Wednesday, January 13, 2016

မြန်မာယူနီကုဒ်ကို ပြောင်းလဲနိုင်ရန် လိုအပ်နေပြီး လက်ရှိသုံးဆွဲနေသော ဖောင့်များကို ဆက်လက်သုံးနေဦးမည် ဆိုပါက တိုင်းရင်းသားဘာသာများ ရှိတော့မည် မဟုတ်ဟုဆို



မြန်မာယူနီကုဒ်ကို ပြောင်းလဲနိုင်ရန် လိုအပ်နေပြီး လက်ရှိသုံးဆွဲနေသော
ဖောင့်များကို ဆက်လက်သုံးနေဦးမည် ဆိုပါက တိုင်းရင်းသားဘာသာများ
ရှိတော့မည် မဟုတ်ဟုဆို
------ ------- -------

မြန်မာယူနီကုဒ်ကို ပြောင်းလဲနိုင်ရန် လိုအပ်နေပြီး လက်ရှိသုံးဆွဲနေသော
ဖောင့်များကို ဆက်လက်သုံးနေဦးမည် ဆိုပါက တိုင်းရင်းသား ဘာသာများ
ရှိတော့မည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ သိရသည်။

“လက်ရှိမှာ အများစုက စံမဟုတ်တဲ့ ဇော်ဂျီကို သုံးကြတယ်။ ပြောင်းမယ်ဆိုရင်
အားလုံးအတူတူ ပြောင်းဖို့ လိုတယ်။ အခုသုံးနေတဲ့ ဟာက မြန်မာစာတော့
မြင်ရတယ်။ ဒါပေမဲ့ တိုင်းရင်းသား ဘာသာစကားတွေ ကျတော့ အဆင်မပြေ
တော့ဘူး။ ပြောင်းဖို့လိုတယ်။ မပြောင်းဘူးဆိုရင် တိုင်းရင်းသား ဘာသာစကား
တွေရှိမှာ မဟုတ်တော့ဘူး။ နိုင်ငံတကာမှာလည်း လူရာဝင်မှာ မဟုတ်ဘူး။
ဖေ့စ်ဘွတ်ခ်တို့၊ ဂူးဂယ်လ်တို့ပေးနေတဲ့ Support တွေကို ကျွန်တော်တို့
လက်ခံလို့ရမှာ မဟုတ်တော့ပါဘူး။ ပြောင်းလဲဖို့အတွက် ကျွန်တော်တို့အသင်းကနေ
လိုအပ်တာကို ပံ့ပိုးသွားမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်
အတွင်းရေးမှူး ဒေါက်တာထွန်းသူရသက်က ပြောသည်။

ယခုနှစ်မှစတင်ပြီး ဖုန်းများ၊ ကွန်ပျူတာများ၊ အက်ပလီကေးရှင်းများ၊ ဆိုရှယ်မီဒီယာ
များတွင် လက်ရှိအသုံးပြုနေသော မြန်မာစာဖောင့်များ၏ နေရာတွင် မြန်မာစာ
ယူနီကုဒ်များဖြင့် အစားထိုးပြောင်းလဲရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
ယူနီကုဒ်သည် တစ်ကမ္ဘာလုံး အသိအမှတ်ပြုထားသည့် စံနှုန်းတစ်ခုဖြစ်ကာ
မြန်မာနိုင်ငံတွင် ထုတ်လုပ်ပြီး လက်ရှိအသုံးပြုနေသော မြန်မာစာဖောင့်များမှာ
စံချိန်စံညွှန်းမီခြင်း မရှိသည့်အတွက် ယခု နှစ်မှစတင်ပြီး စတင်ပြောင်းလဲနိုင်ရန်
ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းအတွက် လက်ရှိတွင် ယူနီကုဒ်စံနှင့်မကိုက်ညီ
သော ပစ္စည်းများကို လုပ်ငန်းရှင်များက ကြိုတင်ရောင်းချထားနိုင်ရန် လိုအပ်
ကြောင်း ၀န်ကြီးဌာနများအနေဖြင့်လည်း ယူနီကုဒ်ပြောင်းလဲသုံးစွဲရန်အတွက်
ဘက်ဂျက်များကို တောင်းခံထားသင့်ကြောင်း ကွန်ပျူတာသုံး မြန်မာစာစံစနစ်ဆိုင်ရာ
ညှိနှိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်က တင်ပြခဲ့သည်။

“မြန်မာစာ အရေးအသားဟာ အရေးကြီးတဲ့အတွက် သတ်မှတ်ထားတဲ့စံတွေကို
လိုက်နာဖို့ လိုပါတယ်။ မြန်မာစာ အဖွဲ့က သတ်မှတ်ထားတဲ့ မြန်မာစာရေးထုံးတွေ
ကို ကွန်ပျူတာမှာ တီထွင်တဲ့ပညာရှင်တွေအနေနဲ့ Input Method တွေကို
ကီးဘုတ် တွေမှာ ရေးထုံးတွေအတိုင်း တီထွင်ဖို့လိုပါတယ်။

“နောက်တစ်ခုက ဖောင့်ထုတ်လုပ်တဲ့သူတွေ၊ အက်ပလီကေးရှင်း ဖန်တီးသူတွေဟာ
တစ်ကမ္ဘာလုံး အသိအမှတ်ပြုတဲ့ ISO-10646 စံအတိုင်း ထုတ်လုပ်ဖို့လိုပါတယ်။
တတိယအချက်အနေနဲ့ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ မြန်မာယူနီကုဒ်စနစ်ကို တစ်နှစ်
အတွင်းမှာ ပြောင်းလဲသုံးစွဲဖို့ ဖြစ်ပါတယ်။ ၂၀၁၆ သြဂုတ်ကနေစပြီး စတင်စမ်းသပ်ပါ
မယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး
ဦးဇော်မင်းဦးက ပြောသည်။

လက်ရှိအချိန်တွင် ဖေ့စ်ဘွတ်ခ်၊ မိုက်ကရိုဆော့ဖ်၊ ဂူးဂယ်လ်တို့သည် မြန်မာဘာသာ
နှင့်ပတ်သက်ပြီး ကူညီပံ့ပိုးမှုများ ရှိလာသည့်အတွက် မြန်မာစာယူနီကုဒ်ကို
ပြောင်းလဲနိုင်ရန် လိုအပ်နေပြီဖြစ်ကြောင်း မြန်မာစာယူနီကုဒ်ကို ပြောင်းလဲနိုင်မည်
ဆိုပါက မြန်မာစာ တစ်ခုတည်းသာမကပဲ တိုင်းရင်းသား ဘာသာစကားများကိုပါ
အသုံးပြု၍ ရလာနိုင်ပြီး မြန်မာစာကို ဘာသာပြန်ရာတွင် ပြည်တွင်းသာမက
ပြည်ပ၌ပါ ဘာသာပြန်မှုအပိုင်းများ ပိုမိုတိုးတက် ကောင်းမွန်လာမည် ဖြစ်ကြောင်း
သိရသည်။

ကွန်ပျူတာ မြန်မာစာစနစ်သုံး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယခုလ ၁၂ ရက်နေ့က
ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ကျင်းပခဲ့ပြီး မြန်မာစာယူနီကုဒ် ပြောင်းလဲ
အသုံးပြုရေးနှင့် ပတ်သက်ကာ အဓိကထား ဆွေးနွေးခဲ့သည်။

သတင်း - သူရိယ
The Ladies News Journal

No comments: