Sunday, December 20, 2015

ရှမ်းပြည်နယ် စစ်ဘေးရှောင် ပြည်သူများအတွက် အကူအညီများ ဆက်လက် လိုအပ်နေ ------ ------- -------

ရှမ်းပြည်နယ် စစ်ဘေးရှောင် ပြည်သူများအတွက် အကူအညီများ
ဆက်လက် လိုအပ်နေ
------ ------- -------

ရှမ်းပြည်နယ် အတွင်းမှ မိုင်းရှူး၊ ဟိုက်ပါ၊ ဝမ်ဝ၊ မိုင်တောင်ရှိ စစ်ဘေးရှောင်
စခန်းများတွင် စစ်ဘေးရှောင်များ အတွက် ဆေးဝါးများနှင့် အဝတ်အထည်များ
ဆက်လက် လိုအပ်နေသေးကြောင်း ရှမ်းလူအခွင့်အရေး လှုပ်ရှားသူများထံမှ
သိရှိရသည်။

“ဆေးဝါးနဲ့ ဆန်၊ ဆီ၊ ဆားတွေက အဓိက လိုအပ်ပါတယ်။ မကြာခင်မှာ ဆန်နဲ့ ဆီ၊
ဆားတွေက ပြတ်လပ်တော့မယ်။ ဆန်၊ ဆီ၊ ဆား မပြတ်သေးခင် အမြန်ဆုံး
ကူညီပေးဖို့ လိုအပ်နေပါတယ်” ဟု စစ်ဘေး ဒုက္ခသည်များအား ကူညီပေးနေသူ
မိုင်းရှူးမြို့ခံ ဒေါ်နန်းကောင်ခမ်းက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များ၏ ကျေးရွာတွင် အစိုးရစစ်တပ်များက တပ်စွဲထားမှုတွေ
ရှိနေသေးပြီး စစ်တပ်၏ ဖိအားပေးမှုများကြောင့် နေရပ်တွင် ပြန်လည် အခြေမချ
နိုင်သေးကြောင်း ရှမ်းတိုင်းရင်းသား အဖွဲ့အစည်းအချို့ထံ မှ သိရသည်။

“ဒီရှမ်းပြည်နယ်မှာရှိတဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက်ကတော့ ကူညီမှုတွေ
ဆက်လက် လိုအပ်နေပါတယ်။ တချို့ ကျတော့လည်း ကိုယ့်ရွာကိုယ် ပြန်ကြတယ်။
ရွာရောက်တော့ အခြေအနေက မကောင်းတော့ စစ်ဘေးရှောင် စခန်းကိုပဲ
ပြန်လာကြပါတယ်” ဟု နန်းခုံပရဟိတအသင်းမှ အဖွဲ့ဝင် ကိုခင်သန်းက ပြောသည်။

မိုင်းရှူး၊ ဟိုက်ပါ၊ ဝမ်ဝ၊ မိုင်တောင် ဒေသများရှိ စစ်ဘေးရှောင် စခန်းများတွင် နေထိုင်ရသည့် ကလေးသူငယ်များမှာ ဝမ်းပျက် ဝမ်းလျှောမှုများလည်းရှိပြီး
ပညာ သင်ကြားခွင့်လည်း မရရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မိုင်းရှူး၊ ဟိုက်ပါ၊ ဝမ်ဝ၊
မိုင်တောင်ဒေသရှိ စစ်ဘေး ဒုက္ခသည် စခန်းများတွင် စစ်ဘေးရှောင် ပြည်သူ
ခြောက်ထောင်ကျော် ရှိနေသေးကြောင်း သိရသည်။

သတင်း - MMK
Photo – Ko Shwe Aung Thinn

The Ladies News Journal

No comments: