မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, March 3, 2016
NLD အစိုးရသစ်ကို အချိန်တနှစ်ခန့်ပေး၍ စောင့်ကြည့်သင့်ကြောင်း ချက်နိုင်ငံသားပညာရှင်ပြောကြား
NLD အစိုးရသစ်ကို အချိန်တနှစ်ခန့်ပေး၍ စောင့်ကြည့်သင့်ကြောင်း ချက်နိုင်ငံသားပညာရှင်ပြောကြား
------ ------ ------ ------ ------
NLD ပါတီက ဦးဆောင်ဖွဲ့စည်းခွင့်ရရှိထားသည့် အစိုးရသစ်အပေါ် တနှစ်ခန့်စောင့်ကြည့်လေ့လာပြီးမှ ဝေဖန် ပြောဆိုမှုများပြုလုပ်သင့်ကြောင်း ချက်သမ္မတနိုင်ငံ ယဉ်ကျေးမှုနှင့် ဒီမိုကရေစီစင်တာ၏ သုတေသနမှူးမစ္စတာ အီဂေါဗလာဇီဗစ် က News Watch သို့ ပြောသည်။
''နိုင်ငံတကာမှာဆိုရင်တော့ အစိုးရအဖွဲ့အသစ်တခုကို စောင့်ကြည့်ဖို့ ရက်ပေါင်း ၁၀၀၊ အချိန်သုံးလကျော်ယူ တယ်။ ရက် ၁၀၀ အတွင်း သူတို့လုပ်သမျှ မဝေဖန်သေးဘူး။ ရက် ၁၀၀ ကျော်မှ ဝေဖန်ကြတယ်။ မြန်မာနိုင်ငံ လို ပြဿနာတွေ အမြောက်အမြားရှိနေတဲ့နိုင်ငံကိုကိုင်တွယ်မယ့် NLD အစိုးရသစ်ကို အနည်းဆုံး ၃၆၅ ရက် လောက် အချိန်ပေးသင့်ပါတယ်''ဟု ၎င်းက ဆိုသည်။
NLD ပါတီအနေဖြင့် အစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းရာတွင် တိုင်းရင်းသားများကို ၃၀ ရာခိုင်နှုန်းခန့် နေရာပေးသင့်ကြောင်း အီဂေါဗလာဇီဗစ်က ဆက်လက်ပြောကြားသည်။
''NLD အနေနဲ့ တိုင်းရင်းသားတွေကို အစိုးရအဖွဲ့ထဲမှာ နေရာပေးကိုပေးသင့်ပါတယ်။ ဒါက စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ခြင်းရဲ့ နည်းလမ်းတခုပါ။ ၃၀ ရာခိုင်နှုန်းကို စ,စချင်း အကုန်လုံးနေရာပေးဖို့ မဆို လိုပါဘူး။ တနှစ်ကို ၅ ရာခိုင်နှုန်း၊ ၆ ရာခိုင်နှုန်းဆီလောက် နေရာပေးသွားရင်လည်း အဆင်ပြေပါတယ်''ဟု ရန်ကုန်မြို့အခြေစိုက်ပညာ့ရှေ့ဆောင်အဖွဲ့၏ ကျောင်းအုပ်ကြီး တာဝန်ကိုပါ ပူးတွဲထမ်းဆောင်နေသူ မစ္စတာ အီဂေါဗလာဇီဗစ်က ပြောကြားသည်။
NLD ပါတီဦးဆောင်သည့် အစိုးရသစ်ကို အချိန်ပေးရမည်မှာ မှန်သော်လည်း ပြည်သူ့ဆန္ဒနှင့် ကိုက်ညီမှုမရှိ သည့်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက ဝေဖန်ထောက်ပြမှုများပြုလုပ်ရမည်ဖြစ်ကြောင်း ၁၉၉၀ ပြည့်နှစ် ရွေးကောက် ပွဲအနိုင်ရကိုယ်စားလှယ်တဦးဖြစ်သူ ဦးဒေးဗစ်လှမြင့်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော်အတွက် ကိုယ်စားလှယ် ၃၉၀ အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့စည်းနိုင် သည့် ကိုယ်စားလှယ်အရေအတွက်ထက် ကျော်လွန်ခဲ့သည်။
နန္ဒမျိုးဆောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment