Sunday, December 20, 2015

IS နှင့် အစွန်းရောက် စစ်သွေးကြွများကို ကန့်ကွက်ရှုတ်ချရန် ဘင်္ဂလားဒေ့ရှ် မွတ်ဆလင် ခေါင်းဆောင်များ စတင်ကြိုးပမ်း ---------------------------------------------

IS နှင့် အစွန်းရောက် စစ်သွေးကြွများကို ကန့်ကွက်ရှုတ်ချရန် ဘင်္ဂလားဒေ့ရှ် မွတ်ဆလင် ခေါင်းဆောင်များ စတင်ကြိုးပမ်း
---------------------------------------------

ဒါကာ၊ ဒီဇင်ဘာ ၁၉

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစွန်းရောက် စစ်သွေးကြွ အယူအဆများ ကြီးထွားလာခြင်း မရှိစေရန် ရဲတပ်ဖွဲ့က အစ္စလာမ် ဓမ္မဆရာများနှင့် ဘာသာရေး ခေါင်းဆောင်များကို အနီးကပ် စောင့်ကြည့်လေ့လာနေစဉ် မွတ်ဆလင် ခေါင်းဆောင်များက အစ္စလာမ္မစ်နိုင်ငံတော် (IS) အကြမ်းဖက်အုပ်စု၏ လုပ်ရပ်များကို ကန့်ကွက်ရှုတ်ချထားသည့် အစ္စလာမ္မစ် ကြေညာချက်တစ်ရပ် ထုတ်ပြန်ရန် ကြိုးပမ်းလျက်ရှိကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ် အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များသည် ဖက်ဝါဟုခေါ်သော ကြေညာချက်မူကြမ်းကို ရေးဆွဲထားပြီဖြစ်ပြီး ယင်းကြေညာချက်က IS နှင့် ဘင်္ဂလားဒေ့ရှ် အစ္စလာမ္မစ် စစ်သွေးကြွ အုပ်စုတို့၏ လုပ်ရပ်များသည် အစ္စလာမ်နှင့် ဆန့်ကျင်ကြောင်း ကန့်ကွက်ရှုတ်ချထားသည်။

အဆိုပါ ကြေညာချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ တစ်ဝန်းရှိ အစ္စလာမ် ဘာသာရေး ဆရာများနှင့် ဓမ္မရေးရာ လေ့လာသူများ စုစုပေါင်း တစ်သိန်းခန့်က ပူးတွဲလက်မှတ်ရေးထိုးကြမည် ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် အမျိုးသား အစ္စလာမ်အဖွဲ့ (BJU) ဥက္ကဋ္ဌ မာလာနာမာရီဒူဒင်မာဆွတ်က အသိပေး ပြောကြားသည်။

“အဲဒီကြေညာချက်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့ IS နဲ့ IS အုပ်စုကို ထောက်ခံနေကြတဲ့ ပြည်တွင်းက စစ်သွေးကြွတွေဟာ အစ္စလာမ်ရဲ့ ရန်သူတွေသာမက မွတ်ဆလင်တွေ အားလုံးရဲ့ ရန်သူဖြစ်တယ် ဆိုတာကို သိသာမြင်သာရှိအောင် ပြောဖို့ပါပဲ” ဟု မာဆွတ်က ပြောကြားသည်။

ထိုသို့ အစ္စလာမ္မစ် ကြေညာချက်တစ်ရပ် ထုတ်ပြန်နိုင်ရေးအတွက် BJU က နိုင်ငံတစ်ဝန်းရှိ ဘာသာရေး ခေါင်းဆောင်များနှင့် ဓမ္မဆရာများကို လိုက်လံစည်းရုံးခဲ့သည်။

မာဆွတ်၏ ပြောကြားချက်အရ BJU သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အောက်ခြေလူတန်းစားများဆီသို့ အစ္စလာမ္မစ် စစ်သွေးကြွများ စိမ့်ဝင်မှု မရှိစေရေးအတွက် တစ်တိုင်းပြည်လုံးရှိ ဗလီဝတ်ပြုကျောင်းများမှ ဗလီဆရာ ထောင်ပေါင်းများစွာကို လေ့ကျင့်သင်ကြားပေးလျက် ရှိသည်။

“သူတို့နဲ့ ဆွေးနွေးပြောဆိုမှုတွေ လုပ်ခြင်းအားဖြင့် ဗလီဆရာတွေ အနေနဲ့ IS နဲ့ အခြားအစွန်းရောက် အုပ်စုတွေဟာ ကိုရမ်ကျမ်းရဲ့ အဆုံးအမတွေနဲ့ ဆန့်ကျင်တဲ့ လုပ်ဆောင်ချက်တွေ ပြုမူလုပ်ကိုင်နေတယ် ဆိုတာကို ပြည်သူတွေသိအောင် ရှင်းပြပေးနိုင်ပါလိမ့်မယ်” ဟု မာဆွတ်က ဆက်လက်ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ ဌာနချုပ်တွင် BJU မှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး အရာရှိချုပ် ရှာဟီဒူလ်က BJU ၏ IS နှင့် အခြားစစ်သွေးကြွ အုပ်စုများ၏ သွေးထိုးလှုံ့ဆော်မှုများ တန်ပြန်ချေဖျက်ရေး အစီအစဉ်ကို သဘောတူညီလိုက်သည်။

ထိုသို့ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်များ၏ ကြိုးပမ်းချက်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များကလည်း ကြိုဆိုလိုက်သည်။

No comments: