Wednesday, December 16, 2015

တံခွန်တိုင်မြောက်ဥယျာဉ်ရပ်ကွက် မိဘဂုဏ်ရောင်ကျောင်းထိုင်ဆရာတော် မူးယစ်ဆေးဝါးရောင်းချမှုဖြင့် ဖမ်းဆီးခံရ

တံခွန်တိုင်မြောက်ဥယျာဉ်ရပ်ကွက် မိဘဂုဏ်ရောင်ကျောင်းထိုင်ဆရာတော် မူးယစ်ဆေးဝါးရောင်းချမှုဖြင့် ဖမ်းဆီးခံရ

မန္တလေး၊ ဒီဇင်ဘာ - ၁၅

မန္တလေးခရိုင် ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်မြောက်ဥယျာဉ်ရပ်ကွက် မိဘဂုဏ်ရောင် ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်သော ဦးသာသန(ခ)ဦးသန်းပို အသက်၄၅ နှစ်၊ (ဝါတော် ၂၅ )ကို ဒီဇင်ဘာလ ၁၄ ရက်နေ့က မူးယစ်ဆေးဝါးရောင်းချမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း မြို့နယ်သံဃနာယကအဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ဦးသာသန(ခ)ဦးသန်းပိုကို ယင်းနေ့က ချမ်းမြသာစည်မြို့နယ် ၆၂ လမ်းနှင့် မနော်ဟရီလမ်းထောင့်အနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါ ဒီဇင်ဘာ ၁၄ ရက်နေ့က ဦးဇင်ဖြိုးအောင်(ခ)သားကြီးထံမှ 88 စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၅၈၀ ပြား (ကာလတန်ဖိုး ကျပ် ၂၉ သိန်း ) ပမာဏဖမ်းဆီးရမိရာမှ စစ်ဆေးရာတွင် ဦးသာသန(ခ)ဦးသန်းပိုထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုမှုကြောင့် ဦးသာသနကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းတွင် ဖော်ပြထားသည်။

ဦးသာသနကို စစ်ဆေးချက်အရ သတင်းသုံးသည့် ကျောင်းတိုက်ရှိ ရေခဲသေတ္တာပေါ်မှ ဆေးပြား ၁၁၈ ပြား၊ ကာလပေါက်ဈေးအရ စုစုပေါင်း ကျပ်ခြောက်သိန်းနီးပါး တန်ဖိုးရှိ ဆေးပြားများသိမ်းဆည်းရမိခဲ့ကြောင်း ယင်းမှုခင်းမှတ်တမ်းအရ ထပ်မံသိရသည်။

ဦးသာသနသည် ငယ်ဖြူဆရာတော်တစ်ပါးဖြစ်ပြီး မုံရွာမြို့ သံဃနာယကအဖွဲ့၏ အဖွဲ့ဝင်ကတ်ပြားတစ်ခုလည်း ၎င်းထံတွင်တွေ့ဖူးကာ ဦးသာသန၏ မိဘဂုဏ်ရောင်ကျောင်းတိုက်သို့ ဧည့်သည်များလည်း အဝင်အထွက်များသည်ကိုတွေ့ရကြောင်း မိဘဂုဏ်ရောင်ကျောင်းတိုက်၏ အနီးအနားတွင် နေထိုင်သီတင်းသုံးသည့်ဆရာတော်တစ်ပါးက မိန့်ကြားသည်။

“ဦးဇင်းကတော့ ရဲကဖမ်းလာပြီး လူဝတ်လဲပေးပါဆိုလို့ လဲပေးလိုက်တယ်။ ဒီမှာကျောင်းလာဝယ်ပြီးတော့ နေတာလို့သိရတယ်”ဟု ပြည်ကြီးတံခွန်မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဌ ဦးသောဘန က မိန့်ဆိုသည်။

သံဃနာယကအဖွဲ့အနေနှင့် ဦးသာသနကို အရေးယူဆောင်ရွက်ခြင်းတစ်စုံတစ်ရာ ပြုလုပ်တော့မည်မဟုတ်ဘဲ လူဝတ်လဲစေပြီး ရဲတပ်ဖွဲ့၏ လုပ်ထုံးလုပ်နည်းများဖြင့်သာ ဆောင်ရွက်စေမည်ဖြစ်ကြောင်း၊ သံဃနာယကအနေနှင့် အရေးယူမည်ဆိုပါက ပြစ်မှုပုဒ်မ ၂၉၅ ဖြင့် အရေးယူဆောင်ရွက်နိုင်ပြီး ပြစ်ဒဏ်အနေနှင့် ထောင်ဒဏ်သုံး နှစ်ထိကျခံရနိုင်ကြောင်း၊ သံဃာတော်များကို အရေးယူဆောင်ရွက်ရသည့်အထဲတွင် မူးယစ်ဆေးဝါးမှုဖြင့် အရေးယူဆောင်ရွက်ရခြင်းမျိုးမရှိဖူးကြောင်း ဆရာတော်က ထပ်လောင်းမိန့်ကြားသည်။

“ဦးဇင်းတို့အနေနဲ့ကတော့ ဘုရားသာသနာကိုထိခိုက်ညှိုးနွမ်းအောင် လုပ်နေရင် လိုက်ဖမ်းတယ်။စစ်တယ်။မှန်ရင် လူဝတ်လဲစေတယ်။ ဥပဒေတပ် အရေးယူတယ်။ သာသနာအတွက် ဆူးငြောင့်ခလုတ်ဖြစ်နေရင်တော့ အရေးယူမှာပဲ။”ဟု ဆရာတော်က ဆက်လက်မိန့်ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဦးဇင်ဖြိုးအောင်(ခ) သားကြီးနှင့် ဦးသာသန(ခ) ဦးသန်းပိုတို့ကို ပြည်ကြီးတံခွန်မြို့နယ် မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးများ လက်ဝယ်ဖမ်းဆီးရမိခဲ့သော မယ(ပ) ၂၆။၂၀၁၅ နှင့် မူး။စိတ်ပုဒ်မ ၁၅။၁၉(က)။၂၁ တို့ဖြင့် အမှုဖွင့်ထားပြီး ဦးသာသန(ခ)ဦးသန်းပို နှင့်၎င်းဝယ်ယူခဲ့သည်ဟုဆိုသော တရုတ်နိုင်ငံ ကြယ်ခေါင်မြို့တွင် ရောင်းချနေသူတို့ကို မယ(ပ)၂၇။၂၀၁၅ မူး။စိတ်ပုဒ်မ ၁၅။၁၉(က)။၂၁တို့ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်နေကြောင်း အဆိုပါရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။


No comments: