Wednesday, December 16, 2015

ကိုးလကြာစစ်ဆေးနေသည့် လက်ပံတန်းဖမ်းဆီးခံကျောင်းသားအမှု အစမှပြန်စစ်ဆေး

ကိုးလကြာစစ်ဆေးနေသည့် လက်ပံတန်းဖမ်းဆီးခံကျောင်းသားအမှု အစမှပြန်စစ်ဆေး

သာယာဝတီ၊ ဒီဇင်ဘာ ၁၅

တရားခံပြေးအဖြစ်ကြေညာထားသူ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌကိုကျော်ကိုကို ကို နိုဝင်ဘာလ ၂၉ ရက်က ဖမ်းဆီးရမိပြီးနောက်တွင် အမျိုးသားပညာရေးဥပဒေပြင်ဆင်ပေးရန် ဆန္ဒထုတ်ဖော်မှုဖြင့် တရားစွဲဆိုခံထားရသည့် လက်ပံတန်းဖမ်းဆီးခံကျောင်းသားများ၏အမှုကို အစမှပြန်လည် စစ်ဆေးနေကြောင်း ကျောင်းသားများ၏အကျိုးဆောင်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။

လက်ပံတန်းကျောင်းသားသပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့ပြီး ၂၀၁၅ မတ်လမှစ၍တရားခံပြေးအဖြစ် ကြေညာခြင်းခံရသူ ကျော်ကိုကိုသည် ကျောင်းသားများအမှုတွင် ပတ်သက်နေသဖြင့် ဒီဇင်ဘာလ ၁၅ ရက်၊ ၃၅ ကြိမ်မြောက် သာယာဝတီမြို့နယ်တရားရုံးထုတ်တွင် ကိုးလကြာရုံးထုတ်စစ်ဆေးနေသည့် ကျောင်းသားများ၏အမှုတွဲကို ပြန်လည်စစ်ဆေးနေခြင်းဖြစ်သည်။

တရားလို ရဲမှူးဖုန်းမြင့်ကို နောက်ဆုံးစစ်ဆေးနေစဉ် ကျောင်းသားခေါင်ဆောင် ကိုကျော်ကိုကို ကို ပြန်မိလာသည့်အတွက် တရားရုံးဥပဒေအရ အမှုတွဲကိုစွပ်စွဲခံရသူရှေ့တွင် ပြန်လည်၍စစ်ဆေးပေးနေရသဖြင့်ထပ်မံအချိန်ကြာမြင့်မည်ဖြစ်ကြောင်း၊ကျောင်းသားများအမှုတွင်ပါဝင်ပြီး ဖမ်းဝရမ်းထုတ်ခြင်းခံရသည့် ကိုရဲရင့်ကျော်နှင့်ကိုမြတ်သူတို့ကိုပြန်မိပါက ယခုကဲ့သို့ တရားရုံးဥပဒေအရ ပြန်လည်စစ်ဆေးရမည်ဖြစ်ကြောင်း ကျောင်းသားများ၏အကျိုးဆောင်ရှေ့နေများထံမှသိရသည်။

“လက်ရှိရင်ဆိုင်နေရတဲ့ တရားစီရင်ရေးကတော့အုပ်ချုပ်ရေးအောက်က ခိုင်းစေချက်အတိုင်း လုပ်နေရတယ်လို့ မြင်ပါတယ်။ဖမ်းဆီးချုပ်နှောင်ထားတာကိုးလထဲ ရောက်နေပါပြီ။ ဘာမှ ထူးခြားမှုတွေ မတွေ့ရသေးပါဘူး”ဟုကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်က ဆိုသည်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ပေးရန် ဆန္ဒပြမှုကြောင့် ကျောင်းသားနှင့်ဝန်းရံသူ၅၂ ဦးနှင့်ကျောင်းသူ ခြောက်ဦး ဖမ်းဆီးခံထားရပြီး ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၄၃/၁၄၅/၁၄၇/၃၃၂/၅၀၅(ခ)ဖြင့် တရားစွဲဆိုထားသည်။ ယင်းအမှု၏နောက်တစ်ပတ်ရုံးချိန်းကို ဒီဇင်ဘာလ ၂၂ ရက်သို့ပြန်လည်ချိန်းဆိုလိုက်ကြောင်း သာယာဝတီမြို့နယ်တရားရုံးထံမှ သိရသည်။


No comments: