အမျိုးသားရေးစိတ်ဓာတ်ကို မွေးဖွားပေးခဲ့သည့် အမျိုးသားနေ့
++++++++++++++++++++++++++++++++++++++++
သိန်းအေး
++++++++++++++++++++++++++++++++++++++++
တန်ဆောင်မုန်းလဆန်း ၁၀ ရက်နေ့သည် အမျိုးသားနေ့ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် အ မျိုးသားနေ့ဖြစ်ပေါ်လာခဲ့သည်မှာ (၉၅)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
မြန်မာနိုင်ငံကို နယ်ချဲ့အင်္ဂလိပ်တို့က ခရစ် နှစ် ၁၈၂၄ ဘကြီးတော်မင်းလက်ထက်တွင် တစ်ကြိမ်၊ ၁၈၅၂ ပုဂံမင်းလက်ထက် တွင်တစ် ကြိမ်၊ ၁၈၈၅ ခုနှစ် ကုန်းဘောင်ခေတ်နှောင်း ပိုင်း သီပေါမင်းလက်ထက်တွင်တစ်ကြိမ် စစ် သုံးကြိမ်ပြု၍ တစ်နိုင်ငံလုံး ကိုသိမ်းပိုက်ခဲ့သည်။ သူ့ကျွန်ဘဝကျရောက်ခဲ့ရစဉ်က ထီးကျိုးစည် ပေါက် ရှင်ဘုရင်ပါပျောက်ခဲ့ရသော်လည်း ပြည် သူလူထုတို့က အမျိုးသားရေးစိတ်၊ မျိုးချစ်စိတ် အရင်းခံဖြင့် ရရာလက်နက်ကိုစွဲကိုင်ကာ ဒေသ အသီးသီးမှ ဆန့်ကျင်တော်လှန်တိုက်ခိုက်ခဲ့ ကြသည်။
အမျိုးသားရေးစိတ်ဓာတ်ဆိုသည်က အ ရေးမကြုံလျှင် သွေးမဆုံ၊ အရေးကြီးမှသွေးနီး တာမျိုးဖြစ်သည်။ အရေးမပေါ်သေးလျှင် မီးခဲ ပြာဖုံးလိုဖြစ်နေတတ်သော်လည်း အရေးကြုံ လာရလျှင်တော့ သွေးဆုံလာတတ်ကြစမြဲဖြစ် သည်။ အင်္ဂလိပ်တို့၏ စတင်ကျူးကျော်ခြင်း ကို ခံခဲ့ရသော ၁၈၂၄ ခုနှစ်မှ စတင်ရေတွက်လျှင် နှစ်ပေါင်း ၁၀၀ နီးပါးအကြာ ၁၉၂၀ ပြည့်နှစ် တွင်တော့ အုပ်စိုးသူအင်္ဂလိပ်တို့ကိုတုန်လှုပ် စေခဲ့သည့် ပထမကျောင်းသားသပိတ်ကြီးပေါ် ပေါက်ခဲ့တော့သည်။ စတင်ပေါ်ပေါက်စဉ်က အင်္ဂလိပ်အစိုးရတို့ ရေးဆွဲပြဋ္ဌာန်းပေးလိုက် သော ယူနီဗာစီတီအက်ဥပဒေကိုအကြောင်း ပြု ၍ ဖြစ်ပေါ်လာခဲ့ သည်မှန်သော်လည်း မြန် မာ အမျိုးသားထုကြီးတစ်ရပ်လုံးက အမျိုးသား ရေးစိတ်ဓာတ်များ နိုးကြားလာကာ နှစ်ပေါင်း ၂၈ နှစ်အကြာ ၁၉၄၈ တွင် လွတ်လပ်ရေးအ ရယူနိုင်သည်အထိပင် အရှိန်အဟုန်မြင့်မား လာခဲ့သည်။ ဤသည်မှာ Nationalism အ မျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားရေးဝါဒ၊ မျိုး ချစ်စိတ်၊ ဝံသာနုရက္ခိတ စိတ်ဓာတ်များကြောင့် ပင်ဖြစ်သည်။
၁၉၂၀ ပြည့်နှစ် မြန်မာပြည် ဒုတိယဘု ရင်ခံ ဆာရက်ဂျီနယ်ဟင်နရီကရက်ဒေါက် Sir Reginald Henry Craddock နှင့် ပညာ မင်းကြီး မက်ဟန်းတား Mark Hunter တို့က နယ်ချဲ့အရင်းရှင်စနစ်နှင့်လျော်ညီသော အ ရင်းရှင်ပညာရေးစနစ်ကို အကျိုးပြုသည့် ရန် ကုန်တက္ကသိုလ်ဥပဒေကြမ်းကိုရေးဆွဲကာ ရန် ကုန်တက္ကသိုလ်တည်ထောင်ရန် ကြိုးပမ်းခဲ့ကြ သည်။ ယင်းတက္ကသိုလ်ဥပဒေကြမ်းတွင်-မြန် မာပြည်၌ ရန်ကုန်တက္ကသိုလ်တစ်ခုတည်းသာ ရှိရမည်။
ထိုတက္ကသိုလ်လက်အောက်တွင် ကောလိပ်ကျောင်းတစ်ကျောင်းသာ ရှိရမည်။ ယင်းကောလိပ်ကျောင်းသည်လည်း ရန်ကုန် မြို့တွင်သာဖွင့်ရမည်။ ကောလိပ်ကျောင်းတွင် စာသင်လိုလျှင် ကျောင်းအိပ်ကျောင်းစားအဖြစ် နေရမည်။ တက္ကသိုလ်ဝင်ခွင့်ရရန် အစိုးရက ပြုလုပ်သော High School Final ခေါ် ဆယ် တန်းစာမေးပွဲအောင်မြင်ရမည်။ ဆယ်တန်းစာမေးပွဲအောင်မြင်ပြီးသူတို့သည် တက္ကသိုလ် ဝင်ခွင့်ရရေးအတွက် အင်္ဂလိပ်ဘာသာနှင့် အ ခြားဘာသာတွဲတစ်ခုကို ထပ်မံဖြေဆိုကာ ထူး ချွန်စွာအောင်မြင်မှသာ တက္ကသိုလ်ကျောင်း တက်ခွင့်ရှိသည်။ တက္ကသိုလ်တက်ခွင့်ရလျှင် ဦးစွာ တက္ကသိုလ်ပညာကိုသင်ယူခွင့်မရ။ ပြင် ဆင်မှုအတန်း (Preliminary Class ) တွင် တစ် နှစ်တက်ရမည်။
အရည်အချင်းမပြည့်မီဟု သတ် မှတ်ခြင်းခံရလျှင် တက္ကသိုလ်ပညာရပ်များကို သင်ယူခွင့်ရဦးမည်မဟုတ်။ ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲများထားရှိမည်။ ဂုဏ်ထူးနှင့် ဝိဇ္ဇာဘွဲ့ စာမေးပွဲကို သိပ္ပံတန်းအောင်ပြီး သုံးနှစ်ကြာမှ ဝင်ရမည်။ ဂုဏ်ထူးနှင့် ဝိဇ္ဇာဘွဲ့တန်းတွင် စာ မေးပွဲတစ်ခါကျလျှင် နောက်ထပ်ဖြေဆိုခွင့်လုံး ဝမပြု စသောပြင်းထန်တင်းကျပ်သည့် ပညာ ရေးဥပဒေကြမ်းကို ရေးဆွဲပြဋ္ဌာန်းရန် ထုတ် ပြန်ခဲ့ရာ ၁၉၂၀ ပြည့်နှစ် ဇူလိုင်လ ၃၀ ရက် နေ့တွင် YMBA အသင်းကြီးက ဦးစီး၍ တက္က သိုလ်ဥပဒေကြမ်းကို ကန့်ကွက်သော လူထုအ စည်းအဝေးကြီးကို ဂျူဗလီဟောတွင် ကျင်းပ ခဲ့သည်။
အစည်းအဝေးကြီး မှ ရန်ကုန်တက္ကသိုလ် ဥပဒေကြမ်းအတည်ပြုရေးကို လုံးဝကန့်ကွက် သည်။ ဥပဒေကြမ်းအတည်ပြုရေးကို မြန်မာ နိုင်ငံသစ် စီမံအုပ်ချုပ်ရေးနှင့်ပတ်သက်၍ တ ရားဥပဒေပြုလွှတ်တော်အသစ် ဖွဲ့စည်းတည် ထောင်သည့်အချိန်တိုင်အောင် ဆိုင်းငံ့ထား ရန်၊ ရန်ကုန်မြို့တစ်မြို့တည်းတွင်သာ တက္က သိုလ်ဖွင့်လှစ်မှုကို မလိုလား။ အနယ်နယ်အရပ် ရပ်ရှိ ကောလိပ်ကျောင်းများလည်း ဖက်စပ်ပါ ဝင်နိုင်သည့် တက္ကသိုလ်မျိုးဖွင့်လှစ်ရန်သာ လို လားသည်။ ကျောင်းအုပ်ချုပ်ရေးအဖွဲ့တွင် မြန် မာလူမျိုးတို့ လုံလောက်စွာပါဝင်ရန်လိုလား သည်။ တက္ကသိုလ်ဝင်ခွင့်ပြုရာတွင် ပြင်ဆင် မှုအတန်း (Preliminary Class) နေရသောစနစ် ကိုမနှစ်သက်၊ High School Final အောင် ပြီးသူတိုင်း တက်ခွင့်ပြုသင့်သည် စသည့်အ ချက်များကို တညီတညွတ်တည်း ဆုံးဖြတ်အ တည်ပြုခဲ့သည်။
အဆိုပါ တက္ကသိုလ်ပညာရေးဥပဒေကြမ်း အရဆိုလျှင် ငွေကုန်ကြေးကျခံနိုင်သော မြေရှင်၊ ဓနရှင်လူတန်းစားများနှင့် ဗျူရိုကရက်အရာရှိ ကြီးတို့၏ အဆက်အနွှယ်များသာ အကျိုးရှိနိုင် သော ပညာရေးဥပဒေဖြစ်နေသည်။ မြန်မာ များနှင့် အလှမ်းဝေးလှသည့် ပညာရေးစနစ် ဖြစ်နေသည်။ အဆိုပါဥပဒေအရဆိုလျှင် ထို ခေတ်ကသုံးစွဲသော ငွေအနည်းဆုံး ကျပ် ၆၀၀ ကျော် သို့မဟုတ် တစ်လလျှင် ပျမ်းမျှကျပ် ၅၀ ကျော် အကုန်အကျခံနိုင်ရမည်ဖြစ်သည်။ ထိုစဉ် က မြို့အုပ်တစ်ယောက်၏လစာမှာ ကျပ် ၁၂၀ ခန့်ရှိပြီး စာရေးကြီးတစ်ယောက်၏လစာမှာ ကျပ် ၃၀ ဝန်းကျင်မျှသာရရှိသည့် ကာလဖြစ် သည်။ တက္ကသိုလ်ပညာရေးကိုသင်ယူဖို့ဆိုလျှင် မြို့အုပ်တစ်ယောက်၏ လစာမျှလောက် ခံစား ခွင့်ရှိသူများသာ ကျောင်းတက်နိုင်ကြမည်ဖြစ် သည်။ အလုပ်သမားတစ်ဦး၏ အနိမ့်ဆုံးလစာ မှာ ၁၂ ကျပ်ဖြစ်ပြီး အမြင့်ဆုံးလစာမှာ ၇၅ ကျပ်ဖြစ်၍ ပျမ်းမျှခြင်းအားဖြင့် အလုပ်သမား တစ်ဦး တစ်လလျှင် ကျပ် ၂၀ မျှသာ ရရှိနေကြ ပြီး နေ့စားဝန်ထမ်းများဆိုပါက တစ်နေ့လျှင် ၂၅ ပြား(တစ်မတ်)လောက်သာ ရရှိနေချိန် ဖြစ်သည့်အတွက် သာမန်ဝန်ထမ်းမိသားစုများ အဖို့ တက္ကသိုလ်တက်ရောက်ရန် အိပ်မက်ပင် မက်၍မရနိုင်သည့် အခြေအနေဖြစ်သည်။
ထိုခေတ်သတင်းစာများကလည်း တက္က သိုလ်ပညာရေးဥပဒေကြမ်းကို ဆန့်ကျင်ကန့် ကွက်ရေးသားကြသည်။ ကန့်ကွက်နေသည့် ကြားမှာပင် ၁၉၂၀ ပြည့်နှစ် ဩဂုတ်လ ၂၈ ရက်နေ့၌ ကရက်ဒေါက်က ဥပဒေကိုအတည် ပြုပြဋ္ဌာန်းလိုက်သည်။ ဒီဇင်ဘာ ၁ ရက်နေ့တွင် ယင်းဥပဒေနှင့်အညီ ရန်ကုန်ကောလိပ်ကို တက္က သိုလ် (University) အဖြစ်သို့ တိုးမြှင့်ဖွင့်လှစ် တော့မည်ဟု ကြေညာသည်။ သတင်းစာများ နှင့် ကျောင်းသားထုက ပြင်းပြင်းထန်ထန်ကန့် ကွက်လာသည်။ ကောလိပ်ကျောင်းသားများ ထဲမှ သံတွဲဦးဘဦးကို ခေါင်းဆောင်တင်ပြီး စည်းဝေးကန့်ကွက်သည်။ ကန့်ကွက်နေသည့် ကြားမှ ရှေ့တိုးလုပ်ဆောင်လာပါက ကျောင်း သားနှင့်ပြည်သူတွဲ၍ ရှေ့တစ်လှမ်းတိုးမည်ဟု ဆုံးဖြတ်ကန့်ကွက်သည့်အတွက် ဘုရင်ခံက ဒီဇင်ဘာ ရ ရက်သို့ ရက်ရွှေ့သည်။
ထိုနေ့ကား ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃ ရက် (၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၈ ရက်)။ သီပေါမင်းပါတော်မူနေ့ လည်းဖြစ်သည်။ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ရင်ပြင် အနောက် တောင်ထောင့်(စနေထောင့်) ဗောဓိပင်ကြီးရှေ့ တွင် နံနက် ၁၁ နာရီမှစတင်ကာ ကျောင်းသား ၁၁ ဦး လျှို့ဝှက်စုဝေးတိုင်ပင်ကြသည်။ ကျောင်း သားသပိတ်ကြီးဖြစ်ပေါ်လာအောင် ဦးဆောင် ခဲ့သည့် ၁၁ ဦးမှာ-ကိုဘရှင် (ဘီအက်စ်စီအ ထက်တန်း)၊ ကေညီပိတ်(ဘီအက်စ်စီအထက် တန်း)၊ ကိုဖိုးကွန်း(ဘီအက်စ်စီအထက်တန်း)၊ ကိုအေး(ဘီအေအထက်တန်း)၊ ကိုလှတင် (ဘီ အေအထက်တန်း)၊ ကိုဖေသိန်း (အိုင်အေအ ထက်တန်း)၊ ကိုထွန်းဝင်း(အိုင်အေအထက်တန်း)၊ ကိုဘရှင်(အိုင်အေအထက်တန်း)၊ ကိုဘခင် (အိုင် အေအထက်တန်း)၊ ကိုအောင်ဒင် (အိုင်အေ အထက်တန်း)နှင့် ကိုဘဦး(ဘီအေအထက်တန်း) တို့ဖြစ်ကြသည်။ (အဆိုပါကျောင်းသားကြီး များ သပိတ်မှောက်ရန် စုဝေးတိုင်ပင်ခဲ့သည့် နေရာ၌ ယခုတိုင် မော်ကွန်းကျောက်တိုင် ကို ရွှေတိဂုံစေတီတော်ရင်ပြင် အနောက်တောင် ထောင့်တွင် ယခုတိုင်တွေ့နိုင်ပါသည်။)
ရှစ်နာရီကြာမျှ တိုင်ပင်ဆွေးနွေးကြပြီး နောက် အမိနိုင်ငံ၏ဂုဏ်သိက္ခာနှင့် အနာဂတ် အတွက် ကောလိပ်ကျောင်းသားများ သပိတ် မှောက်ကြရန် ဆုံးဖြတ်လိုက်ကြတော့သည်။ သပိတ်မှောက်ခြင်းကို ထိုကျောင်းသား ၁၁ ဦး ကပင်ဦးဆောင်မည်။ တစ်ပြည်လုံးအတိုင်းအ တာဖြင့် ပါဝင်လာအောင် လှည့်လည်ဟောပြော ကြမည်။ ဒီဇင်ဘာ ၄ ရက်နေ့တွင် ဗဟန်းဦး အရိယကျောင်း၌ ကောလိပ်ကျောင်းသားများ အထူးအစည်းအဝေးခေါ်ယူကာ ရှင်းလင်း ပြောပြရန် ဆုံးဖြတ်ခဲ့သည်။ ရန်ကုန်ကောလိပ် နှင့် ယုဒသန်ကောလိပ်တို့မှ ကျောင်းသား ၄၀၀ ကျော်သည် ဒီဇင်ဘာ ၄ ရက် ညနေ ၅ နာရီ တွင် ဗဟန်းဦးအရိယကျောင်းတွင် စုဝေးကာ တက္ကသိုလ်ဥပဒေတိုက်ဖျက်ရေးအတွက် သပိတ် မှောက်ကြရန် အများသဘောတူဆုံးဖြတ်ခဲ့ သည်။
နောက်တစ်နေ့ဖြစ်သော ၁၉၂၀ ပြည့် နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ (၁၂၈၂ ခုနှစ် တန် ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့)တွင် ကျောင်း သူ၊ ကျောင်းသားများစုဝေးကာ တက္ကသိုလ် ပညာရေးဥပဒေကြမ်းကို လုံးဝကန့်ကွက်ကြောင်း ဆန္ဒပြသည့်အနေဖြင့် သပိတ်မှောက်ကြောင်း ဆုံးဖြတ်ကြေညာခဲ့သည်။ ကျောင်းသားတွေ ညီခဲ့သည်။ ကောလိပ်ကျောင်း သားများသာမ က အထက်တန်းကျောင်းသားများကပါ ပါဝင် လာခဲ့သည်။ ဗဟန်းတွင် ရှိသမျှဇရပ်အားလုံး ကျောင်း သားတွေနှင့် ပြည့်နှက်သွားတော့သည်။ တစ်နိုင်ငံလုံးမှ ကျောင်းများအားလုံးနီးပါးပင် ဝိုင်းဝန်းသပိတ်မှောက်လိုက်ကြတော့သည်။ သပိတ်မှောက်ရာတွင် မြန်မာနိုင်ငံ၌ရှိနေသော အထက်တန်းကျောင်း ၄၂ ကျောင်းက သပိတ် မှောက်ခဲ့ကြသည်။ သပိတ်မှောက်ကျောင်း သား များကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ကြီးက အကူအညီပေးခဲ့သည်။
၁၉၂၀ ပြည့်နှစ် ပထမကျောင်း သားသပိတ် သည် အင်္ဂလိပ်နယ်ချဲ့တို့လက်အောက်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးပညာရေး လှုပ်ရှားမှု ကြီးဖြစ်သည်။ ထိုလှုပ်ရှားမှုကြီး၏ အကျိုးသက် ရောက်မှုက အမျိုးသားပညာသင်ကျောင်း များ နှင့် ခေတ်သစ် အမျိုးသားပညာရေးအတွေးအ ဆကို ပေါက်ဖွားစေခဲ့သည်သာမက မြန်မာတစ် မျိုးသားလုံးအတွက် နိုင်ငံရေးနိုးကြားမှု၊ အမျိုး သားစည်းလုံးမှု၊ ဇာတိသွေးဇာတိမာန်မြင့်မား မှုတို့ကို မွေးဖွားပေးခဲ့သည်။ အမျိုးသားတက္က သိုလ် ထူထောင်ရေးအတွက် သပိတ်မှောက် ကျောင်းသားများ အစည်းအဝေးထိုင်ကြပြီး ကော်မတီဖွဲ့ကာ ကိုယ်ထူကိုယ်ထအမျိုးသား ကျောင်းပေါင်း ၉၃ ကျောင်းအထိ ဖွင့်လှစ်နိုင် ခဲ့သည်။ လွတ်လပ်ရေးတိုက်ပွဲတစ်လျှောက် ထင်ရှားကျော်ကြားခဲ့သော ဆရာကြီးသခင် ကိုယ်တော်မှိုင်း၊ သခင်ဘသောင်း၊ သခင်မြ၊ သခင်ဖိုးကွန်း (ဗိုလ်ဖိုးကွန်း)၊သခင်ဗဂွမ်း၊ သ ခင်ထွန်းရွှေ၊ သခင်ဗသီး၊ သခင်သာဒင်တို့လို ခေါင်းဆောင်များကို ပေါက်ဖွားပေးခဲ့သည်။
ထိုခေတ်ကပေါ်ပေါက်ခဲ့သော အမျိုးသား ကျောင်းများတွင် အမျိုးသားပညာရေးအတွက် တာဝန်ယူခဲ့ကြသော အမျိုးသားကျောင်း ဆရာ တို့မှာ အစောပိုင်းတွင် လခဟူ၍မရကြ။ ဆီဖိုး ဆန်ဖိုးပင်မပြည့်စုံ၊ ဘဝရပ်တည်ရေးအတွက် ခက်ခဲသော်လည်း အမျိုးသားရေးစိတ်ဓာတ် သက်သက်ဖြင့် အမျိုးသားပညာရေးကို ပြုစု ပျိုးထောင်ပေးခဲ့ကြသည်။
အမျိုးသားပညာရေး ကျောင်းများ နွမ်းပါးလှပုံ၊ ဖြစ်နိုင်လျှင် ရွှေမိုး ငွေမိုးတွေရွာသွန်းဖြိုးပြီး ယူနီဗာစီတီကျောင်း တွေ အများအပြားပင်ဆောက်လိုက်ချင်ပုံ၊ အ မျိုးသားကျောင်းများ အောင်မြင်မှုတို့ကို အင်္ဂ လိပ်တို့က သတိပြုမိလာသောအခါ အချင်းချင်း သွေးကွဲအောင် သွေးထိုးခဲ့သည့်အတွက် လူမ ညီလျှင် မှားကြလိမ့်မည်ဖြစ်ကြောင်းကို ဆရာ ကြီးသခင်ကိုယ်တော်မှိုင်းက ယူနီဗာစီတီဘွဲ့ လေးချိုးတော်ကြီးဖြင့် ယခုလို ဖွဲ့ဆိုသတိပေး ခဲ့သည်။
ယူနီဗာစီတီဘွဲ့ကဗျာ (မဟာလေးချိုးကြီး)
*************************************
(၁)'ဘွိုင်းကောက်' အဖြစ်မှာ၊ မေတ္တာ
အထယ်မသေးသော်လဲ့၊
'မှိုင်း' တစ်ယောက်မစ္စတာ-ချစ်ရာမမယ်
သေးနိုင်ဘု၊
သစ္စာတကယ်သွေးတွေဟဲ့လို့၊ တွေးနဲ့
နောင်ဖို့အလို၊
အိုကွယ်.. ခေတ္တရာနယ်တကြေးဆီက၊
မေးရဲ့မောင်တို့ကို။ ။
(၂)ဪ...ဝေးခရီးကပေမယ့်၊
အရေးကြီးလျှင်ဖြင့်၊ သွေးနီးရာပါစမြဲပေ မို့၊
ဆရာလဲကွာ၊ ပထမအရင်-ကနဦးဆီ က....
မြန်မာ့တခွင်မှာ-သမ္မတရှင်ဘုရင်မလူးခင်ပ၊
'ထ' ဆင်ထူးကို၊ တမြည်မြည်သင်ခဲ့သမို့၊
'ထီ' မထင် ကျောင်းတော်သားတွေရဲ့၊
အမည်အစဉ်မှာ-ခေါင်းအပေါ်များတွင် မှ..
မင်းရို့ဆရာကို စာရင်းတို့ကာ ထားလိုက်
ကြပေတော့၊
ဪ...ဘုရား၊ သိကြားတွေ မလို့မို့၊
အများဝေနေယျတို့ဖို့ ..
အရှေသမယ,ပဝေ,သရေခေတ်ဆီက၊
ရွှေငွေဖြစ်သူ 'ဆရာအောင်' ရဲ့ပြင်၊
မြန်မာဘောင် ပေါက္ကံတိုင်းတွင်မှ၊ သမိုင်း
တစ်စောင်သစ်ခဲ့တဲ့၊
အဇ္ဇဂေါဏာ၊ ဆရာရှင်မထီးတို့လိုပ၊
ဖြစ်ကြသောအခါ၊ တာအဝင်မှာ ပြီးစေဖို့၊
ခရီးသည်ရောက်ရာ ကြိုးခဲ့တယ်၊
အမျိုးအတွက်-သဒ္ဓါတရကိုယ်ပါနော်ကွယ်၊
မြိုးမြိုးမျက်မျက်၊ အကျိုးနက်စေဖို့၊ ထိုး
ရက်ပါကို။ ။
(၃) အနှစ်တစ်ထောင်ရှည်စွာ၊ နေစရာ
တစ်မျိုးရယ်လို့၊ မဖြစ်ဖြစ်အောင်, သေသေချာချာ ထိုးရ
ပါတော့၊
ရွှေငွေအသပြာမိုးတွေနဲ့၊ သွန်းဖြိုးဗြဟ္မ စိုရ်။
အစွန်းတန်ခိုးထိုထိုရယ်နှင်-ကရုဏာ,
မေတ္တာပွား၊
အိုကွယ်...လွန်းမိုးတညိုညိုရယ်နှင့်,
သမုဒယသစ္စာတရား။ ။
(၄) 'မှိုင်း' ဟဲ့နော်၊ တိုင်းနဲ့မြေပေါ်မဖြင့်၊
ကသိုင်းနဲ့ဖြေဖျော်တဲ့၊ တဇေယော်-အထိ
ကရတစ်ပါးပေပေါ့၊
ကဝေအကျော်, အမော်မှာ, တပည့်မတွေ
ကလဲ များချိန်မို့၊
အစိအငှသွားကာ၊ ဆန်ကိုခံကြတော့၊
ယမန်ဟိုပုဂံ၊ သရေခေတ္တရာတို့လို၊
ရွှေတွေ, ငွေတွေဖြစ်လျှင်ဖြင့်၊
အရှေချစ်မကွယ်-သဒ္ဓါပေါက်သူက၊
ပြည်ခေတ်အနယ်နယ်၊ နဂရာတစ်လျှောက်
မှာလ...
အမယ်မင်း...နောက်တစ်သိုက်-ဇမ္ဗူ
ဒီမြန်မာသားတွေမဖြင့်...
ဪ...အမြှောက်ကြိုက်ကြိုက်ပြီး၊ အ
ချောက်တိုက်နဲ့-
လူမညီပါလျှင်ဖြင့်,မှားကြလိမ့်မထင့်..
အို ဘေဒါရီရဲ့၊ မြှောက်လိုက်မကွဲ့ ..
မောက်လိုက်မဟဲ့လို့ ...
ဆောက်လိုက်မယ့် ယူနီဘာစီတီတွေအ များ။ ။
ဆိုရလျှင် အင်္ဂလိပ်တို့ကသင်ပေးသော တက္ကသိုလ်ပညာရေးသည် ၎င်းတို့၏ ဗျူရိုက ရေစီယန္တရားလည်ပတ်ရေးအတွက် အင်္ဂလိပ် ပညာတတ်များမွေးထုတ်ရေး ကျွန်ပညာရေး ကိုသာဦးတည်ခဲ့ပြီး မြန်မာအမျိုးသားပညာရေး ကျောင်းများမှာမူ မြန်မာ့ပညာရေး၊ ဇာတိသွေး ဇာတိမာန်ကိုတက်စေထက်စေသော သခင် ပညာရေးကို သင်ကြားပေးခဲ့သည့်အတွက် အ မျိုးသားရေး အမွေကိုဆက်ခံကာ လွတ်လပ်ရေး အထိ ရယူဆောင်ကြဉ်းပေးခဲ့သည့် ဒုတိယ ကျောင်းသားမျိုးဆက်ကို ပေါက်ဖွားပေးနိုင်ခဲ့ သည်ကို တွေ့ရပါသည်။
ပထမကျောင်းသားသပိတ်မှ ပေါက်ဖွား ခဲ့သော အမျိုးသားပညာရေးကျောင်းများမှ သည် ဒုတိယကျောင်းသားသပိတ်ဖြစ်သော ၁၉၃၆ ခုနှစ် ဒုတိယကျောင်းသားမျိုးဆက်များ ကို ပေါက်ဖွားပေးခဲ့သည်။ ဦးရာဇတ်၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်းနှင့် ဗိုလ်ချုပ်အောင် ဆန်းလို အာဇာနည်ခေါင်းဆောင်များကို ပေါ် ထွန်းစေခြင်းဖြင့် မြန်မာ့လွတ်လပ်ရေးကို အရ ယူပေးနိုင်ခဲ့သည်။
၁၉၂၁ ခုနှစ် အောက်တိုဘာ ၂၁ ရက်မှ ၂၄ ရက် (၁၂၈၃ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၅ ရက်မှ ၈ ရက်)အထိ နဝမအကြိမ်မြောက် ဂျီစီဘီအေမြန်မာအသင်းချုပ် နှစ်ပတ်လည် ကွန်ဖရင့်ကို မန္တလေးမြို့တွင် ကျင်းပသည်။ ကွန်ဖရင့်သို့ မြန်မာအမျိုးသမီးအဖွဲ့များအပါအဝင် အသင်းခွဲပေါင်း ၁၀၀၀၀ ကျော်မှ ပရိ သတ် ၁၀၀၀၀၀ ကျော်တက်ရောက်ခဲ့ပြီး ဆရာ ကြီးသခင်ကိုယ်တော်မှိုင်းက ဂုဏ်ပြုဩဘာစာ ဖတ်ကြားကာ ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ ကွန်ဖရင့်ကြီးမှ အမျိုးသားနေ့တစ်နေ့ကို ရွေး ချယ်သတ်မှတ်ရန် General Council သို့ တာ ဝန်ပေးချက်အရ ၁၉၂၂ ခုနှစ် ဇွန်လ ၁ရ ရက် (၁၂၈၄ ခုနှစ် နယုန်လပြည့်ကျော် ၈ ရက်)တွင်ကျင်းပသော ဂျီစီဘီအေအသင်းချုပ် General Council ၏ အထူးအစည်း အဝေးကြီး မှ တက္ကသိုလ်ကျောင်းသားများ သပိတ်မှောက် သောနေ့ (တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်)ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ပေး ခဲ့သည်။
၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ် မှောက်စဉ်က ခုနစ်တန်းတွင်ပညာသင်ကြား နေဆဲဖြစ်သော ကဗျာစာဆို ဆရာဇော်ဂျီသည် ၁၉၂၄ ခုနှစ်၊ အသက် ၁၆ နှစ်အရွယ်တွင် တက္ကသိုလ်ရောက်ရှိလာပြီး ပညာသင်ယူစဉ် ဝံသယုဝမဂ္ဂဇင်း၌ အမျိုးသားအောင်ပွဲနေ့ မင်္ဂလာပိုဒ်စုံရတုကို ရေးသားဖော်ပြခဲ့ရာ စာ ဖတ်သူများအတွက် (၉၅) နှစ်မြောက် အမျိုး သားနေ့ဂုဏ်ပြုအဖြစ် ဖော်ပြအပ်ပါသတည်း။
အမျိုးသားအောင်ပွဲနေ့ မင်္ဂလာပိုဒ်စုံရတု
+++++++++++++++++++++++++++++
ဘွေကောင်းခေါင်ယံ၊ နိတုံစံသို့၊ ဖန်ဝါ ရောင်ဝင်း၊ မိုက်မှောင်ခွင်းသည့်၊ နေမင်းတရ ထည်၊ ဆွေအကြည်လျှင်၊ ကျင့်ရည်ပြည့်စုံ၊ သွယ်သွယ်ဂုဏ်နှင့်၊ လောက်လုံအဝ၊ မင်းသမ္မ တ၏၊ ဝွသနွယ်လာ၊ ဘိရာဇာမှ၊ ရေကာတွက်စီ၊ နှစ်ရာချီ၍၊ သုံးလီဒသ၊ မင်းသတ္တတို့၊ တည်စ (တကောင်း)၊ မြန့်သောင်း(ခေတ္တယံ)၊ မြို့(ပုဂံ) တည့်၊ ဌာနံ(မြင်စိုင်း)၊ (စစ်ကိုင်း)(ပင်းယ)၊ (အင်းဝ) သာစည်၊ (တောင်ငူ)(ပြည်)နှင့်၊ ဇာ နည်ဘုန်းတန်း၊ (ကုန်းဘောင်)နန်းကို၊ သိမ်း မြန်းဆက်ခံ၊ မတ်ပေါင်းရံလျက်၊ ကဒဏ်ရွှေချူ၊ ထီးပစ္စူဖြင့်၊ ရိပ်ဖြူဆောင်းကာ၊ စိုးအုပ်လာ သည်။ ။ မြန်မာတို့သွေး ထောက်ချင့်ဘွေး။
နေဒေါင်းတောင်ပံ ၊ သကုဏံနှင့်၊ ဝဲပျံလူး ခတ်၊ ဝဠာရပ်မှ၊ နံဓာတ်ပျက်ကြွေ၊ ဂြိုဟ်ဆိုးမွှေ လျက်၊ ရဝေဦးကင်၊ ကြငှန်းစဉ်နှင့်၊ ပလ္လင်တိမ် ပျောက်၊ ဗြိတိန်အောက်သို့၊ ကံလျှောက်ကြမ္မာ၊ ကျခဲ့ရှာ၍၊ ကောဇာသက္ကရာဇ်၊ တွက်ဖွဲ့စစ်သော်၊ ထောင်နှစ် ရှစ်ဆယ်၊ နှစ်နှစ်ကယ်၌ ချိန်ဝယ် သရဒ၊ ဆောင်မုန်းလ၏၊ ပက္ခဆုတ်ကျော်၊ ဆယ် ရက်မော်တွင်၊ ကျောင်းတော်သိပ္ပံ၊ နေဗိမာန် မှ၊ နည်းစံဆုံးတမ်း၊ ဥပဒေကြမ်းကို၊ နှစ်ဝမ်းမ ကြည်၊ နောင်အရှည်ဖို့၊ မျှော်ရည်စိတ်ထား၊ ကျောင်းတော်သားတို့၊ စိတ်အားမာန် တက်၊ ဖယ်ကြဉ်ထွက်ခဲ့၊ ဘဝဂ်အာကာ၊ သိမ့်သိမ့်ငြာ သည်။ ။ ဝံသာဖို့ရေး၊ ပျောက်လွင့်အေး။
ရွှေမောင်းရောင် လျှံ၊ ဓာတ်မွေဆံတို့၊ ပျော် စံဝပ်ကိန်း၊ မျက်စံလိန်းလျက်၊ တစ်သိန်းလော ကဓာတ်၊ သုံးလူနတ်လျှင်၊ တွားညွတ်လက်စုံ ၊ ရှိဦးလှုံရာ၊ တိဂုံယင်္ဂဏ၊ စေတီယ၌၊ မောရဝံ သံ၊ ဇာတိမာန်နှင့်၊ ဟိတ်ခံတန်ခိုး၊ မနွမ်းညှိုး အောင် ၊ ငြမ်းထိုးသဖွယ်၊ နေရှင်နယ်ဟု၊ တိမ် ကွယ်မမေ့၊ ဤချိန်စေ့က၊ ဤနေ့မင်္ဂလာ၊ ဤ အခါတွင်၊ ရွှင်သာနှစ်ထောင်း၊ ခြိမ့်ခြိမ့်ညောင်း လျက်၊ ပန်းပေါင်းအမွန်၊ အောင်တံခွန်နှင့်၊ ပန်းတင်သီးသီး၊ သင်းချပ်တီးသို့၊ မြန့်ထီးတစ် ခွင်၊ လွတ်လပ်ယာဉ်၌၊ လျင်လျင်ဆောစွာ၊ ဆောင်ပို့ရာသည်။ ။ စံရာတို့ကျေး မြှောက်ပင့် ပေး ။ ။
ဇော်ဂျီ
(မဟာလေးချိုးကြီးနှင့် မင်္ဂလာပိုဒ်စုံရတုပါ သတ်ပုံများသည် ထိုခေတ်ကသတ်ပုံအတိုင်း ဖြစ်ပါသည်။)
ဝံသယုဝမဂ္ဂဇင်း အတွဲ(၁)၊ အမှတ် ၁၊ ၁၉၂၄
ရည်ညွှန်း -
(၁) တို့ဗမာအစည်းအရုံးသမိုင်း (ပ+ဒု)
(၂) အနှစ်ချုပ်မြန်မာ့သမိုင်းအဘိဓာန်
ဒုတိယတွဲ(သန်းဝင်းလှိုင်)
(၃) အင်တာနက် ဝက်ဘ်ဆိုက်စာမျက်နှာများ
#Democracytoday
(ပုံညွှန်း)
၂၀၂ဝပြည့်နှစ်က တက္ကသိုလ်ဥပဒေကြမ်းကိုကန့်ကွက်သည့် လူထုအစည်းအဝေးကြီးကျင်းပခဲ့ရာ ရန်ကုန်မြို့ရွှေ တိဂုံဘုရားလမ်းတွင်တည်ရှိခဲ့သော ဂျူဗလီဟောကို တွေ့ရစဉ်။ (ဂျူဗလီဟောကို ဖြိုဖျက်ခဲ့သဖြင့် ယခုအခါမရှိတော့ပြီ)
အမျိုးသားရွှေရတုသဘင်ကျင်းပရာ မြေပဒေသာကျွန်းတွင် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် သဗိတ်မှောက်ကျောင်းသားခေါင်းဆောင်များ၊
ကျောင်းသားဟောင်းကြီးများအား တွေ့ရစဉ်။
No comments:
Post a Comment