Wednesday, December 9, 2015

စုနှင့် ရွှေနှစ်ရွှေအတွေ့ သမိုင်းဝင် နိုင်ငံရေးအရွေ့ ==================================

စုနှင့် ရွှေနှစ်ရွှေအတွေ့ သမိုင်းဝင် နိုင်ငံရေးအရွေ့
=====================================
ဒီဇင်ဘာ ၄ ရက် မွန်းလွဲ၂ နာရီခွဲသာသာတွင် နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်သော နှင်းဆီစံအိမ်မှ ၁၉၉၉ မော်ဒယ် 5G/1515 မတ်တူး အဖြူရောင်ကားသည် မြန်မာနိုင်ငံအား စစ်အုပ်ချုပ်ရေးဖြင့် ဆယ်စုနှစ် နှစ်စုနီးပါး အုပ်ချုပ်ခဲ့သော အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နေအိမ်သို့ ထွက်ခွာသွားသည်။ နေပြည်တော်ရှိ ခြောက်လုံးတွဲ စံအိမ်အဖြစ် နာမည်ကြီးသော အိမ်များထဲမှ ဗိုလ်ချုပ်မှူးကြီး၏ အိမ်တွင် ပြည်ထောင်စုလွှတ်တော် နာယက အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရရွှေမန်းလည်း ကြိုတင်ရောက်ရှိနေသည်။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် အငြိမ်းစား တပ်မတော်ခေါင်းဆောင်တို့သည် အနာဂတ် မြန်မာ့နိုင်ငံရေးတွင် စည်းလုံး ညီညွတ်ရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး ကိစ္စရပ်များကို ဆွေးနွေးရန် သမိုင်းဝင် တွေ့ဆုံမှုကို ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၃၀ မပြည့်ခင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုတွေ့ဆုံမှုအား မီဒီယာများမှ ပြည်ထောင်စု လွှတ်တော်နာယက သူရရွှေမန်း၏ စီစဉ်ပေးမှုဖြင့် ပြုလုပ်ခဲ့သည်ဟု ဖော်ပြကြသော်လည်း အဓိက အကြောင်းရင်းမှာ ဗိုလ်ချုပ်မှူးကြီး၏ မြေးဖြစ်သူ နေရွှေသွေးအောင်က နိုဝင်ဘာ ၁၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့ခြင်းမှ အစပြုခဲ့ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့သည် နေပြည်တော်ရှိ စစ်ဦးစီးရုံးချုပ်တွင် တွေ့ဆုံခဲ့သည်ဟု မီဒီယာ တချို့က ဖော်ပြနေခြင်းသည် မှားယွင်းနေပြီး မြန်မာနိုင်ငံ၌ စစ်ဦးစီးရုံးချုပ်ဟူသည့်အမည် မရှိသလို ကာကွယ်ရေး ဦးစီးချုပ်ရုံး (စစ်ရုံး)တွင်လည်း တွေ့ဆုံခြင်း မဟုတ်ကြောင်း တပ်မတော် အရာရှိကြီး တစ်ဦးက Tomorrowသို့ ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံရာတွင် အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းများနှင့် တပ်မတော်နှင့် အမျိုးသားနိုင်ငံရေး အင်အားစုအကြား အမြင်ကွဲပြားနေခြင်းကို စုစည်းပေးရန် အကြောင်းအရာများကို ပြောခဲ့ဖွယ်ရှိကြောင်း၊ အငြိမ်းစား တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း NLD အနိုင်ရရှိမှုကို အသိအမှတ်ပြု၍ တိုင်းပြည်အား ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည်ကို လက်ခံသည့် အနေအထားကို တုံ့ပြန်ခဲ့ကြောင်း အနိုင်ရ ဒီချုပ်ပါတီ ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)တို့သည် တိုင်းပြည်၏ အရေးကိစ္စများအား နှစ်နာရီခွဲကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်ဖက်လုံးမှ ဤသတင်းကို အတည်ပြုခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း) အနေဖြင့် မြန်မာပြည်၏ အနာဂတ် ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည် ဖြစ်လာမည်မှာ အားလုံးလက်ခံမည့် အမှန်တရား ဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုးရေး အတွက် ကြိုးပမ်းဆောင်ရွက်မည် ဆိုပါက မိမိအနေဖြင့် တတ်နိုင်သည့် ဘက်မှ အစွမ်းကုန် ကူညီမည်ဟု ကတိပြုခဲ့သည်။ ယခုတွေ့ဆုံမှုနှင့် ပတ်သက်၍ မြန်မာ့အရေး လေ့လာသူ တစ်ဦးက “ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သဘောထားကြီးကြောင်း၊ သူ့ကို ဖိနှိပ်ခဲ့တဲ့ နိုင်ငံ့ အကြီးအကဲဟောင်းနဲ့ တွေ့ဆုံပြလိုက်တာဟာ တိုင်းပြည်အတွက် အရမ်းကောင်းသွားတာ။ အထူးသဖြင့် စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးကို အချိန်တိုတို အတွင်း ထူထောင်နိုင်ခဲ့တာဟာ တိုင်းပြည်ရဲ့ နိုင်ငံရေးအရွေ့ကို သက်ရောက်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်ကို ဒုက္ခပေးမယ့်သူ မဟုတ်ဘူးလို့ ယုံကြည်သွားတဲ့ အခြေအနေ တစ်ရပ်ကို တွေ့ရပါတယ်။ သူတို့တွေ့ဆုံမှုမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် ခန့်ထားနိုင်တဲ့ အစိုးရ အဖွဲ့ဝင် ၀န်ကြီးသုံးဦးအပြင် နောက်သုံးဦးပေးဖို့ တောင်းဆိုတယ်လို့လည်း ကြားရတယ်။ လက်ရှိ အစိုးရအဖွဲ့မှာ ၀န်ကြီးတွေနဲ့ ၀န်ကြီးဌာနတွေ ဖောင်းပွနေတယ်။ အစိုးရသစ်မှာ ၀န်ကြီးဌာန ၂၆ခုအထိ လျှော့ချမယ်လို့ သိရတယ်။ နိုင်ငံရေး ညှိနှိုင်းမှု သဘောတူရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ တားဆီးထားတဲ့ ဥပဒေကို ပြင်ဆင်ရတာ လွယ်ကူသွားပြီ။ တပ်မတော်ကို ကြည့်ရင်လည်း ခေတ်စနစ်အရ မနိုင်ဝန် မထမ်းချင်တော့တာ တွေ့ရတယ်။ ဒါ့ကြောင့် အနာဂတ် နိုင်ငံတော် အသစ်ကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီး ထူထောင်တာ အကောင်းဆုံးလို့ တပ်မတော် ခေါင်းဆောင်တွေ လက်ခံလိုက် ပုံရတယ်။ စိန်ခေါ်မှုတွေ အများကြီး ရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည် အောင်မြင်စွာ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု သူ့အမြင်အား Tomorrow ဂျာနယ်သို့ ပြောကြားခဲ့သည်။

( Tomorrow သတင်းဂျာနယ် )

No comments: