဘူးဖူးသည် မတ်လအတွင်းက တရုတ်နိုင်ငံ၊ လန်ချမ်းမြို့၌နေထိုင်သည့် ယောင်းမတော်စပ်သူ မဘူးမေက ဖုန်းဆက်ခေါ်သဖြင့် သွားရောက်ခဲ့ရာ မဘူးမေက ကလေးမွေးစားလိုသည့် တရုတ်အမျိုး သမီးတစ်ဦးက ကလေးတစ်ဦး ခေါ်လာပေးလျှင် အခကြေးငွေပေးမည်ဟု ပြောဆိုသဖြင့် ကျိုင်းတုံမြို့သို့ ပြန်လာခဲ့ရာ ဦးလီညာနှင့် ၎င်း၏ အသက်သုံးနှစ်အရွယ် သမီးဖြစ်သူကို တွေ့ရှိခဲ့ကြောင်း ထွက်ဆိုထားသည်။
ဦးလီညာနှင့် တွေ့ဆုံကာ တရုတ်နိုင်ငံတွင် ကလေးမွေးစားရန် ပို့ပေးပါက ကောင်းမွန်စွာနေထိုင်ရပြီး အခကြေးငွေလည်း ရရှိမည်ဟု ပြောဆိုခဲ့ရာ ဦးလီညာက သဘောတူ လက်ခံခဲ့ကြောင်း သိရသည်။
အမှုနှင့်ပတ်သက်၍ မဘူးရှ(ခ) မဘူးဖူထံမှ ကလေးမွေးစားကြောင်း သဘောတူစာချုပ် စာရွက်နှစ်ရွက်၊ တရုတ် ငွေ ၁၈၀ ယွမ်တို့ကို သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့ပြီး ကလေး၏ဖခင်ဖြစ်သူ ဦးလီညာမှာ ထွက်ပြေး တိမ်းရှောင်နေခြင်းကြောင့် ကျိုင်းတုံမြို့မရဲစခန်းက စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ လူကုန်ကူးမှုနှင့် ပတ်သက်၍ ဦးလီညာ၊ မဘူးရှ(ခ)မဘူးဖူနှင့် မမေနှင်းခိုင်တို့ကို ကျိုင်းတုံမြို့မရဲစခန်းက (ပ)၈၅/၂၀၁၆၊ လူကုန်ကူးမှု ကာကွယ်ရေးဥပဒေ ပုဒ်မ၂၆(က)အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
သတင်း - MMK
The Ladies News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment