Sunday, December 20, 2015

အမှိုက်ဒီပလိုမေစီ

အမှိုက်ဒီပလိုမေစီ

|| အရှင်ရာဝိက (မုဒုံ) ||

NLD က ရွေးကောက်ပွဲကို အနိုင်ရပြီးတဲ့နောက်မှာ အမှိုက်ဒီပလိုမေစီကို ကျင့်သုံးလျက် ရှိတယ်။ အမှန်မှာ ဒေါ်စုက လွှတ်တော်အမတ်ဘဝကတည်းက အမှိုက်ကောက်ခဲ့သူ ဖြစ်တယ်။ အမှိုက်တွေ့ရင် အမှိုက်ကောက်ရမယ်လို့ လမ်းညွှန်လိုသူ ဖြစ်တယ်။ ဒီတော့ NLD က ရွေးကောက်ပွဲကို နိုင်ပြီး အစိုးရမဖွဲ့ခင်စပ်ကြားမှာ ပြည်သူတို့ကို ပထမဆုံး စမ်းသပ်တဲ့နည်းမှာ အမှိုက်ကောက်ခိုင်းခြင်းဖြစ်တယ်။

ပြည်သူတို့က NLD နောက်မှာ အပြည့်အဝ ရပ်တည်လျက်ရှိကြောင်း အချို့ပုဂ္ဂိုလ်များကို အသိပေးလိုဟန် ရှိတယ်။ ပြည်သူတို့မပါရင် အမှိုက်ကိစ္စတောင် ရှင်းဖို့ မလွယ်ကူဘူးဆိုတာ ပြသလိုဟန်ရှိတယ်။ အမှန်မှာ သိန်းစိန်အစိုးရဟာ အမှိုက်ကောက်တဲ့ ဒီလိုအခြေခံ အလုပ်မှာတောင် ပြည်သူတို့ပါလာအောင် မလုပ်နိုင်ခဲ့ပါ။ ဒေါ်စုက အမှိုက်ကောက်ခိုင်းတာတောင် လိုက်ကောက်နေတဲ့ ဒီလွှတ်တော် အမတ်တွေနဲ့ ပြည်သူတို့ဟာ ဒေါ်စုက အခြားအလုပ်တွေကို ခိုင်းခဲ့ရင်လည်း လုပ်ကြမှာ အသေအချာပဲဆိုတာ အသိပေးလိုဟန် ရှိပါတယ်။

အမှိုက်နဲ့ နိုင်ငံရေးဆိုတာ ပတ်သက်နေလေ့ ရှိပါတယ်။ လီကွမ်ယုတို့လည်း စင်ကာပူနိုင်ငံကို တိုးတက်အောင် မလုပ်သေးမီ အမှိုက်ကောက် ပြခဲ့ပါတယ်။ အမေရိကန်၊ သြစတြေးလျ စတဲ့ နိုင်ငံတွေဟာလည်းပဲ အမှိုက်နဲ့ ပတ်သက်ပြီး အလဟဿ မဖြစ်အောင် အသိပညာပေးမှုတွေ အများကြီး လုပ်ခဲ့တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ အမှိုက်ကို မြေသြဇာအဖြစ် အသုံးပြုခြင်း၊ အမှိုက်ကနေ ဓာတ်ငွေ့ထုတ်သုံးခြင်း၊ အမှိုက်ကနေ ပုံတူပန်းချီကားများ ဖန်တီးခြင်း၊ အမှိုက်နဲ့ ပန်းခြံများ ပုံဖော်ခြင်းများ ရှိခဲ့တယ်၊ ရှိနေဆဲ ဖြစ်တယ်။ စာထဲမှာတော့ အမှိုက်ကစ ပြာသာဒ်မီးလောင်ဆိုပြီး ပါရှိတယ်။ အမှိုက်နဲ့ ပြာသာဒ်ဆောက်တဲ့ နိုင်ငံရေးသမားတွေ မနည်းတော့ပါ။

ဒီတော့ ဒီနေ့ လော့စ်အင်ဂျယ်လိစ်မြို့ကို လှည့်လည်ကြည့်ရှုရင်း အမေရိကန်မှာလည်း စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်မှုများ ရှိနေသေးကြောင်း တွေ့ခဲ့ရပါတယ်။ ဒီမှာပဲ ဒေါ်စုကိုယ်တိုင် အမှိုက်ကောက်နေပုံကို ချီးကျူးတဲ့ ရဟန်းနဲ့ အမှိုက်ကောက်မယ့်အစား အမှိုက်မပစ်ဖို့ ပညာပေးဖို့သာ အရေးကြီးတယ်လို့ ထောက်ပြတဲ့ ရဟန်းနှစ်ပါး ကားထဲမှာ ငြင်းကြပါတယ်။ နိုင်ငံရေးသမားဆိုရင် နိုင်ငံရေး အလုပ်ကိုပဲ ပိုင်ပိုင်နိုင်နိုင် လုပ်ပါ၊ အမှိုက်သိမ်းသူက အမှိုက်ကို တစ်စမကျန် သိမ်းတတ်ဖို့လုပ်ပါ၊ ပြည်သူတို့ကလည်း အမှိုက်ကို စည်းမဲ့ကမ်းမဲ့ပစ်ရင် ဒဏ်ရိုက်ပါလို့ ရဟန်းတစ်ပါးက အဆိုတင်သွင်းပါတယ်။ မိမိကတော့ ခပ်မဆိတ်နေပါတယ်။ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ “အမှိုက်မပစ်ရ” ဆိုပြီး ထုတ်လိုက်တဲ့ စည်းကမ်းတွေ၊ “တွ့ရှိက အရေးယူခြင်းခံရမည်” ဆိုပြီးတော့ သတိပေးစာတွေ၊ “ဒဏ်ငွေ ၅၀၀၀ိ ရိုက်မည်” ဆိုတဲ့အထိ ခြိမ်းခြောက်တော့လည်း အမှိုက်က ဖုံးသွားတာချည်းပါပဲ။ ဒီတော့ အမှိုက်ပစ်နည်းကို ပညာပေးဖို့တောင် လွယ်ကူတဲ့ ကိစ္စတစ်ခု မဟုတ်ပါ။ ဒီတော့ အမှိုက်ကို ကောက်ပြပြီး အသိပညာပေးခြင်းကသာ စစ်မှန်တဲ့ ချဉ်းကပ်မှုဖြစ်တယ်လို့ ဒေါ်စု ဆုံးဖြတ်လိုက်ပုံရတယ်။

မိမိကတော့ မြန်မာနိုင်ငံမှာ ၁၉၉၀ ပြည့်နှစ်များက ဒေါ်စုက “မတရားတဲ့ အမိန့်အာဏာဟူသမျှ ဆန့်ကျင်ကြ” ဆိုပြီး စစ်အစိုးရထုတ်တဲ့ အမိန့်ဟူသမျှကို ဆန့်ကျင်ကြဖို့ ဆော်သြဖူးတာကို မှတ်မိနေတယ်။ အမှန်မှာ နေဝင်းအစိုးရ တက်လာကတည်းက မြန်မာနိုင်ငံမှာ မဏ္ဍိုင်သုံးရပ်က ယိမ်းယိုင်နေခဲ့ပြီမို့ အုပ်ချုပ်ရေးမဏ္ဍိုင်လည်း မခိုင်တော့ပါ။ လာဘ်ပေးလာဘ်ယူ သောင်းကျန်းနေတဲ့ နိုင်ငံမှာ ကြွက်သူခိုးတွေ ပေါနေမှာ ဖြစ်တယ်။ ကြွက်ဆိုတော့ အမှိုက်ရှိမှ အလုပ်ဖြစ်ပါတယ်။ ဒီကြွက်သူခိုးတွေ ထုတ်ပြန်တဲ့ ဥပဒေအားလုံးဟာလည်းပဲ အမှိုက်တွေပဲ ဖြစ်တယ်။ ဒီဥပဒေတွေက ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် ပြည်သူတို့က အစဉ်အမြဲ ဆန့်ကျင်နေလေ့ ရှိပါတယ်။ ဒီအကျင့်ကိုဖျောက်ဖို့ အရင်လုပ်ရမှာပါ။ ဒေါ်စုအနေနဲ့ “အမိန့်ဟူသမျှ ပူးပေါင်းနာခံကြ” ဝါဒကို ပါတီတွင်းမှာ စတင်ကျင့်သုံးလာဟန် ရှိပါတယ်။ ဒီထဲမှာ အမှိုက်မပစ်ရ ဥပဒေလည်း ပါတယ်။ ပြည်သူတို့က စစ်အုပ်ချုပ်မှုကို ကာပြန်လိုတော့ အမှိုက်မပစ်ရ အမိန့်ကိုလည်း လေးစားရကောင်းမှန်း မသိတော့ပါ။ အခု ဒေါ်စုက အစိုးရကောင်းတစ်ရပ် ဖြစ်ပေါ်လာဖို့ သူကိုယ်တိုင် အောက်သက်ကျေအောင် အောက်ခြေကအစ ပြုပြင်ရတော့မှာ ဖြစ်တယ်။ ဒါကြောင့် အမှိုက်ဒီပလိုမေစီကို စတင်ကျင့်သုံးလိုက်ခြင်း ဖြစ်တယ်လို့ ယူဆမိပါတယ်။ ဒီအမှိုက်ကောက်မှုဟာ ပြည်သူတို့နဲ့ အစိုးရ ပထမဆုံး ထိတွေ့စေမယ့် လုပ်ငန်းစဉ် တစ်ခုအဖြစ် အသုံးချလိုဟန် ရှိပါတယ်။

