ပြည်သူ့ပိုက်ဆံတွေကို စတော့အိတ်ချိန်းကအမှန်တကယ် တိုးစေမှာလား
***********************************************************************
သက်နှင်း ၊ စိုးချစ်ချစ်ပိုင် ရေးသည်။
လက်ထဲမှာစုဆောင်းထားတဲ့ ငွေကြေးအ နည်းငယ်ကိုတိုးပွားစေဖို့အတွက် ဘယ် လိုလုပ်ရမလဲဆိုတာ ဦးအောင်ကိုတစ် ယောက် တွေးတောနေခဲ့တာ နေ့နေ့ညည ကြာခဲ့ပါပြီ။ အခု လူတွေပြောပြောနေလို့ကြားနေရတဲ့ စတော့အိတ် ချိန်းဆိုတာက ငွေအရင်းအနှီးတိုးပွားအောင်လုပ်ဆောင် ပေးမယ့် ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲလို့သိထားပြီး စိတ်ဝင် စားပေမယ့် မိမိလက်ထဲကပိုက်ဆံလေး တိုးပွားလာလေ မလား၊ ဆုံးရှုံးသွားမလားဆိုတာ ပဲခူးဒေသခံတစ်ဦးဖြစ် သူ အသက် ၄၃နှစ်အရွယ် ဦးအောင်ကိုတစ်ယောက် ဝေခွဲမရပါ။
''အရင်တုန်းကဆိုရင် ပိုက်ဆံလေးလက်ထဲ ရှိလာရင် ဘဏ်မှာသွားအပ်ပေမယ့် အတိုးနှုန်းနည်းပြီး တခြားလဲ ဘာလုပ်ရမှန်းမသိတော့ ခေါင်းအုံးအောက် ထားမယ့်အတူတူ ဘဏ်မှာပဲအပ်ထားတယ်။ နောက် တော့ မိတ်ဆွေတချို့လုပ်သလို အများပိုင်ကုမ္ပဏီတွေ က ရှယ်ယာတွေဝယ်ပြီး စွန့်စားကြည့်တယ်။ အဲဒါက လဲ တစ်နှစ်တစ်ခါ အမြတ်ခွဲဝေရတာဆိုတော့ သိပ်ပြီး တွက်ခြေမကိုက်ဘူးပေါ့။ အခုလဲ စတော့ရှယ်ယာမှာ ထပ်ပြီး စွန့်စားကြည့်ဦးမယ်''လို့ လယ်ယာထွက်ကုန် ပစ္စည်းများရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူ ဦး အောင်ကို သူ့ရဲ့အတွေးကိုပြောပြပါတယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်များစွာက ရှယ် ယာအရောင်းအဝယ်ဈေးကွက်ရှိခဲ့ပြီး အများပိုင်ကုမ္ပဏီ တွေကရောင်းချတဲ့ ရှယ်ယာတွေကို ပြည်သူတွေဝယ် ယူပြီးတော့ အမြတ်အစွန်းရရှိရင် ပြန်ရောင်းချခြင်းနဲ့ ကုမ္ပဏီကရလာတဲ့အမြတ်အစွန်းတွေကို တစ်နှစ်တစ်ခါ ပြန်လည်ခွဲဝေပေးခြင်း စတဲ့အကျိုးတွေကို ခံစားရပြီး ပြည်သူတွေကလည်း ရှယ်ယာတွေဝယ်ယူအားပေးမှု များ ပြားပါတယ်။
''အရင်ကတော့ အများပိုင်ကုမ္ပဏီကထုတ် ရောင်းတဲ့ရှယ်ယာကိုဝယ်ထားပြီး ကိုယ်ပြန်ရောင်းချင် တဲ့အခါ ကုမ္ပဏီကိုပြန်အကြောင်းကြားရတယ်။ နောက် တစ်နှစ်တစ်ခါ အမြတ်အစွန်းတွေကို ပြန်ခွဲဝေပေးတော့ ရှယ်ယာရှင်တစ်ယောက်အနေနဲ့ အမြတ်ငွေရပေမယ့် များပြားတဲ့ပမာဏတော့မဟုတ်ပါဘူး''လို့ FMI လုပ် ငန်းစုမှ ရှယ်ယာများဝယ်ယူထားသူ ဦးဝင်းကပြောပါ တယ်။
ဒီဇင်ဘာ ၉ရက်ကစပြီး မြန်မာနိုင်ငံဟာ စတော့ အိတ်ချိန်းဈေးကွက်ရှိတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည် နိုင်တော့မှာပါ။ စတော့ဆိုတာကတော့ ကုမ္ပဏီရဲ့ပိုင် ဆိုင်ခွင့် (Equity) အစိတ်အပိုင်းကိုပေးထားတဲ့ စာချုပ် လေးတစ်ခုဖြစ်ပြီးတော့ အဲဒီကုမ္ပဏီကထုတ်ဝေရောင်း ချတဲ့ ရှယ်ယာကိုဝယ်ယူထားရင် ကုမ္ပဏီရှယ်ယာဝင် တစ်ယောက်အဖြစ် တစ်စိတ်တစ်ပိုင်းပါဝင်နေမှာဖြစ် ပါတယ်။ ကုမ္ပဏီကမြတ်ရင် ထိုက်သင့်တဲ့အကျိုးခံစား ခွင့်ရှိတာကြောင့် ရင်းနှီးမြှုပ်နှံတဲ့ ပြည်သူများအနေနဲ့ ကုမ္ပဏီရဲ့အလားအလာများကိုလေ့လာပြီးမှ ရှယ်ယာ ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံဖို့လိုပါတယ်။ လက်ထဲမှာငွေရှိ နေပြီး စတော့ရှယ်ယာအရောင်းအဝယ်လုပ်ချင်သူများ အနေနှင့် ကျွမ်းကျင်နားလည်သူများနှင့်တိုင်ပင်ပြီး ရှယ် ယာအရောင်းအဝယ်ပြုလုပ်မှသာ ဆုံးရှုံးမှုကိုကာကွယ် နိုင်လိမ့်မှာဖြစ်တာလို့ ငွေကြေးကျွမ်းကျင်သူများက သုံး သပ်ပြောဆိုပါတယ်။
''စတော့ရှယ်ယာဆိုတာ ကုမ္ပဏီတစ်ခုတည်း ရဲ့အရှုံးအမြတ်ပေါ်မှာပဲ မူတည်နေတာမဟုတ်ဘူး။ ကမ္ဘာ့ ရေနံဈေးအတက်အကျရှိရင် အစိုးရအပြောင်းအလဲဖြစ် ရင် နိုင်ငံတစ်ခုမှာစစ်ဖြစ်ရင် နိုင်ငံတစ်ခုက ငွေတန်ဖိုး အတက်အကျဖြစ်ရင် စတဲ့အကြောင်းပေါင်းဆုံလာရင် လဲ စတော့ရှယ်ယာဈေးကို အတက်အကျဖြစ်စေပါတယ်။ ဒါကြောင့် အဲဒါတွေတတ်တဲ့ပညာရှင် Expert မဟုတ် တဲ့လူတစ်ယောက်ဟာ မိမိဘာသာ စတော့ရှယ်ယာဝယ်ရောင်းဖို့ဆိုတာမဖြစ်နိုင်ပါဘူး''လို့ စီးပွားရေးပညာ ရှင်တစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာစတင်တော့မယ့် ရန်ကုန်စတော့ အိတ်ချိန်းအတွက် ကုမ္ပဏီငါးခုလောက်နဲ့စတင်ဖို့အတွက် လုပ်ဆောင်နေပြီး အဲဒီကုမ္ပဏီငါးခုကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ရှယ်ယာပိုင်းဆိုင်ရာအတွေ့အကြံတွေ ရှိခဲ့တဲ့ကုမ္ပဏီတွေဖြစ်တယ်လို့ပြောထားတာကြောင့် ရိုးမ ကုမ္ပဏီလုပ်ငန်းအုပ်စု၊ မြန်မာနိုင်ငံသားများဘဏ်၊ အာရှ ဖွံ့ဖြိုးရေးအများပိုင်ဘဏ်၊ မြန်မာ့လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းပါဝင်နိုင်ကြောင်း ခန့်မှန်းပြော ဆိုကြပါတယ်။
ရန်ကုန်စတော့အိတ်ချိန်းအကောင်အထည် ဖော်ဆောင်ဖို့ကို ကာလကြာမြင့်စွာဆောင်ရွက်ခဲ့ရပြီး လိုအပ်တဲ့ ဥပဒေနဲ့နည်းဥပဒေတွေပြဋ္ဌာန်းပြီးတဲ့နောက် မှာ ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်း ဝယ်ရေးဥပဒေနဲ့အညီဖြစ်လာစေဖို့လုပ်ဆောင်ခဲ့ပြီး စတော့အိတ်ချိန်းမှာမှတ်ပုံတင်ပြီး အစုရှယ်ယာရောင်း ချမယ့် အများပိုင်ကုမ္ပဏီတွေရဲ့ စံနှုန်းသတ်မှတ်ချက် ၁၇ ချက်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
၂ဝ၁၂ ခုနှစ်အတွင်းမှာ ငွေအရင်းအနှီးဈေး ကွက်အဖြစ် စတော့အိတ်ချိန်းကို စတင်လုပ်ဆောင်ခဲ့ ပြီး ကုမ္ပဏီများအနေဖြင့် ယခင်ကလုပ်ငန်းတွင် ရင်းနှီး မြှုပ်နှံရန်ငွေလိုအပ်ပါက လုပ်ထုံးလုပ်နည်းအဆင့်များ စွာဖြင့် ဘဏ်များတွင်သွားရောက်ချေးရခြင်း၊ အတိုး နှုန်းမြင့်မားစွာပေးရခြင်းတို့ကို စတော့ရှယ်ယာဈေးကွက် ပေါ်ပေါက်လာပါက လုပ်ငန်းအတွက်လိုအပ်သည့်ငွေ ကို ရှယ်ယာထုတ်ရောင်းချခြင်းဖြင့် ငွေပေါ်နိုင်မည်ဖြစ် ပြီး ငွေပိုငွေလျှံရှိသူများအနေဖြင့်လည်း ရင်းနှီးမြှုပ်နှံရန် အဆင်ပြေနိုင်မှာဖြစ်ပါတယ်။
''ဖွင့်မယ့်နေ့မှာ ရှယ်ယာထုတ်ရောင်းခွင့်ရ မယ့်ကုမ္ပဏီတွေရဲ့စာရင်းကို ကြေညာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အကောင်းဆုံးသောကုမ္ပဏီတွေကိုရွေး ချယ်ထားတဲ့ ကုမ္ပဏီစာရင်း လောလောဆယ်ငါးခုရှိ ပါတယ်။ နောက်ထပ်တိုးဖို့လဲ ရှိပါတယ်။ ကုမ္ပဏီတွေ ရွေးချယ်တဲ့အခါမှာလဲ သူတို့ရဲ့နောက်ခံအခြေအနေကို သေချာကြည့်ပြီး ရွေးချယ်တယ်။ ပြီးတော့ လုပ်ငန်းမျိုးစုံ ပါဝင်အောင် အတတ်နိုင်ဆုံးရွေးထားပါတယ်''လို့ မြန်မာ့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်မှုကော် မရှင်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောပါတယ်။
ရန်ကုန်စတော့အိတ်ချိန်း (YSX) ကို ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်က ၅၁ ရာခိုင် နှုန်း၊ ဂျပန်နိုင်ငံဘက်က Japan Stock Exchange Group နဲ့ Daiwa Securities Group ရဲ့လုပ်ငန်းခွဲ တစ်ခုဖြစ်တဲ့ Daiwa Research Institute တို့က ၄၁ ရာခိုင်နှုန်းပါဝင်တဲ့ ရန်ကုန်စတော့အိတ်ချိန်းဖက်စပ် လီမိတက်က ပိုင်ဆိုင်ပါတယ်။ ငွေချေးသက်သေခံလက် မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အောက်မှာရှိပြီး ကျပ် ၃၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၁ သန်း) မတည်ရင်းနှီးထားပါတယ်။
စတော့အိတ်ချိန်းတစ်ခုမှာ ပါဝင်ရမယ့်သူတွေ ကတော့ စာရင်းဝင်ပြီး ရှယ်ယာထုတ်ရောင်းမယ့်ကုမ္ပ ဏီတွေနဲ့ အဲဒီကုမ္ပဏီတွေကို ကူညီရောင်းချပေးမယ့် Security ကုမ္ပဏီများနဲ့ ရှယ်ယာတွေကို ဝယ်ယူကြမယ့် ပြည်သူတွေဖြစ်ပါတယ်။
'
'တရုတ်နိုင်ငံမှာတော့ စီးပွားရေးကအောင် မြင်ပေမယ့် စတော့အိတ်ချိန်းကမအောင်မြင်ဘူး။ စတော့ အိတ်ချိန်းအောင်မြင်ဖို့အတွက်က ဥပဒေ၊ စည်းမျဉ်း စည်းကမ်းတွေ လိုက်နာဖို့လိုတယ်။ လိုက်နာရမယ့်စည်း မျဉ်းစည်းကမ်းတွေ အများကြီးရှိနေမယ့်အစား ရှိနေတဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းက လူတိုင်းနားလည်နိုင်ဖို့ အလွယ်တကူလိုက်နာနိုင်ဖို့လိုမယ်။ ကုမ္ပဏီတစ်ခုက လိုက်နာဖို့ခက်ခဲနေမယ်ဆိုရင် နားမလည်ဘူးဆိုရင် လူ တွေကလိုက်နာမှု အားနည်းလာမယ်။ ဥပဒေတွေက ကျစ်ကျစ်လျစ်လျစ်နဲ့ လွယ်လွယ်ကူကူလိုက်နာနိုင်ဖို့လို တယ်။ မားကက် တဖြည်းဖြည်းတိုးတက်လာမှ ဥပဒေ တွေစည်းမျဉ်းစည်းကမ်းတွေ ထပ်ချမှတ်ပေးလို့ရတယ်'' လို့ THURA SWISS ကုမ္ပဏီမှစီအီးအို ဒေါက်တာ အောင်သူရက ပြောပါတယ်။
စတော့ရှယ်ယာဈေးကွက်ပေါ်ပေါက်လာ ပါက ယခင်အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံထား သူများအနေဖြင့် စတော့အိတ်ချိန်းဘက်သို့ ရင်းနှီးမြှုပ် နှံလာကြောင်းနှင့် ငွေမည်းများကို စတော့ဈေးကွက်သို့ ဝင်ရောက်ပြီး ငွေဖြူလုပ်သည့် အန္တရာယ်များလည်းရှိ လာနိုင်ကြောင်း ဒေါက်တာအောင်သူရကပြောပါတယ်။
''စတော့အိတ်ချိန်းက အရောင်းအဝယ်မှာ အခွန်ပေးဆောင်ရတာတွေ ကုန်ကျစရိတ်အရမ်းများ နေမယ်ဆိုရင် အများအားဖြင့်အဆင်မပြေဘူး။ အများ သဖြင့် စတော့အိတ်ချိန်းမှာ အရောင်းအဝယ်လုပ်တဲ့ အချိန်မှာcommercial Tax ဆိုတာ တိုင်းပြည်တော် တော်များများမှာ မရှိဘူး။ တကယ်ဝယ်သင့်မဝယ်သင့် စဉ်းစားလာနိုင်တယ်။ နာမည်ခံပြီးပြောင်းတာတွေ ဖြစ် လာမယ်။ ဒီဈေးကွက်က လွယ်လွယ်ကူကူအရောင်းအ ဝယ်လုပ်နိုင်မှ အောင်မြင်မှာ။ ဝယ်ပြီးရောင်းပြီး အခွန် အများကြီးဆောင်ရတယ်ဆိုရင် သိပ်မလုပ်ချင်ကြဘူး'' လို့ သူက ဆက်ပြောပါတယ်။
စတော့အိတ်ချိန်းပေါ်ပေါက်လာပါက သတ်မှတ် ထားသည့် ဥပဒေစည်းမျဉ်းစည်းကမ်းများကို လိုက်နာဖို့လို ပြီး ဥပဒေအတိုင်း အရေးယူရန်လိုအပ်ကြောင်းနှင့် စည်းမျဉ်း စည်းကမ်းဖောက်ဖျက်ပါက အရေးယူမှုမရှိခဲ့လျှင် ရင်းနှီးမြှုပ် နှံထားသော ပြည်သူများအတွက် စတော့ရှယ်ယာဈေးကွက် ကို ယုံကြည်မှုပျက်သွားနိုင်ကြောင်း ¤င်းကပြောပါတယ်။ ရှယ်ယာတစ်ခု မဝယ်ခင်မှာ ရင်းနှီးမြှုပ်နှံသောစာရင်းတင် ကုမ္ပဏီများ၏ ပေါက်ဈေးနှုန်းများကို ထုတ်ပြန်ရမည်ဖြစ်သည့် အတွက် ရှယ်ယာဝယ်ယူလိုသူက စာရင်းဝင်ကုမ္ပဏီတွေဆီ က တိုက်ရိုက်ဝယ်ယူလို့မရဘဲ တစ်ဆင့်ကြားခံ Security ကုမ္ပဏီတွေကတစ်ဆင့် အကောင့်ဖွင့်ပြီး ရှယ်ယာအရောင်း အဝယ်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ရှယ်ယာဝယ်မယ်ဆိုရင် ဆင်ခြင်ရမယ့်အချက်အနေနဲ့ ကုမ္ပဏီကို လေ့လာဖို့လိုပြီး စတော့ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံခြင်းက ဘဏ်မှာငွေအပ်တာ ထက် ပိုပြီးဆုံးရှုံးနိုင်မှုများကြောင်း ဒေါက်တာအောင်သူရ က ပြောပါတယ်။
''အခုပေါ်ပေါက်လာမယ့် စတော့အိတ်ချိန်းမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် လေ့လာနေတယ်။ ရင်းနှီးမြှုပ်နှံဖို့လဲ စိတ်ဝင်စားပါတယ်။ အားနည်းချက်တစ်ချို့လဲ တွေ့ပါတယ်။ တစ်ခုပဲစိုးရိမ်တာက နိုင်ငံခြားသားတွေပါ စတော့ရှယ်ယာ ဝယ်ခွင့်ပြုလိုက်ရင် သူတို့က အတွေ့အကြုံရှိပြီးသားတွေဆို တော့ မြန်မာနိုင်ငံသားတွေက အခုမှစလုပ်ကိုင်ကြမှာဖြစ် တဲ့အတွက် အတွေ့အကြုံသိပ်မရှိသေးတာကြောင့် ခံလိုက် ရမှာစိုးတယ်''လို့ ကုန်သွယ်မှုညွှန်ကြားရေးဦးစီးဌာနက အ ရာရှိတစ်ဦးကပြောပါတယ်။
နိုင်ငံခြားသားများကို စတော့ရှယ်ယာဝယ်ယူခွင့် နှင့်ပတ်သက်ပြီး ခွင့်မပြုသေးဘဲ လက်ရှိပြင်ဆင်နေသော ကုမ္ပဏီဥပဒေပြင်ဆင်ပြီးမှသာ ရှယ်ယာဝယ်ယူခွင့်ပေးသွား မည်ဖြစ်ပြီး အစိုးရသစ်လက်ထက်တွင်သာ ဖြစ်နိုင်ကြောင်း ဒေါက်တာမောင်မောင်သိမ်းက ပြောပါတယ်။
မြန်မာနိုင်ငံတွင် ရှယ်ယာအရောင်းအဝယ်လုပ် ဆောင်ခြင်းကို ယခင်ကတည်းက လုပ်ဆောင်ခဲ့ကြသည့်အ တွက် အတွေ့အကြုံများရှိနေပြီး ကုမ္ပဏီဒေဝါလီခံရန်အကြောင်း မရှိနိုင်ကြောင်း၊ ယခုလ ၉ရက်တွင် ရန်ကုန်စတော့အိတ်ချိန်း ဖွင့်ပွဲပြုလုပ်ပြီး လုပ်ငန်းလည်ပတ်မှုမှာ ၂ဝ၁၆ ခုနှစ်အတွင်း မှသာ စတင်နိုင်မည်ဖြစ်ကြောင်း ယင်းက ဆက်ပြောပါတယ်။
နိုင်ငံအတွင်း စတော့ရှယ်ယာစနစ် ရှိနေခြင်း ကြောင့် ငွေကြေးလက်ဝယ်ရှိသူများ ဘဏ်များတွင် ငွေကြေး စုဆောင်းခြင်းထက် ကုမ္ပဏီများမှထုတ်ဝေသော ရှယ်ယာ များကို ဝယ်ယူရင်းနှီးသဖြင့် မိမိတို့ငွေကြေးများ လုပ်ငန်းများ သို့ တိုက်ရိုက်ရောက်ရှိသွားစေခြင်း၊ ပြည်သူလူထုအတွင်း လှည့်လည်နေသော ငွေကြေးလည်ပတ်မှုကို လျော့ကျစေ သဖြင့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ကြောင်း သိရပါ တယ်။ ယခင်က ရောင်းချနေကြသော Over The Counter Market (စတော့ဈေးကွက်ဒိုင်များတွင် စာရင်းမဝင်ဘဲ ရင်း နှီးမြှုပ်နှံမှု စာချုပ်စာတမ်းများကို အရောင်းအဝယ်ပြုလုပ်သူ များ၏ဈေးကွက်)မှာ တရားမဝင် ဖြစ်သွားနိုင်ကြောင်းနှင့် ရှယ် ယာအရောင်းအဝယ်လုပ်လိုပါက တရားဝင်ဖွင့်လှစ်ထားသော စတော့အိတ်ချိန်းတွင်သာ ပြုလုပ်ကြရမှာဖြစ်ပါတယ်။
''စတော့မားကက်မပေါ်သေးဘဲ OTC ဈေးကွက် ဖျက်လို့မရဘူး။ တကယ်စိတ်ချရတဲ့ကုမ္ပဏီတွေက OTC Market ကနေ စတော့အိတ်ချိန်းကိုပြောင်းလာမှာ။ အရင်က ဆိုရင် အများပိုင်ကုမ္ပဏီတစ်ခုက ရှယ်ယာတွေဝယ်ပြီးလို့ ပြန်ရောင်းဖို့ အရမ်းခက်တယ်။ စတော့မားကက်ပေါ်လာရင် အများပိုင်ကုမ္ပဏီတွေလဲ တစ်စတစ်စပိုများလာမယ်။ ရင်း နှီးမြှုပ်နှံရမယ့်နေရာတွေ အခွင့်အရေးတွေပိုများလာမယ်''လို့ ဒေါက်တာအောင်သူရက ပြောပါတယ်။
မြန်မာပြည်သူတွေထဲက အိမ်ခြံမြေ၊ ကားတွေ၊ ရွှေ၊ ဒေါ်လာ စတဲ့ ရင်းနှီးမြှုပ်နှံမှုပုံစံကနေခွဲထွက်ပြီး စတော့ အိတ်ချိန်းမှာ ရင်းနှီးမြှုပ်နှံပြီးရရှိလာမယ့် အကျိုးအမြတ်ကို စိတ်ဝင်တစား တွက်ချက်လာကြပါပြီ။
မြန်မာ့စတော့အိတ်ချိန်းဟာ ဘယ်လောက်အထိ အောင်မြင်မှုရနိုင်မလဲဆိုတာနဲ့ ပြည်သူတွေရဲ့ အိပ်နေတဲ့ ပိုက်ဆံတွေကို ဆွဲထုတ်ပြီး ဘယ်လောက်တိုးပွားအောင် လုပ် ပေးမလဲဆိုတာ မကြာခင်ကာလမှာ တွေ့ရှိလာရတော့မှာပါ။
''တကယ်လို့ စတော့ရှယ်ယာ ဝယ်ခွင့်ရမယ်ဆိုရင် တော့ ကျွန်တော့်လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ လယ်ယာလုပ် ငန်းနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီကပဲဝယ်ဖြစ်မယ်'' လို့ ဦးအောင် ကိုက သူ့မျှော်လင့်ချက်ကို ပြောပြခဲ့ပါတယ်။ ။
(Flower News Journal, 11-47)
No comments:
Post a Comment