Thursday, December 10, 2015

စည်ပင်ရိပ်သာအခန်းခများ နောက်ကြောင်းပြန်ပေးသွင်းရန်ညွန်ကြားချက်ကြောင့် ရင်ထုမနာဖြစ်နေရကြောင်း လွှတ်တော်တင်

စည်ပင်ရိပ်သာအခန်းခများ နောက်ကြောင်းပြန်ပေးသွင်းရန်ညွန်ကြားချက်ကြောင့် ရင်ထုမနာဖြစ်နေရကြောင်း လွှတ်တော်တင်

နေပြည်တော်၊ဒီဇင်ဘာ၉

နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် နေထိုင်ရသော ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကို ၂၀၁၅နှစ်ဆန်းပိုင်းမှစ၍ တည်းခိုခအားဈေးနှုန်းအသစ်ဖြင့် နောက်ကြောင်းပြန်ပေးသွင်းရန် နေပြည်တော်စည်ပင်သာယာရေးကော်မတီညွန်ကြားချက်ကြောင့် ကိုယ်စားလှယ်များရင်ထုမနာဖြစ်ရသည်ဟု ရခိုင်ပြည်နယ်၊ကျောက်တော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာစိန်ကပြောသည်။

“စည်ပင်တန်းလျားမှာနေရတဲ့ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေဟာ လက်ရှိအနေအထားမှာ မအိပ်နိုင်မစားနိုင် ရင်ထုမနာသောကတစ်ခုဖြစ်နေရပါတယ်၊၂၀၁၅ခုနှစ်လွှတ်တော်တက်စဉ်ကစပြီး တန်းလျားမှာနေတဲ့အခန်းခကို ၅၀၀၀ကျပ်စီနောက်ကြောင်းပြန်ပေးရမယ်လို့ စည်ပင်ကအမိန့်ထုတ်ထားပါတယ်” ဟု ယနေ့(ဒီဇင်ဘာ၉)ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ၎င်းကယင်းသို့ပြောဆိုသည်။

ယင်းအမိန့်စာကြောင့် ကိုယ်စားလှယ်များအနေဖြင့် ကျပ်ဆယ်သိန်းခန့်ပြန်လည်ပေးသွင်းရမည်ဖြစ်ပြီး စည်ပင်ဥပဒေနှင့်လည်းညီညွတ်ခြင်းမရှိဟု ၎င်းကဆိုသည်။

“တိုင်းရင်းသားကိုယ်စားလှယ်များအတွက် ခက်ခဲပြီးမကျေမနပ်ဖြစ်နေရတဲ့ ပြဿနာဖြစ်နေပါတယ်၊ အဲ့ဒီအမိန့်အတိုင်း လိုက်နာဖို့ခက်ခဲပါတယ်၊ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ၊ လွှတ်တော်အခွင့်အရေးကော်မတီက ကယ်ပေးကြပါလို့တင်ပြအပ်ပါတယ်” ဟု ၎င်းကထပ်လောင်းပြောသည်။

လွှတ်တော်အခွင့်အရေးကော်မတီအနေဖြင့် ကိုယ်စားလှယ်များအားစိစစ်ခြင်း၊အရေးယူခြင်းများထက် သက်သာချောင်ချိရေးဆောင်ရွက်ပေးစေလိုသည့်အပြင် လွှတ်တော်သက်တမ်းငါးနှစ်အတွင်း ကိုယ်စားလှယ်များအား အလေးထားဂရုစိုက်သူနှစ်ဦးမှာ
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် စက်မှုဝန်ကြီးဌာနဝန်ကြီးဦးစိုးသိန်းတို့ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်အနေနဲ့ လွှတ်တော်အခွင့်အရေးကော်မတီကိုဝေဖန်တာ နောက်လာမည့်လွှတ်တော်အပေါ်မှာ ပြည်သူ့လွှတ်တော်အခွင့်အရေးကော်မတီအနေနဲ့ ပိုမိုပြည့်စုံသောလုပ်ပိုင်ခွင့်ရှိသော ကော်မတီတစ်ရပ်ဖြစ်လာဖို့ ရည်စူးပြီးတော့ဝေဖန်ရခြင်းဖြစ်ပါတယ် “ ဟု ဦးသာစိန်ကပြောသည်။

လွှတ်တော်အခွင့်အရေးကော်မတီသည် သာရေး၊ နာရေးကော်မတီမဟုတ်ဘဲ ကိုယ်စားလှယ်အနေဖြင့် အခွင့်အရေးဆိုသည်ကို သေချာလေ့လာရန်လိုအပ်ကြောင်းနှင့် ကိုယ်စားလှယ်တင်ပြသည့်ကိစ္စသည် အုပ်ချုပ်ရေးကိစ္စဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာကရှင်းပြသည်။

“ကျွန်တော်ကိုယ်တိုင်လည်း စည်ပင်ဧည့်ရိပ်သာကိုရောက်ပါတယ်၊ အစည်းအဝေးမတိုင်ခင်ကာလမှာ ကျွန်တော်တစ်ယောက်တည်းမဟုတ်ပါဘူး၊အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌဦးမြတ်ငြိမ်းလည်းပါတယ်၊ဦးစိုးသိန်းလာတဲ့အခေါက်ရေနဲ့ ကျွန်တော်တို့လာတဲ့အခေါက်ရေ ဘယ်သူပိုများသလဲဆိုတာ စဉ်းစားကြည့်ဖို့လိုပါတယ်” ဟု ၎င်းကပြောသည်။

ကိုယ်စားလှယ်ပြောဆိုသုံးနှုန်းသွားသည့် စည်ပင်တန်းလျားသည် စည်ပင်ဧည့်ရိပ်သာဟုအမည်ပေးထားသော်လည်း စည်ပင်တန်းလျားဟုပြောဆိုသုံးနှုန်းမှုအပေါ် စိတ်မကောင်းဖြစ်ရသည်ဟုလည်း ၎င်းကဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ အခက်အခဲများကိုစာဖြင့်သော်လည်းကောင်း၊ လူကိုယ်တိုင်သော်လည်းကောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ဒုတိယဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်တစ်ဦးဦးထံတင်ပြလာပါက ဆောင်ရွက်ပေးမည်ဖြစ်ပြီး ယခုစည်ပင်ဧည့်ရိပ်သာအခန်းခကိစ္စသည် တင်ပြခြင်းမရှိသည့်အတွက် မဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းလည်း ၎င်းကထပ်လောင်းပြောသည်။

နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် တပ်မတော်သားကိုယ်စားလှယ်များ၊ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်များမှလွဲ၍ ကျန်လွှတ်တော်ကိုယ်စားလှယ်များအားလုံး တစ်ရက်လျှင်၂၀၀၀ကျပ်ဖြင့်နေထိုင်ရခြင်းဖြစ်ပြီး ယခုလမှစ၍ကျပ် ၅၀၀၀ပေးရန်နေပြည်တော်စည်ပင်က ကြေညာခဲ့သည်။

No comments: