နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဦးချင်းကုန်သွယ်ခွင့် ITC ကတ်ဖြင့်
ကြက်သွန်နီတင်သွင်းခွင့်ပြုသဖြင့် ကြက်သွန်နီဈေးနှုန်းများ ထပ်မံကျဆင်းနိုင်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
ရန်ကုန် ဒီဇင်ဘာ ၈
နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဦးချင်း ကုန်သွယ်ခွင့်လက်မှတ် ITC ကတ်ဖြင့် ကြက်သွန်နီ တင်သွင်း ခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ဒီဇင်ဘာလ ၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
ပြည်တွင်း၌ ကြက်သွန်နီဈေးနှုန်းများ စံချိန်တင်မြင့်တက်ခဲ့သည့်အတွက် ပြည်ပမှ ကြက်သွန်နီ တင်သွင်းခွင့်ပြုခဲ့ပြီး ဆက်လက်၍ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဦးချင်း တစ်နိုင်တစ်ပိုင် ကုန်သွယ်ခွင့်လက်မှတ် ITC(Individual Trade Card)ဖြင့် တင်သွင်းခွင့်ပြုလိုက်ရာ လက်ရှိထက် ကြက်သွန်နီဈေးနှုန်းများ ထပ်မံကျဆင်းနိုင်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း၏ ထောက်ခံချက်ဖြင့် ပို့ကုန်သွင်းကုန် ကုမ္ပဏီများအားသွင်းကုန်လိုင်စင်ထုတ်ပေးလျက်ရှိပြီး ကြက်သွန်ဈေးနှုန်းများ ကျဆင်းစေရန်အတွက် တစ်ဦးချင်း ကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင် လက်မှတ် ITC ကတ်ဖြင့်လည်း တင်သွင်းခွင့်ပြုလိုက်ပြီဟု အတည်ပြုထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
''နယ်စပ်ကုန်သွယ်ရေးကပါ ITC ကတ်နဲ့ ကြက်သွန်နီသွင်းခွင့်ပေးလိုက်တော့ ဈေးထပ်ကျလာဖို့ ရှိပါတယ်။ ကြက်သွန်ဈေးတက်တော့ တကယ်စိုက်တဲ့ တောင်သူတွေ မခံစားရဘဲ လှောင်လက်သမားတွေနဲ့ ပွဲရုံတွေပဲ ခံစားရတယ်။ ဒါမျိုးကို သက်ဆိုင်ရာက သေချာကိုင်တွယ်သင့်တယ်။ အခြေခံ စားသောက်ကုန် ဈေးတွေတက်တာ တက်သင့်လို့မဟုတ်ဘဲ ဝိသမစီးပွားရေး သမားတွေ ဈေးကစားလို့တက်တာ မဖြစ်သင့်ဘူး။ စားသုံးသူတွေပဲ ခံစားရတာပဲ''ဟု ကြက်သွန်ဝယ်ယူရောင်းချ နေသူ တစ်ဦးက ဆိုသည်။
ဈေးကွက်အတွင်း ကုန်လက်ကျန် နည်းသည်ဆိုသော မဟုတ်မှန်သတင်းများနှင့်ပတ်သက်၍ ပြည်တွင်း၌ ကြက်သွန်ဈေးများ တစ်ပိဿာလျှင် ငွေကျပ် ၇ဝဝ ဝန်းကျင် ဈေးနှုန်းမှ အောက်တိုဘာလခန့်မှစ၍ စံချိန်တင် မြင့်တက်လာခဲ့ပြီး ဒီဇင်ဘာလဆန်း ပိုင်းအထိ မြင့်တက်ခဲ့သည်။ ပြည်ပမှ ကြက်သွန်နီ တင်သွင်းခဲ့ခြင်း၊ မိုးစိုက် ကြက်သွန်အသစ်များ ဝင်ရောက်လာခြင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများကပါ ကြက်သွန်တင်သွင်းခွင့် ပြုလိုက်ခြင်းကြောင့် ဈေးနှုန်းများ ပြန်လည်ကျဆင်းလာသော်လည်း စိုက်ပျိုးထုတ်လုပ်သူများမှာ အကျိုး အမြတ်နည်းခဲ့သည်ဟု သိရသည်။
လက်ရှိတွင် ဒီဇင်ဘာလ ၄ ရက် ဈေးနှုန်းများအရ ဆိပ်ဖြူကြက်သွန်နီ အဟောင်းတစ်ပိဿာလျှင် လက်ကား ဈေး ငွေကျပ် ၃ဝဝဝ မှ ၃၇ဝဝ ဝန်းကျင် ရှိခဲ့ပြီး အိန္ဒိယကြက်သွန်နီမှာ တစ်ပိဿာ ငွေကျပ် ၂၆ဝဝ မှ ၂၈ဝဝ ဝန်းကျင်၊ တရုတ်ကြက်သွန် တစ်ပိဿာလျှင် ငွေကျပ် ၂၈ဝဝ မှ ၃ဝဝဝ ဝန်းကျင် နှုန်းရှိခဲ့သည်ဟု ဈေးကွက်အတွင်းမှ သိရသည်။
(ဝဝ၁)
No comments:
Post a Comment