ဒီတော့ အမှိုက်ကို ကောက်ခဲ့ပါပြီ။ ဒါပေမဲ့ အမှိုက်ကို ဘယ်မှာ ပစ်ရမလဲ၊ အမှိုက်ကို ဘယ်နည်း ပြန်သုံးရမလဲ၊ အမှိုက်ကို ပစ်တတ်အောင် ဘယ်လိုပညာပေးမလဲ ဒါ အရေးကြီးပါတယ်။ အမှိုက်ကို ကောက်တာ ကောင်းပါတယ်။ အမှိုက်ကို အသုံးဝင်အောင် လုပ်တတ်ရင် ပိုလို့တောင် ကောင်းပါတယ်။ အမှိုက်ကို ပစ်တတ်အောင်သာ ပညာပေးနိုင်ရင် အကောင်းဆုံးပါ။ ဒါ အရေးကြီးပါတယ်။ ပစ်သူက ပစ်၊ ကောက်သူက ကောက်၊ အမှိုက်ဖွသူက ဖွဆိုခဲ့ရင် ဒီအမှိုက် သံသရာက ဆုံးနိုင်တော့မှာ မဟုတ်ပါ။

ဒီထက် စဉ်းစားရမှာက မြန်မာနိုင်ငံဟာ အမှိုက်ပုံးကြီးနဲ့ တူကြောင်း မိမိခဏခဏ ရေးပါတယ်။ စစ်အုပ်စုတွေက သယံဇာတတွေရှာပြီး ချန်ထားတဲ့ ဓာတုဆေးတွေ၊ စစ်အုပ်စုတွေက ဖျက်ဆီးလိုက်လို့ ပျက်သွားတဲ့ မြို့ရွာ၊ ကျောင်းကန် စေတီပုထိုးနဲ့ ဘုရားကျောင်းတွေ၊ စစ်အုပ်စုတို့က သူတို့ အာဏာ တည်မြဲရေးအတွက် လူမျိုးအချင်းချင်း မသင့်မြတ်အောင်၊ ဘာသာတရား အချင်းချင်း ရန်မီးပွားအောင် ဆောင်ရွက်ချက်ဟူသမျှ ဟာလည်းပဲ မြန်မာနိုင်ငံကို လောင်ကျွမ်းစေနိုင်တဲ့ အမှိုက်စများသာ ဖြစ်ကြပါတယ်။ အခုလည်းပဲ မြန်မာစစ်တပ်ဟာ ကုန်တင်ကားနဲ့ ကချင်ပြည်ကို အတင်းတက်နေပါတယ်။ ဒါဟာ ပြည်မက အမှိုက်တွေကို ပြည်နယ်တွေမှာ သွားပစ်ချနေခြင်းပဲ ဖြစ်ပါတော့တယ်။

စစ်တပ်ကို အမှိုက်ပစ်တတ်အောင် မသင်ပေးနိုင်သရွေ့ ပြည်တွင်းစစ်မီးကို ငြှိမ်းသတ်ဖို့ မဖြစ်နိုင်ပါ။ ဒီအမှိုက်ကို မရှင်းနိုင်ရင် FDI ဝင်လာဖို့လည်း မျှော်လင့်လို့ မရနိုင်ပါ။ မီးဘေးရှိတဲ့ နိုင်ငံ၊ လမ်းပန်ဆက်သွယ်ရေး မကောင်းတဲ့နိုင်ငံ၊ ဘဏ် စတဲ့ အခြေခံ အဆောက်အအုံ မကောင်းတဲ့နိုင်ငံ၊ လူ့အရင်းအမြစ် မလုံလောက်တဲ့နိုင်ငံ၊ လုံခြုံမှု မရှိတဲ့ နိုင်ငံမှာ ဘယ်နိုင်ငံက သတ္တိကောင်းပြီး လာရောက် ရင်းနှီးမြှုပ်နှံကြမှာလဲ။ ခိုးရာပါပစ္စည်းကို ထုခွဲရောင်းချပေးတဲ့ နိုင်ငံခြားကုမ္ပဏီအချို့ပဲ ဈေးကောင်းရလို့ စွန့်စားလုပ်ကြမှာ ဖြစ်တယ်။ အခုတောင် NLD က ခရိုနီအမှိုက်များကို ရီဆိုင်ကယ်လုပ်ပြီး ပြန်သုံးဖို့ ဖိတ်ခေါ်နေကြရတယ်လို့ ဆိုပါတယ်။

ဒီလောက်နဲ့တင် မြန်မာနိုင်ငံဟာ အမှိုက်ပုံးဘဝကနေ တက်လာဖို့ မနည်းရုန်းကန်နေရဦးမှာ ဖြစ်ကြောင်း သိသင့်ပါတယ်။

NLD အစိုးရဖွဲ့နိုင်တာနဲ့ အရာအားလုံး ပြီးပြည့်စုံသွားပြီလို့ မယူဆစေချင်ပါတယ်။ ပထမသက်တမ်းဟာ အမှိုက်တွေကို ရှင်းရတာနဲ့ပဲ ကုန်သွားမယ်လို့ ထင်မြင်မိပါကြောင်း

အရှင်ရာဝိက (မုဒုံ)
The Ladies News Journal

No comments: