ဦးစခုန်တိန့်ယိန်းကို NLD ကန့်ကွက်မှုအပါအဝင် ကန့်ကွက်လွှာအမှုလေးမှုရှိဟုကော်မရှင်ဆို
ရန်ကုန်၊ဒီဇင်ဘာ၉
အထွေထွေရွေးကောက်ပွဲကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ခွင့်တားမြစ်ခဲ့သော အနိုင်ရအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစခုန်တိန့်ယိန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက တင်သွင်းသောကန့်ကွက်လွှာအမှုအပါအဝင် ကန့်ကွက်လွှာအမှုပေါင်းလေးမှုကို လက်ခံရရှိထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးဦးသိန်းဦးက ပြောကြားသည်။
“ကျွန်တော်တို့ ကန့်ကွက်လွှာအမှုလေးမှု လက်ခံရရှိတယ်၊အဲဒီမှာ NLD က ဦးစခုန်တိန့်ယိန်းကို ကန့်ကွက်တဲ့အမှုလည်းပါတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစခုန်တိန့်ယိန်းသည် ၎င်း၏ထိန်းချုပ်နယ်မြေအတွင်းရှိ ပန်ဝါဒေသ ကချင်ပြည်နယ်အမျိုးသားလွှတ်တော်မဲန္ဒနယ်အမှတ်(၅) အတွင်း ပြိုင်ဘက် NLD ပါတီကိုယ်စားလှယ်လောင်းများအပါအဝင် နိုင်ငံရေးပါတီအသီးသီးမှကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခွင့်မပြုခဲ့ဟုဆိုကာ NLD ပါတီက ကန့်ကွက်လွှာအမှုတင်သွင်းခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှသိရသည်။
အလားတူကချင်ပြည်နယ်လွှတ်တော် ဆော့လော်မြို့နယ်မဲဆန္ဒနယ် အမှတ်၁တွင် အနိုင်ရပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးရာဝမ်ဂျုံကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီက ကန့်ကွက်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကန့်ကွက်လွှာအမှုများစာရင်းတွင်ဖော်ပြထားသည်။
ထို့အပြင်ရှမ်းပြည်နယ်အတွင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၅) တွင် အနိုင်ရရှိခဲ့သူတအာင်း (ပလောင်) အမျိုးသားပါတီကိုယ်စားလှယ် ဦးညီစိန်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက ကန့်ကွက်လွှာအမှုတင်သွင်းထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှသိရသည်။
ရှမ်းပြည်နယ်လွှတ်တော် နမ့်ခမ်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) တွင် ယှဉ်ပြိုင်ခဲ့သူတအာင်း(ပလောင်) အမျိုးသားပါတီကိုယ်စားလှယ်လောင်း ဦးအေးမောင်နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ကိုယ်စားလှယ်လောင်း ဦးစိုင်းသန်းစိန်ကိုလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက ကန့်ကွက်လွှာအမှုတင်သွင်းထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏စာရင်းများအရသိရသည်။
ကချင်ပြည်နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၅) ပန်ဝါဒေသတွင် ပါဝင်သော ချီဖွေမြို့နယ်အတွင်း မဲဆွယ်စည်းရုံးခွင့်မပြုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းများထံ စက်တင်ဘာလအတွင်းပြည်သူ့စစ်အဖွဲ့ကစာပေးပို့ခဲ့သည်။
ယင်းနောက်အဆိုပါကိစ္စသည် ရွေးကောက်ပွဲဥပဒေများနှင့်ညီညွတ်မှုမရှိကြောင်း NLD ပါတီက တိုင်ကြားမှုကြောင့် ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်ဦးစခုန်တိန့်ယိန်းကို ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကခေါ်ယူသတိပေးခဲ့သည်။
သို့သော်လည်းအောက်တိုဘာလအတွင်း ယင်းဒေသသို့မဲဆွယ်စည်းရုံးရေးသွားရောက်သော NLD ကိုယ်စားလှယ်လောင်းများကိုရိုက်နှက်ခြင်း၊ပါတီဗီနိုင်းများကိုဖျက်ဆီးခြင်းတို့ကို ပြည်သူ့စစ်အဖွဲ့ဝင်များက ပြုလုပ်ခဲ့ပြီး မဲဆွယ်စည်းရုံးခွင့်မပြုကြောင်းပြောဆိုခဲ့သည်ဟု NLD ပါတီကိုယ်စားလှယ်လောင်းများထံမှသိရသည်။
အထွေထွေရွေးကောက်ပွဲတွင် အဆိုပါကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၅) တွင် တစ်သီးပုဂ္ဂလယှဉ်ပြိုင်သော ဦးစခုန်တိန့်ယိန်းကအနိုင်ရရှိခဲ့သည်။
သို့သော်လည်း အနိုင်ရလွှတ်တော်ကိုယ်စားလှယ်ကို ကန့်ကွက်လိုသည်ဖြစ်စေ၊ ယင်းမဲဆန္ဒနယ်တွင် ကျင်းပခဲ့သောရွေးကောက်ပွဲတရားမျှတမှုမရှိကြောင်း အကြောင်းပြချက်ဖြင့်ကန့်ကွက်လိုသည်ဖြစ်စေ ယင်းကိုယ်စားလှယ်၏အမည်စာရင်းကို ကြေညာပြီးသည့်နေ့မှ၄၅ရက်အတွင်း ကန့်ကွက်ရမည်ဖြစ်ကြောင်းရွေးကောက်ပွဲဥပဒေများတွင်ပါရှိသည်။
ထို့အပြင်ကန့်ကွက်သူသည် အထောက်အထားခိုင်လုံစွာပြရမည်ဖြစ်ကာ အမှုစရိတ်ငွေကျပ်ငါးသိန်းကုန်ကျမည်ဖြစ်ပြီး အဆိုပါကန့်ကွက်လွှာအမှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံရုံးဖွဲ့စစ်ဆေးမည်ဖြစ်ကြောင်းလည်းဖော်ပြထားသည်။
No comments:
Post a Comment