Wednesday, January 13, 2016

တရားခံ လွှဲချခြင်းလော

တရားခံ လွှဲချခြင်းလော
----------------------
သက်တမ်းကုန်ခါနီး အစိုးရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သစ်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန် စိုင်းပြင်းနေကြောင်း သတင်းများ ထွက်ပေါ်လာခြင်းသည် အသက်ငင်နေသော နာတာရှည် လူမမာနှင့်တူသည့် မြန်မာ့သစ်တောများကို ရင်ဝ ဆောင့်ကန်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
မရှေးမနှောင်းတွင်ပင် ပဉ္စမတန်း ပထဝီဝင်ဖတ်စာ စာအုပ်တွင် မြန်မာ့သစ်တောများ ပြုန်းတီးရခြင်းမှာ ဗြိတိသျှနယ်ချဲ့အစိုးရပိုင် ဘုံဘေဘားမား သစ်ကုမ္ပဏီက မဆင်မခြင် ထုတ်ယူသွားခြင်းကြောင့် ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားခြင်းကို ဆန့်ကျင်ကြောင်း တစ်ကိုယ်တော် ကန့်ကွက်ဆန္ဒပြခြင်း သတင်းကလည်း အထက်ပါသတင်းနှင့် ဆက်စပ်မှုရှိရှိ ပေါ်ထွက်လာခဲ့သည်။
စင်စစ်အားဖြင့် မြန်မာ့သစ်တောနှင့် သစ်တောသယံဇာတများသည် ပြီးခဲ့သည့် နှစ် နှစ်ဆယ်ကာလ အတွင်း သစ်တောဥပဒေ၊ သစ်လုပ်ငန်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို ဒေသအသီးသီးတွင် နယ်စား၊ ပယ်စားများကဲ့သို့ အာဏာ လွှဲအပ်ထားသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အာဏာ အလွဲသုံး ကျော်လွန်ကာ ထင်သလိုခုတ်ယူ၊ ထုတ်လုပ်ခဲ့ကြခြင်းကြောင့် အရိုးနဲ့ အရေသာ ကျန်တော့သည်ဟု ဆိုနိုင်သည်။
တရုတ်တို့သည် လက်ရှိအစိုးရနှင့် တရားဝင်စာချုပ် မချုပ်ဆိုခင်ကပင် လက်နက်ကိုင်များ ကြီးစိုးရာ ၎င်းတို့နယ်စပ်စည်းရိုး မှတစ်ဆင့် တံခါးမရှိ၊ ဓားမရှိ ထင်သလို ဝင်ထွက်သွားလာကာ မြန်မာ့ အဖိုးတန်သစ်များကို အမြစ်က နုတ်ယူ၍ ရပါက နုတ်ယူလုနီးပါး တွင်းထွက်သယံဇာတများ ဆိုလျှင် မြေစာများ ပြောင်သလင်း ခါသည်အထိပါ သယ်ယူသွားသည်အထိ လုပ်ကိုင်ခွင့် ရခဲ့ကြသည်။
တရုတ်တို့ ထိုကဲ့သို့ ဝင်မလာခင်က အာဏာရှင်အစိုးရအား အလိုလိုက် အကြိုက်ဆောင်ကာ ကော်မရှင်ပေး၊ ရာခိုင်နှုန်းပေးသော နည်းဖြင့် ပူးကပ်ပြီး အခွင့်အရေးရှာကာ ချမ်းသာကြွယ်ဝသွားသူ၊ အာဏာရှင်အစိုးရ၏ သူကောင်းအပြုခံ ထိပ်သီးလုပ်ငန်းရှင်ကြီးများသည် ထိုင်းလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ကာ ထင်သလို ခုတ်ယူခြင်းကြောင့် မြန်မာ့သစ်တောများအတွင်း ဥပဒေအရ ခုတ်ရန် သတ်မှတ်ထားသော အရွယ်အစားနှင့် သက်တမ်းရှိ အဖိုးတန်သစ်များ မရှိသလောက်နီးနီး ဖြစ်သွားခဲ့ပြီး ဖြစ်သည်။
ထို့အတူ တရားဝင်၊ တရားမဝင် လက်နက်ကိုင်အဖွဲ့များမှ ကိုယ်ကျိုးရှာ အရာရှိအချို့ကလည်း ထိုင်းသစ်မှောင်ခိုသမားများနှင့် ချိတ်ဆက်ကာ အဖိုးတန်သစ်များ လက်ညှိုးထိုး ရောင်းစားခဲ့ခြင်းကြောင့် မြန်မာ့သစ်တောများ ဆုံးရှုံးမှု ကြီးမားခဲ့သည်။
ဗြိတိသျှ နယ်ချဲ့အစိုးရလက်ထက်က ဘုံဘေဘားမား သစ်ကုမ္ပဏီသည် မြန်မာ့သစ်တောများရှိ ကျွန်းအပါအဝင် အခြားသစ်များကို စံချိန်စံညွှန်း သတ်မှတ်ချက်များအတိုင်း အတိအကျ လိုက်နာကာ အစဉ်အမြဲ မကုန်ဆုံးဘဲ ရေရှည်ထုတ်ယူ သုံးစွဲရန် ဥပဒေများပြဋ္ဌာန်းပြီး စနစ်တကျ ထုတ်လုပ်ခဲ့ကြောင်း သမိုင်း အထောက်အထားများ၊ ဥပဒေ အထောက်အထားများနှင့် မြန်မာ့သစ်လုပ်ငန်းမှ မှတ်တမ်းမှတ်ရာများကို လေ့လာကြည့်လျှင် သိနိုင်ပေသည်။
အခြေခံအားဖြင့် သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့် ကိုက်ညီသော သစ်တစ်ပင် ခုတ်ပြီးတိုင်း အစားထိုးစိုက်ပျိုးသည့် စည်းကမ်းချက်၊ ပုဒ်မကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်၊ ညွှန်ကြားချက်များတွင် အတိအကျ ထည့်သွင်းပြဋ္ဌာန်း ခဲ့သောကြောင့် ဗြိတိသျှတို့ အနှစ်တစ်ရာကျော် သစ်ထုတ်သွားသော်လည်း မြန်မာ့သစ်တောများ ပုံပျက်သွားခဲ့ခြင်း မရှိခဲ့ပေ။
ဗြိတိသျှအစိုးရက ရေးဆွဲ ပြဋ္ဌာန်းထားခဲ့သော ဥပဒေများကို ယနေ့ မြန်မာ့သစ်လုပ်ငန်းနှင့် သစ်တောဌာနတို့တွင် မဆိုစလောက် ပြင်ဆင်မှုမှအပ ထိုအတိုင်းနီးပါး ဆက်လက် ကျင့်သုံးနေခြင်း ဖြစ်သော်လည်း ဥပဒေကျော်လွန်မှု များစွာကြောင့် အနှစ်နှစ်ဆယ်ကျော်အတွင်း ဧကသိန်းချီ ပျောက်ဆုံးသွား ခဲ့သည့်ကြားက ယခုတရုတ်နှင့် တရားဝင်စာချုပ် ချုပ်ဆိုရန် စိုင်းပြင်းလာခြင်း၊ သစ်တောများ ပြုန်းတီးသွားခြင်းကို မဆီမဆိုင် ကိုလိုနီနယ်ချဲ့အား အပြစ်ပုံချရန် ကြိုးစားခြင်းတို့မှာ များစွာ အဆင့်အတန်းနိမ့်လှပြီး များစွာ ရှက်စရာကောင်းသော အပြုအမူများ ဖြစ်သောကြောင့် အချိန်မီ ပြင်ဆင်ခြင်းဖြင့် မိမိတို့ အဆင့်အတန်းကို ယခုထက်ပို၍ မိမိတို့ဘာသာ မနှိမ့်ချပစ်စေလိုကြောင်း အကြံပြု သတိပေးလိုပေသည်။
အယ်ဒီတာ (၁၂-၁-၂၀၁၆)
---------------------
Editorial, The Voice Daily, Vol-3/No-240 (‪#‎voiceeditorial‬)

No comments: